Features Local News political news

မြေနေရာ ၅၁ ခု၊ ဆိုင်ခန်း ၁၅၅ ခု၊ ယာဉ်ရပ်နားစခန်း ၁၂ ခု၊ လက်ဝယ် သိန်းပေါင်း ကိုးသောင်း၊ လစဉ်ဝင်ငွေ သိန်း ၉၀၀၀ ခန့်ရှိနေသော YRTA ငွေသုံးစွဲမှု လျှို့ဝှက်နေသင့်လား အပိုင်း ( ၁)

မြေနေရာ ၅၁ ခု၊ ဆိုင်ခန်း ၁၅၅ ခု၊ ယာဉ်ရပ်နားစခန်း ၁၂ ခု၊ လက်ဝယ် သိန်းပေါင်း ကိုးသောင်း၊ လစဉ်ဝင်ငွေ သိန်း ၉၀၀၀ ခန့်ရှိနေသော YRTA ငွေသုံးစွဲမှု လျှို့ဝှက်နေသင့်လား အပိုင်း ( ၁)

By ရန်ကုန်ခေတ်သစ်

ပွင့်လင်းမြင်သာမှု စောင့်ကြည့်ရေးဆိုင်ရာ ပြည်တွင်း အရပ်ဘက်အဖွဲကအစည်းတစ်ခုဖြစ်သော Citizen Action for Transparency က YRTA နှင့်ပတ်သက်သည့် အစီရင်ခံစာ တစ်ရပ်ကို ဩဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်ပြီးယင်းအစီရင်ခံစာကို အပိုင်း ၂ ပိုင်းခွဲ၍ တင်ပြသွားမည်ဖြစ်ပြီး YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်၏ တုံ့ပြန်ချက်ကိုလည်း ဖော်ပြသွားမည်ဖြစ်ပါသည်။

အဆိုပါ အစီရင်ခံစာတွင် အဓိကအားဖြင့် YRTA ၏ ကြီးမားသော ပိုင်ဆိုင်မှုများ၊ များပြားလှသော လစဉ်ဝင်ငွေများကို ဖော်ပြထားပြီး ပွင့်လင်းမြင်သာမှု အားနည်းမှုနှင့် လေ့လာစောင့်ကြည့် ဆန်းစစ်သင့်သည့်အကြောင်းများ၊ လူထု၏ YBS ကားများ ကျပ်တည်းစွာ စီးနင်းနေရသည့် ကိစ္စများကို ထောက်ပြထား၍ လူထုနှင့် တိုက်ရိုက် သက်ဆိုင်သည့်အတွက် ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

လေ့လာ စောင့်ကြည့် ဆန်းစစ်သင့်ပြီဖြစ်သော YRTA၏ စီမံခန့်ခွဲမှုများ

YRTA ဆိုသည်မှာ YRTA (Yangon Region Transport Authority) အာဏာပိုင်အဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နာယက၊ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က ဥက္ကဌအဖြစ် အဓိကဦးဆောင်သည်။

ရုံးအဖွဲ့တွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် B.Smart ကုမ္ပဏီပိုင်ရှင် ဦးအောင်ညီညီမော်၊ အတွင်းရေးမှူး ဒေါက်တာမောင်အောင်၊ တွဲဖက်အတွင်းရေးမှူးဦးလှအောင် (ယခင် မထသ ဥက္ကဌ) အပါအဝင် လူဟောင်း အများစု ပါဝင်နေသည်။ YRTAသည် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်ကုန်အထိ ပိုင်ဆိုင်မှုအင်အား ကျပ် ၁၇ ဘီလီယံရှိသည့် အဖွဲ့အစည်းကြီးလည်း ဖြစ်သည်။

လက်ရှိတွင်
• ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု စနစ် (YBS)၊
• မြို့ပြအငှားယာဥ် (CityTaxi)၊
• အဝေးပြေးယာဥ် (Highway Bus)၊
• ကုန်စည်ယာဥ် (Cargo)၊
• ကျောင်းကြိုပို့ယာဥ် (School Bus)၊
• ရေကြောင်းသယ်ယူပို့ဆောင်ရေး (Water Bus) များဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသည်။

YBS တစ်ရက် အစီး ၂၀၀၀ ဘာ့ကြောင့် မထွက်နိုင်သလဲ

YRTA တွင် မှတ်ပုံတင်ထားသော YBS ယာဉ် ကုမ္ပဏီ ၁၉ ခု၊ ယာဉ်လိုင်း ၁၁၄ ခု၊ ယာဉ် ၆၆၀၀စီးခန့်ရှိပြီး နေ့စဉ်ကားထွက်စီးရေ ပျမ်းမျှ ၄၆၀၀စီးခန့်ရှိသည်။ (Ref., YRTA မဂ္ဂဇင်း Vol-1, Issue-1)

အထက်ဖော်ပြပါအတိုင်း YBS အစီးရေ ၆၆၀၀ အနက် ၄၆၀၀ စီးခန့်သာ ကားထွက်နေသည်ဆိုပါက နေ့စဉ် YBSအစီးရေ ၂၀၀၀ ရပ်တန့်နေပါသဖြင့် YRTA အပါအဝင် မှတ်ပုံတင်ထားသော ကုမ္ပဏီများအတွက် ဝင်ငွေလျော့ပြီး ရေရှည်တွင် အမြတ်ခွဲဝေမှု ထိခိုက်မည်ဖြစ်သည်။ YRTA တွင်လည်း တစ်စီးလျှင် ၄၀၀၀ ကျပ်နှုန်း ကောက်ယူခွင့်ဆုံးရှုံးသဖြင့် ကားအစီး ၂၀၀၀ ခန့်အတွက် စုစုပေါင်း ကျပ်သိန်း ၈၀ခန့် နေ့စဉ်မရရှိသောကြောင့် တစ်လလျှင် ကျပ်သိန်း ၂၄၀၀ခန့် နစ်နာနေပြီဖြစ်သည်။

ထို့ကြောင့် YRTA အနေဖြင့် YBS ယာဥ်များ တစ်ရက် အစီးရေ ၂၀၀၀ ခန့် မပြေးဆွဲနိုင်သည့်အပေါ် (သို့တည်းမဟုတ်) မပြေးဆွဲနိုင်ဟု ဖော်ပြထားမှုအပေါ် အများပြည်သူ သိရှိနိုင်ရန် ရှင်းလင်းပေးရမည်ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း နေ့စဉ် ခရီးသွားသူ ဦးရေ ၂ သန်းခန့်သည် အများပြည်သူပိုင် ယာဉ်လိုင်းများကို စီးနင်းနေကြရသည်။ ဘတ်စ်ကားများ ရှိနေလျက်နှင့် စွမ်းအားပြည့် မပြေးဆွဲခြင်း၏ နောက်ဆက်တွဲမှာ ပြည်သူများ ကြပ်ညှပ်စွာ စီးနင်းနေရခြင်းက သက်သေပင် ဖြစ်သည်။ ထို့ပြင် အမြတ်ဝေစု ခွဲဝေမပေးနိုင်သဖြင့် တရားစွဲဆိုမှုအထိ ဖြစ်ပွားနေသော ယာဉ်လိုင်းများလည်းရှိနေပြီဖြစ်သည်။

မထသမှ YBSသို့ ပြောင်းလဲပြီးနောက် ကားဟောင်းများနေရာတွင် တရုတ်ကားသစ်ကြီးများ ဝယ်ယူအစားထိုး ပြေးဆွဲပေးနေခြင်းဖြစ်သည်။
YBSအဖြစ် ပြောင်းလဲပြီးနောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် တရုတ်နိုင်ငံ အန်းခိုင် (Ankai) မော်တော်ယာဉ်ကုမ္ပဏီမှ City Bus ယာဉ်အသစ် အစီးရေ ၅၀၀ နှင့် ယူတောင်း (Yutong) မော်တော်ယာဉ်ကုမ္ပဏီမှ City Bus ယာဉ်အသစ် အစီးရေ ၅၀၀ စုစုပေါင်းယာဉ်အစီးရေ ၁၀၀၀ ကို စာချုပ်ချုပ်ဆို ဝယ်ယူခဲ့သည်။

အဆိုပါမော်တော်ယာဉ်တစ်စီးလျှင် ရန်ကုန် ဆိပ်ကမ်းအရောက် အမေရိကန်ဒေါ်လာ ၅၆၀၀၀၊ ယာဉ်အစီးရေ ၁၀၀၀ အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၆ သန်း ကုန်ကျခဲ့ပါသည်။

ရပ်နား ထားသောကားအစီးရေ ၂၀၀၀ထဲတွင် တရုတ်နိုင်ငံထုတ် ကားသစ်များစွာလည်း ပါဝင်နိုင်ရာ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးနိုင်ဖွယ် ရှိသည်။ သို့ပါ၍ လက်ရှိ ဖြစ်ပေါ်နေသော အကြောင်းကိစ္စရပ်များ၏ ပြဿနာအရင်းခံမှာ ဘတ်စ်ကားစီးရေ ၂၀၀၀ခန့် ရပ်နားထားခြင်းကြောင့် ဖြစ်ပေါ်နေကြောင်း တွက်ဆနိုင်သည်။

ကားစီးရေ ရာချီ၍ ပြေးဆွဲခြင်းမရှိသော ကုမ္ပဏီ ၈ခု

YBS စီးနင်းသူများ အဆင်ပြေစေရေးအတွက် ကားသစ်ကြီးများ ဝယ်ယူဖြည့်တင်းထားသည်ဆိုသော် လည်း လက်တွေ့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်အချက်အလက်များအရ နေ့စဉ်ကားအစီးရေ ၂၀၀၀ခန့်မထွက်သည့်အနက် ကားစီးရေ ရာနှင့်ချီမထွက်သော ကားကုမ္ပဏီ ၈ခုအထိ ရှိနေသည်။ ရန်ကုန်တိုင်း အစိုးရ ငွေကြေးရင်းနှီးမြှုပ်နှံထားသော အများပိုင်ကုမ္ပဏီဖြစ်သည့် YUPT၊ YBPC၊ ဦးအေးနေဝင်း ပိုင်ဆိုင်သော Omni Focus ယာဥ်လိုင်းတို့အပြင် ရွှေတောင်ပိုင်း၊ ခေတ်သစ်ဘုရင့်နောင်၊ RCBT၊ Lucky Family၊ GYCT တို့ဖြစ်သည်။

YUPTသည် ကားစီးရေ ၁၃၃၁အနက် ၃၃၄စီး၊ YBPC သည် ကားစီးရေ ၅၉၂စီးအနက် ၁၄၀ စီး၊ Omni Focusသည် ကားစီးရေ ၄၃၄စီးအနက် ၂၁၆စီး၊ Lucky Familyသည် ကားစီးရေ ၂၅၈ အနက် ၁၁၈စီး၊ GYCTသည် ကားစီးရေ ၄၇၄စီးအနက် ၁၁၇စီး၊ ခေတ်သစ်ဘုရင့်နောင်သည် ကားစီးရေ ၆၁၂စီးအနက် ၂၀၆စီး၊ ရွှေတောင်ပိုင်းသည် ကားစီးရေ ၇၄၆စီးအနက် ၃၁၂စီးနှင့် RCBTသည် ကားစီးရေ ၃၂၇ စီးအနက် ၁၇၃စီးခန့်သည် နေ့စဉ် ပြေးဆွဲခြင်းမရှိသည်ကို တွေ့ရသည်။

နေ့စဉ် ကားရာနှင့်ချီမထွက်သော YUPT နှင့် YBPC တို့တွင်ရန်ကုန်တိုင်းအစိုးရက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၌ ကျပ် ၇၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။ ယင်းငွေဖြင့် တရုတ်နိုင်ငံထုတ် ဘတ်စ်ကား အစီး ၁၀၀၀ ကို ကျပ် ၇၈ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီး လိုအပ်သည့် ကျပ်ငွေ ရှစ်ဘီလီယံကို ဧရာဝတီဘဏ်မှ ချေးယူခဲ့ခြင်း ဖြစ်သည်။

YUPT သည် မထသ စနစ်မှ အများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီအဖြစ်သို့ ပထမဆုံး ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ရှယ်ယာထည့်ဝင်ထားသူအများစုမှာ ဘတ်စ်ကားလုပ်ငန်းနှင့် ရင်းနှီးသူများ၊ မထသ ခေတ်က ဘတ်စ်ကားပိုင်ရှင်များဖြစ်ကြသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရှယ်ယာ ၉၀ ရာခိုင်နှုန်းခန့် ပိုင်ဆိုင် သော YUPT ကုမ္ပဏီသည် သုံးနှစ်ကျော်ကြာသည်အထိ အမြတ်ဝေစု ခွဲဝေမပေးနိုင်ခြင်းကြောင့် ဖြေရှင်းနေရ ဆဲဖြစ်သည်။

YBS ဘတ်စ်ကား ကုမ္ပဏီများထဲတွင် အင်အားအကြီးမားဆုံး ကုမ္ပဏီတစ်ခုလည်း ဖြစ်သော YUPT အပါအဝင် ဘတ်စ်ကားကုမ္ပဏီများ မည်သည့်အတွက်ကြောင့် စွမ်းအားပြည့် မပြေးဆွဲ နိုင်သည်ကို ရှင်းလင်းပေး ရန် လိုအပ်ပါသည်။

YRTA ရှိ စုစုပေါင်း လိုင်းကား အစီးရေ

လက်ရှိပြေးဆွဲနေသော ယာဥ်အစီးရေအရ YBS ကားများပေါ်တွင် ပြည်သူများမှာ ပြွတ်သိပ်စွာ စီးနင်းနေရ သည်မှာ အားလုံးအသိပင်ဖြစ်သည်။

YBS ယာဉ်များကို မှတ်ပုံတင်စီးရေ ၆၆၀၀ခန့် စွမ်းအားပြည့် ပြေးဆွဲ စေပါက City Bus ယာဉ်တစ်စီးလျှင် ယခု ၄၂၅ဦးခန့် မှ ၃၁၆ဦး၊ Mini Busတွင် ယခု ၅၀၃ ဦးမှ ၂၉၄ဦး ပိုမိုချောင်ချိစွာ စီးနင်းနိုင်မည် ဖြစ်သည်။

သို့ပါ၍ ယာဉ်အစီးရေ ၆၆၀၀ကျော်လုံး ပြေးဆွဲပေးရန်၊ ကားစီးရေအင်အားပြည့်ပြေးဆွဲခြင်းဖြင့် ဘတ်စ်ကား ကုမ္ပဏီအချို့တွင် ဖြစ်ပွားနေသော အရှုံးပေါ်ခြင်းပြသနာကို ဖြေရှင်းနိုင်ရန်အတွက် ကုမ္ပဏီများနှင့် ညှိနှိုင်းအဖြေရှာရန် တိုက်တွန်းပါသည်။

လုပ်ငန်းပြီးစီးမှုချပြရန်လိုနေသည့် ယာဉ်ရပ်နားစခန်းများ

ယာဉ်ရပ်နားစခန်းများကို ရန်ကုန်မြို့တွင်း၊ မြို့ပြင် (လှိုင်သာယာ၊ မှော်ဘီ၊ တိုက်ကြီး) တို့တွင် တိုးချဲ့ဆောက်လျက်ရှိရာ သိန်း ၃၀၀၀ ကျော် ကုန်ကျနေသည်ဟု ကြားသိရပါသည်။ ယာဥ်ရပ်နားစခန်းများ အတွက် တင်ဒါခေါ်ယူခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ စာချုပ်ပါအတိုင်း လုပ်ငန်းပြီးစီးမှု ရှိ မရှိစိစစ်ခြင်းများ မည်သို့ လုပ်ဆောင်နေသည်ကို အများပြည်သူများ သိရှိနိုင်ရန်အတွက် ပွင့်လင်းမြင်သာစွာ ချပြရန် တိုက်တွန်းလိုပါသည်။

Black Frost ကုမ္ပဏီနှင့် Pye Aung ကုမ္ပဏီတို့သည် ရန်ကုန်မြို့ပုဇွန်တောင်နှင့် လှိုင်သာယာ မြို့နယ်တို့တွင် ယာဥ်ရပ်နားစခန်းများ တည်ဆောက်နေကြောင်း သိရှိရပါသည်။ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအရ တည်ဆောက်လုပ်ငန်းများအတွက် စရိတ်ကို ၄ ကြိမ်ခွဲ၍ ငွေထုတ်ပေးသည့်အခါတွင် ခိုင်လုံသော လုပ်ငန်းပြီးစီးမှု မြေပုံစာများနှင့်တကွ ‌ဆောင်ရွက်ခဲ့မှု ရှိ မရှိနှင့် အဆိုပါကုမ္ပဏီများ၏ လုပ်ငန်းပြီးစီးမှုအခြေအနေတို့ကို ထုတ်ပြန်ပေးရန် တောင်းဆိုလိုပါသည်။

ကျောင်းကားအဖြစ် အသုံးပြုရန် ကျန်ရှိနေသည့် ၉၃ စီး

ကျောင်းကားများ ပြုပြင်ပြောင်းလဲရေးစီမံချက်အတွက် ရန်ကုန်တိုင်းအစိုးရသည် ကျပ် ၁၀ ဘီလီယံကျော်ဖြင့် School Bus အစီး ၂၀၀ ကို ဝယ်ယူခဲ့သည်။ မထသထံမှ လွှဲပြောင်းရရှိငွေ ကျပ် ၅ ဘီလီယံနှင့် ကမ္ဘောဇဘဏ်မှ ၅ ဒသမ ၅ ဘီလီယံချေးငွေရယူပြီး ကိုရီးယားနိုင်ငံထုတ်ကားများကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ (တစ်စီးပျမ်းမျှ ကျပ် ၅၂၅ သိန်းရှိသည်)

ကျောင်းသားဦးရေ ၂၈ ဦးဆံ့ကာ ၂၀၁၇ ခုနှစ်ထုတ် ကိုရီးယားနိုင်ငံလုပ် ကားများဖြစ်ပြီး တန်ဖိုးအားဖြင့် တစ်စီးလျှင် အမေရိကန် ဒေါ်လာ ၃၆၈၄၀ ရှိသည်။ (1$လျှင် ၁၄၂၅ ကျပ်နှုန်းဖြင့် တစ်စီး ကျပ် ၅၂၅ သိန်းကျသင့်သည်)

ကျောင်းကားများကို လွှဲပြောင်းငွေ၊ ချေးငွေများနှင့် ဝယ်ယူခဲ့ခြင်းသာဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေမပါဝင် ကြောင်း ဇွန်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဖြေရှင်းထားသည်။ သို့သော် အစီး ၂၀၀ ကျော်ထဲမှ ကျောင်း ၁၂ ကျောင်းအတွက် ၁၀၇ စီးကိုသာ အသုံးပြုနေပြီး ကျန် ၉၃စီးကို ရပ်နားထား သည်။

သို့ပါ၍ ကျောင်းကား စတင်ပြေးဆွဲသော ၂၀၁၉ခုနှစ် ဇူလိုင်လမှ ကိုဗစ်မတိုင်ခင် ၂၀၂၀ ဖေဖော်ဝါရီလအထိ ကာလအတွင်း ကျောင်းကား ၉၃စီးကို ရပ်နားထားရသည့်အကြောင်းအရင်းကို ဖြေရှင်းပေးသင့်သည်။ နောက်ထပ်အရေးကြီးသောအချက်အနေဖြင့် ကိုရီးယားနိုင်ငံထုတ် ထိုကျောင်းကားတစ်စီးလျှင် ကျသင့်ငွေ ကျပ် ၅၂၅ သိန်းရှိသဖြင့် အစီးရေ ၉၃ စီး အတွက် ကျပ် ၄ ဒသမ ၈ ဘီလီယံ မြှုပ်နေခြင်းဖြစ်သည်။ ကျောင်းကားအဖြစ် အသုံးပြုရန် ဝယ်ယူထားသော ကားများအနက် ၉၃ စီးကို အခြားကဏ္ဍများအတွက် လက်လွှဲအသုံးပြုခြင်းများသည်လည်း ထင်သာမြင်သာသော စီမံခန့်ခွဲမှုအလွဲမျိုးကို ဖြစ်စေသည်။

လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းအတွင်း ကျောင်းများတွင် စည်းကမ်းချက်နှင့် မကိုက်ညီသော ကျောင်းကားများ ရှိနေဆဲဖြစ်ရာ ယခုကဲ့သို့ ဝယ်ယူထားသော ကျောင်းကားများ ရပ်နားထားမှုကို တာဝန်ယူဖြေရှင်းပေးရန် လိုအပ်ပါသည်။ လက်ရှိတွင် YRTA ၏ ကျောင်းကားများသာမက ပုဂ္ဂလိကကျောင်းကားများလည်း ထပ်မံပါဝင်ပြေးဆွဲလျက်ရှိသည်။

စာရင်းမရှိသည့် Water Bus

ရေကြောင်းသယ်ယူပို့ဆောင်ရေး (Water bus) သည် YRTA အောက်မှ လုပ်ငန်းခွဲတစ်ခုအဖြစ်ရှိခြင်းဖြစ်သည်။ သို့သော် လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ယခုအစီရင်ခံစာရေးသားနေသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်အထိ YRTAတွင် စာရင်းဇယားမရှိသေးသည်ကို တွေ့ရ သည်။

Yangon Water Bus ကို ၂၀၁၇ အောက်တိုဘာမှ စတင်၍ ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ယာယီရပ်နားခဲ့သည်။ လက်ရှိတွင် နိုင်ငံခြားမှ ဝယ်ယူထားသည့် ရေယာဉ်များဖြင့် ငွေပေးချေသည့် စက်များ တပ်ဆင်၍ ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ရေယာဉ်အချို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး တွင် ပြေးဆွဲရန်ပါ စီစဉ်နေကြောင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ၂၀ ရက်က YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားခဲ့သည်ကို တွေ့ရသည်။

Yangon Water Bus ပြန်လည်ပြေးဆွဲရာတွင် နိုင်ငံခြားမှဝယ်ယူထားသည့် သင်္ဘောခြောက်စင်းဖြင့် ပြေးဆွဲမည်ဖြစ်ပြီး သုံးစင်းကို ရေချထားပြီးဖြစ်သည်ဟု ကြားသိရပါသည်။ မည်သို့ပင် ဆိုစေ ၂၀၁၇ခုနှစ်ကတည်းက စတင်ခဲ့သည့်လုပ်ငန်း ဖြစ်သော်လည်း စာရင်းဇယားမရှိသေးသည်က မေးခွန်းထုတ် ဖွယ်ဖြစ်နေသည်။

စပေါ်ငွေကျပ်သိန်းထောင်ချီနှင့် B’Smart ကုမ္ပဏီ

YBS ဘတ်စ်ကားရောက်ရှိသည့်နေရာ၊ မီးပွိုင့်မိသည့် အခြေအနေနှင့် ယာဉ်မတော်တဆထိခိုက်မှုများ ကိုပါ Control Center က စောင့်ကြည့်နိုင်ရန်အတွက် Telematics စနစ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ Telematic စက်ဝယ်ရန် YRTA၏ အုပ်ချုပ်မှုဒါရိုက်တာ ပိုင်ဆိုင်သော B’Smart ကုမ္ပဏီသို့ ဝယ်ယူမှုမစမီ စပေါ်ပေးထားငွေမှာ GPSစနစ်အတွက် ၂၀၁၇တွင် ကျပ် ၃၀၀၀သိန်း၊ YBOအတွက် ၂၀၁၉တွင် ကျပ် သိန်း ၅၀၀၀ စုစုပေါင်း ကျပ်သိန်း ၈၀၀၀ ရှိသည်ဟု ကြားသိရပါသည်။ အဆိုပါကုမ္ပဏီသို့ စပေါ်ငွေသာမက စက်တပ်ဆင်ခအဖြစ် လစဉ် ကျပ်သိန်း ၄၀၀ခန့် ပေးနေရကြောင်း သိရှိရပါသည်။

ဧပြီလ ၁၀ရက်နေ့က ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ၏ အပိုဒ် ၁၀ (ခ)တွင် ကျပ်သိန်း ၁၀၀မှ ကျပ်သိန်း ၁၀၀၀ အထိ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှု ရယူခြင်းလုပ်ငန်းများ အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူရာတွင် တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် ရက်သတ္တ (၂) ပတ်ကြိုတင်၍ သိသာထင်ရှားစွာ ကြေညာရမည်၊ အပိုဒ် ၁၀ (ဂ) တွင် ကျပ်သိန်း ၁၀၀၀အထက် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုရယူခြင်းအတွက် ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားကို ရှင်းလင်းစွာဖော်ပြပြီး အိတ်ဖွင့်တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် (၁)လကြိုတင်ပြီး နိုင်ငံပိုင်သတင်းစာများ တွင် အနည်းဆုံး နှစ်ကြိမ် သိသာထင်ရှားစွာ ကြော်ငြာ၍ တင်ဒါခေါ်ယူရမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ယင်းလုပ်ငန်းစဉ်များအတွက် ကနဦးကြိုတင်ငွေ ကျပ်သိန်း ၈၀၀၀ကို B’Smart ကုမ္ပဏီကို ကြိုပေးထားခြင်းမှာ မဖြစ်သင့်သည့်အပြင် ပွင့်လင်းမြင်သာသော တင်ဒါစနစ်ဖြင့် ယှဥ်ပြိုင်သင့်ပါသည်။

ထို့ပြင် မ.ထ.သ ခေတ်၏ အကျင့်ဆိုးများဖြစ်သည့် စည်းကမ်းမဲ့ မောင်းနှင်မှု၊ ခရီးသည်များကို မချေမငံ ဆက်ဆံမှုများကို ပပျောက်ရန်အတွက် YRTA ၏ ထိန်းချုပ်ကွပ်ကဲမှုဖြင့် YBS ဘတ်စ်ကားများကို ပြေးဆွဲစေခြင်း ဖြစ်ပြီး ပိုမိုစနစ်တကျဖြစ်စေရန်အတွက် Telematicစက်များကို တပ်ဆင်ခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် သုံးနှစ်ကျော်လာပြီဖြစ်သည့်YBS စနစ်နှင့် မထသစနစ်အကြား ထပ်တူညီသော ကိစ္စရပ်များ ဖြစ်သည့် အပြိုင်အဆိုင်မဆင်မခြင် မောင်းနှင်မှုများရှိနေဆဲဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇွန်လဆန်းအထိ ၅ လကျော် အတွင်း YBS ယာဉ်များနှင့် အခြားယာဉ်တိုက်မိမှုပေါင်း ၆၄ မှုရှိခဲ့ပြီး သေဆုံးသူ ၂၁ ဦးအထိ ရှိနေသည်။ ပြည်သူ့ အသက်များ စတေးခံနေရဆဲဖြစ်ပါသည်။ အများပိုင်ကုမ္ပဏီများ၏ ထိန်းချုပ်မှု အောက် အပြည့်အဝမရှိသော တစ်ဦးတည်းပိုင် ပုဂ္ဂလိက (အုံနာစနစ်)ဖြင့် ပြေးဆွဲနေသော YBS ယာဥ်များကြောင့် ယာဉ်တိုက်မှုများ မြင့်တက် နေပြီး ယင်းမှာ Telematic စနစ်ဖြင့် စည်းကမ်းဖောက်ဖျက်ယာဥ်များ အရေးယူမည့်အစီအစဥ် မပီပြင်သေး ကြောင်း ပေါ်လွင်နေသည်ကိုတွေ့ရှိရပါသည်။

YRTAငွေကြေး လျှို့ဝှက်နေသင့်လား

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း နောက်ဆက်တွဲ (၁) ပါ တိုင်းဒေသကြီး၏ ရည်မှန်းချက် ၁၁ ချက်အနက်၊ အပိုဒ်ခွဲ (ည) အရ YRTA ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ YRTA သည် ပုဂ္ဂလိကပိုင်မဟုတ်၊ အများပိုင်ကုမ္ပဏီမဟုတ်၊ အစိုးရအာဏာဖြင့် ဖွဲ့စည်းတည်ထောင်လုပ်ကိုင်နေသော ဝင်ငွေရရှိနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရပါသည်။

ကုမ္ပဏီများသည် YRTA တွင် မှတ်ပုံတင်၍ ယာဉ်မောင်းလစာ၊ စက်မောင်းဆီ၊ ပြင်ဆင်စရိတ်ကို ခရီးသည်များထံမှ ရရှိသည့် ဝင်ငွေမှ ကျခံပြီး YRTA ကို နေ့စဉ် လစဉ်သတ်မှတ်နှုန်းအတိုင်း အကောက်ငွေ ပေးသွင်းနေရခြင်းဖြစ်သည်။

YRTA သည် အများပိုင်ကုမ္ပဏီ၏ ဥပဒေအရ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရသော် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရသော်လည်းကောင်း ဖွဲ့စည်းထားသည့်အတွက်ဟုဆိုကာ အစိုးရက ခန့်အပ်ထားသည့် စာရင်းစစ်ချုပ်များက စာရင်းစစ်ခွင့်မရှိသည်ကို သိရှိရသည်။ သို့ရာတွင် YRTA ၏ စာရင်းဇယားများမှာမူ ပုဂ္ဂလိက စာရင်းစစ်အဖွဲ့ စစ်ဆေးရုံဖြင့် လုံလောက်မည်မဟုတ်ပါ။

ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း(ကွယ်လွန်)ကလည်း လိုအပ်လျှင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ခွင့်ပြုချက်နှင့် YRTA ၏ ဘဏ္ဍာရေးကိစ္စများအား စစ်လျှင်ရကြောင်း လွှတ်တော်တွင် ပြောကြားထားခဲ့ကြောင်း သိရှိရပါသည်။

သို့ပါ၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တရားဝင်စစ်ဆေးမှုခံယူခြင်းဖြင့် YRTA ၏ ဘဏ္ဍာငွေသုံးစွဲမှု မှန်ကန်ခိုင်လုံ ကြောင်း သက်သေပြနိုင်ခြင်းကို “မူ”အားဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts