All News Features

မြေနေရာ ၅၁ ခု၊ ဆိုင်ခန်း ၁၅၅ ခု၊ ယာဉ်ရပ်နားစခန်း ၁၂ ခု၊ လက်ဝယ် သိန်းပေါင်း ကိုးသောင်း၊ လစဉ်ဝင်ငွေ သိန်း ၉၀၀၀ ခန့်ရှိနေသော YRTA ငွေသုံးစွဲမှု လျှို့ဝှက်နေသင့်လား အပိုင်း (၂- နိဂုံး)

မြေနေရာ ၅၁ ခု၊ ဆိုင်ခန်း ၁၅၅ ခု၊ ယာဉ်ရပ်နားစခန်း ၁၂ ခု၊ လက်ဝယ် သိန်းပေါင်း ကိုးသောင်း၊ လစဉ်ဝင်ငွေ သိန်း ၉၀၀၀ ခန့်ရှိနေသော YRTA ငွေသုံးစွဲမှု လျှို့ဝှက်နေသင့်လား အပိုင်း (၂- နိဂုံး)

By ရန်ကုန်ခေတ်သစ်

ပွင့်လင်းမြင်သာမှု စောင့်ကြည့်ရေးဆိုင်ရာ ပြည်တွင်း အရပ်ဘက်အဖွဲကအစည်းတစ်ခုဖြစ်သော Citizen Action for Transparency က YRTA နှင့်ပတ်သက်သည့် အစီရင်ခံစာ တစ်ရပ်ကို ဩဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်ပြီးယင်းအစီရင်ခံစာကို အပိုင်း ၂ ပိုင်းခွဲ၍ တင်ပြလျက်ရှိရာ ယခု နောက်ဆုံးပိုင်းကို ဖော်ပြလိုက်ပါသည်။

အဆိုပါ အစီရင်ခံစာတွင် အဓိကအားဖြင့် YRTA ၏ ကြီးမားသော ပိုင်ဆိုင်မှုများ၊ များပြားလှသော လစဉ်ဝင်ငွေများကို ဖော်ပြထားပြီး ပွင့်လင်းမြင်သာမှု အားနည်းမှုနှင့် လေ့လာစောင့်ကြည့် ဆန်းစစ်သင့်သည့်အကြောင်းများ၊ လူထု၏ YBS ကားများ ကျပ်တည်းစွာ စီးနင်းနေရသည့် ကိစ္စများကို ထောက်ပြထား၍ လူထုနှင့် တိုက်ရိုက် သက်ဆိုင်သည့်အတွက် ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

YRTA၏ ဝင်ငွေများ ဘယ်လိုဝင်၊ ဘယ်လိုသုံးနေလဲ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်တွင် YRTA ၏ ဘဏ်ရှိငွေ ၊ လက်ဝယ်ရှိငွေ စုစုပေါင်းမှာ ကျပ် ၉ ဘီလီယံ ခန့် ရှိနေပြီဖြစ်သည်။ YRTA တွင် YBS, City Taxi, Highway, Cargo, School Bus နှင့် အခြားရငွေများမှ လစဉ် ကျပ်သိန်း ၉၀၀၀ ခန့်ရရှိပါသည်။ လစာ ကျပ်သိန်း ၁၆၀၀၊ ရုံးစရိတ် ကျပ်သိန်း ၁၄၀၀ စုစုပေါင်းစရိတ် ကျပ်သိန်း ၃၀၀၀ ဝန်းကျင် သုံးစွဲပြီး ကျန်အသား တင်ဝင်ငွေ လစဉ် ကျပ်သိန်း ၆၀၀၀ ခန့်ရရှိနေသည့် ငွေအင်အားကြီးမားသည့်အဖွဲ့ ဖြစ်သည်။

အဓိကဝင်ငွေများမှာ YBSယာဉ်တစ်စီးလျှင် တစ်ရက် ၄၀၀၀ကျပ်ဖြင့် အစီးရေ ၆၆၀၀ခန့်မှ လည်းကောင်း၊ City Taxi တစ်နှစ်မှတ်ပုံတင်ကြေး ၃၀၀၀ ကျပ်၊ ဝန်ဆောင်ခ ၉၅၀၀ကျပ်ဖြင့် အစီးရေ ၆၈၃၀၀ ခန့်မှလည်းကောင်း ငွေကြေးကောက်ယူသည်။ အဝေးပြေးယာဉ်များတွင်မူ နေ့စဉ် ထိုင်ခုံအရေအတွက်၏ ၆၀ ရာခိုင်နှုန်းမှ ရငွေအပေါ် ၂ ရာခိုင်နှုန်းဖြင့် အစီးရေ ၂၆၀၀ခန့်မှ လည်းကောင်း၊ Cargo တစ်စီးလျှင် တစ်လ ပျမ်းမျှ ၄၀၀၀ကျပ်ခန့် ဖြင့် အစီးရေ ၄၅၀၀ခန့်မှ လည်းကောင်း၊ School Bus တစ်စီးလျှင် တစ်လ ပျမ်းမျှ ၇သိန်းခန့် ဖြင့် အစီးရေ ၁၀၇စီးမှလည်းကောင်း ငွေကြေးကောက်ယူလျက်ရှိသည်။

သို့သော်လည်း အောင်မင်္ဂလာအဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်းသို့ နေ့စဉ် ဝင်ထွက်နေသည့် အဝေးပြေးယာဉ်များစွာ၏ ကားအစီးရေ စာရင်းအတိအကျ မရှိသည်ကိုတွေ့ရသည်။ ထို့ကြောင့် ထိန်းချုပ် ငယ်စာရင်းများကို ပြည်သူများ သိရှိမှသာ ဝင်ငွေအမှန်ကို သိနိုင်မည်ဖြစ်သည်။ YRTA သည် ရရှိငွေများထဲမှ ဝန်ထမ်းလစာ၊ ရုံးစရိတ်သုံးပြီး ကျန်ငွေများကို ယာဉ်ရပ်နားစခန်းများ ဆောက်လုပ်ခြင်း၊ စက်ကိရိယာနှင့် ယာဉ်များဝယ်ယူခြင်းတို့ ဆောင်ရွက်နေပါသည်။ လစဉ် ဝန်ထမ်းလစာနှင့်ဆတူ ရုံးစရိတ် ကျပ်သိန်း ၁၅၀၀ ဝန်းကျင်အသုံးပြုနေမည်၊ ငွေလုံးငွေရင်းစရိတ်များ အထိန်းအကွပ်မရှိ စဉ်ဆက်မပြတ်သုံးနေမည်ဆိုပါက YRTA ၏ဝင်ငွေများ အဟောသိကံဖြစ်သွားပေလိမ့်မည်။

YRTA သည် ရန်ကုန်မြို့နေ ပြည်သူ ၂ သိန်းခန့်၏ သယ်ယူပို့ဆောင်ရေးကို တာဝန်ယူဆောင်ရွက်နေခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီအများနှင့် သက်ဆိုင်ခြင်း၊ ရန်ကုန်တိုင်းအစိုးရ ပါဝင်နေခြင်းတို့ကြောင့် အောက်ပါ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သင့်ပါသည်။

(က) ဘဏ္ဍာရေးမှူးက လာမည့်နှစ် ဘတ်ဂျက်ရေးဆွဲပြီး တာဝန်ရှိသူအဆင့်ဆင့်မှ ဥက္ကဌ၊ နာယက ခွင့်ပြုချက် ရယူထားခြင်း

(ခ) ဘဏ္ဍာရေးမှူးက ဘတ်ဂျက်၊ ခွင့်ပြုမိန့်၊ အထောက်အထားပြည့်စုံမှု၊ စာရင်းခေါင်းစဉ်မှန်ကန်မှုကို ငွေသုံးစွဲမှုမပြုခင် စိစစ်ခြင်း၊ သုံးပြီးငွေများကို နည်းစနစ်မှန်စွာ Accounting Softwareဖြင့် ၂ ဘက်သွင်းစာရင်း စနစ် ရေးသွင်းလျက် နှစ်ချုပ်စာရင်းကို MDမှ အတည်ပြုခြင်း

(ဂ) ဘတ်ဂျက်ခွင့်ပြုသူ (နာယက/ ဥက္ကဌ)

  • ငွေသုံးစွဲခွင့်ပြုသူ (အတွင်းရေးမှူး/ MD)
  • ငွေထုတ်သုံးစွဲသူ(MDတာဝန်ပေးသူ) ( လစဉ် လက်ဝယ်ရှိငွေမများစေရ)
    -ငွေစာရင်းရေးသွင်းသူ (ဘဏ္ဍာရေးမှူး/စာရင်းကိုင်/ စာရင်းစစ်)
    တို့၏ တာဝန်များ သီးသန့်သတ်မှတ်ခြင်း

(ဃ) ပြည်ထောင်စုစာရင်းစစ်ချုပ်၏ နှစ်စဉ်စစ်ဆေးမှုကို ခံယူသင့်ပါသည်။

အစိုးရအာဏာဖြင့် လုပ်လျှင် အခွန်ဆောင်စရာမလို ဆိုပါက နိုင်ငံအကျိုးရှိပါ့မလား

YRTA သည် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ကျပ် ၉,၄၈၇.၇၈၅ သန်း ဝင်ငွေရှိခဲ့ပြီး အသုံးစရိတ် ၁၇၉၆ ဒသမ ၁၈၄ သန်း၊ ပိုလျှံငွေ ကျပ် ၇၆၉၁ ဒသမ ၈၀ သန်း ရှိခဲ့သော်လည်း အစိုးရကို ဝင်ငွေခွန်ပေး ဆောင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားထားသည်။ ယင်း အပြင် စာရင်းများကို ပြင်ပစာရင်းစစ်အဖွဲ့က စစ်ဆေးပြီးသော်လည်း YRTA အဖွဲ့ဝင်မည်သူကမျှ အစီရင်ခံစာကို လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

YRTA ၏ အဓိကဝင်ငွေများမှာ YBS ယာဥ်များမှ ရငွေ၊ ဒဏ်ကြေးငွေ၊ ငှားရမ်းခ ရငွေ၊ အဝေးပြေးယာဉ်များမှ ရငွေ၊ City Taxi များမှ ရငွေ၊ အခြားရငွေ၊ ဘဏ်တိုးရငွေများ အပါအဝင် ကျပ် ၉,၄၈၇.၇၈၅ ရရှိခဲ့သည့်အတွက် အခွန်မဆောင်မှုအပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်နေသည်။
YRTA သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က နာယကအဖြစ် တာဝန်ယူကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများဖြင့် ဖွဲ့စည်းထားသည့် တရားဝင်အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၁ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအခန်း(၂)၊ ပုဒ်မ ၅(က)(၂) အရ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်း၏ဝင်ငွေကိုကင်းလွတ်ခွင့်ရှိသည်ဟု ဖော်ပြထားကြောင်း ဝန်ကြီးဒေါ်နီလာကျော်က လွှတ်တော်အစည်းအဝေးတွင် ပြောကြားထားသည်။

ပြည်ထောင်စု အခွန်အကောက် ဥပဒေ ပုဒ်မ ၅ (က) အရ ဝင်ငွေခွန်နှင့် မသက်ဆိုင်သော အမျိုးအစားများမှာ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး အဖွဲ့အစည်းတစ်ခုခုက ရရှိ၍ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးကိစ္စများ အတွက် သက်သက် အသုံးပြုသော ငွေ၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ အခွန်အခ ရရှိငွေ၊ ပင်စင်မှ ပြောင်းလဲ၍ ရရှိသောငွေ နှင့် လုပ်သက်ဆုငွေ (Gratuity)၊ သေဆုံး၍ သို့မဟုတ် ဒဏ်ရာရ၍ ရရှိသည့် လျော်ကြေး၊ အာမခံပေါ်လစီအတွက် ထုတ်ပေး ၍ ရရှိငွေ၊ အဖန်တလဲလဲ မဟုတ်ဘဲ တစ်ခါတစ်ရံ ရရှိသည့် ငွေ နှင့် ပုဂ္ဂိုလ်စု တခုခု မှ ဝင်ငွေခွန် ပေးဆောင်ပြီး ရရှိသည့် အမြတ်ဝေစု အစရှိသည်တို့ဖြစ်ကြောင်း ဥပဒေတွင် ပါရှိသည်။

အဆိုပါပုဒ်မ ၅ (က) သည် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၏ အခွန်အခ ရရှိငွေနှင့် စပ်လျဥ်းသောကိစ္စများကို ဆိုလိုသည်။ ယခု YRTA သည် ရန်ကုန်တိုင်းအစိုးရမှ ကြီးကြပ်သော အာဏာပိုင်အဖွဲ့သာဖြစ်ပြီး ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းမဟုတ်သည့်အတွက် အခွန်ဆောင်သင့်ပါသည်။ ထို့ကြောင့် YRTA ဘဏ္ဍာငွေမှ ဝင်ငွေခွန်ပေးသွင်းနိုင်ရန်အတွက် ပြည်ထောင်စုက “မူ” တစ်ရပ်ချမှတ် သင့်ပြီဖြစ်သည်။

လူပုဂ္ဂိုလ်/အဖွဲ့အစည်းတိုင်း သတ်မှတ်ချက်နှင့်အညီ နိုင်ငံတော်သို့ အခွန်ထမ်းရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ဖြစ်သော အစိုးရဝန်ထမ်းများ၊ ဝန်ကြီးများသည် ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ရန်မလိုဘဲ အာဏာပိုင် အဖွဲ့ (Authority) ဆိုသော စကားရပ်ကို သုံးစွဲခွင့်မရှိကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကလည်း ပြောကြားထားသည်။

“YRTA က အစိုးရအဖွဲ့အစည်းလား၊ အစိုးရမဟုတ်သော အဖွဲ့အစည်း လား ဆိုတာမေးစရာဖြစ်လာတယ်”ဟု ၎င်းက ဆိုထားသည်။ ယင်းသို့ဆိုလျှင် YRTAသည် ဥပဒေအထက်တွင် ရှိနေသလားဆိုသည်ကို မေးခွန်းထုတ်ဖွယ်ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ ယခင် နာမည်ဆိုးများဖြင့် ကျော်ကြားခဲ့သော မ.ထ.သ သည်ပင် အခွန်ဆောင်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ရာ ရန်ကုန်တိုင်း အစိုးရအာဏာဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည့်အတွက် ပို၍ပင် အခွန် ဆောင်သင့်ပါသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒီအခွန်က ကျွန်တော်တို့ ဒီတိုက်ပုံအိတ်ထဲမှာ ဒီဘက်အိတ်ထဲပဲထည့်ထည့် ဒီဘက်အိတ်ထဲပဲထည့်ထည့် ပြည်ထောင်စုအစိုးရနဲ့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရရဲ့ ဝင်ငွေတွေပဲ ပြန်ရတာ ဖြစ်ပါတယ်။ ခေါင်းစဉ် ချိန်းတာပဲ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုအစိုးရက အခွန်ဆောင်ရန် ညွှန်ကြားလာပါက အခွန်ဆောင်မည့် အကြောင်း ကို ၂၀၂၀ခုနှစ်အတွင်း ပြောကြားထားသည်။

ထို့ကြောင့် လက်ရှိအခြေအနေတွင် မည်သို့လုပ်ဆောင်နေသည်ကို ပြည်သူများထံပွင့်လင်းမြင်သာစွာ အသိပေးရန် တိုက်တွန်းအပ်ပါသည်။

စည်းမျဉ်းစည်းကမ်းပိုမိုလိုအပ်နေပြီလား

YBS ဘတ်စ်ကားများကို စည်းကမ်းတင်းကြပ်ရန် အစီအစဉ်ရေးဆွဲလျက်ရှိသော်လည်း လက်ရှိအချိန် အထိ ထွက်ပေါ်လာခြင်းမရှိသည်ကို တွေ့ရသည်။ YRTA၊ က.ည.န၊ လုပ်ငန်းလိုင်စင်၊ MOGE၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့တို့ ပူးပေါင်းကာ YBSယာဉ်မောင်းများနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသော ဥပဒေများကို ထပ်မံအသိ ပေးရန် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ကြားသိရသည်။ ယင်းအပြင် ၂၀၁၄ ခုနှစ် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေနှင့် အညီ ပြောင်းလဲဖော်ဆောင်မှုတွင် အများပိုင်ကုမ္ပဏီပိုင်ယာဉ်များ၊ ကုမ္ပဏီများကြီးကြပ်မှု စနစ်များက ၂၀၁၄ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေသတ်မှတ်ချက်များနှင့် မညီညွတ်တော့သဖြင့် အသစ်ရေးဆွဲ မည်ဟု ကြားသိရသော်လည်း အတည်ပြုထွက်ရှိလာခြင်းမရှိ သေးပေ။

YBSယာဉ်များ ယာဉ်စီးခ ပိုမိုကောက်ခံခြင်း၊ ခရီးစဉ်အစအဆုံး မပြေးဆွဲခြင်းနှင့် ခရီးသည်များအပေါ် မချေမငံပြောဆိုဆက်ဆံခြင်းတို့အတွက် အကြံပြုချက်များကို YRTAရုံးနှင့် Hotline ဖုန်းနံပါတ် ၀၉ ၄၄၈၁ ၄၇၁၄၉၊ ၀၉ ၄၄၈၁ ၄၇၁၅၃၊ ၀၉ ၄၄၈၁ ၄၇၁၅၄ တို့သို့ ၂၄ နာရီတိုင်ကြားနိုင်သည်ဟု YRTAက ဆိုထားသော် လည်း လက်ရှိအချိန်အထိ အထက်ပါပြသနာရပ်များသည် ဖြစ်ပွားနေဆဲဖြစ်သည်။ ယခုထပ်မံ၍လည်း လုပ်ငန်းလိုင် စင်ခွင့်ပြုပေးသောဌာနများ၊ စစ်ဆေးဖမ်းဆီးမည့် အဖွဲ့ပေါင်းစုံဖွဲ့၍ စည်းကမ်းဖောက်သည့် ယာဉ် များနှင့် ယာဉ်လိုင်းများအား ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူတော့မည်ဟုထပ်မံ ပြောကြားထားရာ လက်ရှိတွင် မည်သို့အရေးယူထားပြီး စည်းမျဉ်းစည်းကမ်းများ မည်မျှ ခိုင်မာစနစ်ကျနေသည်ကို ပြည်သူများ သိရှိရန် ထုတ်ပြန်ပေးသင့်ပါသည်။

ဘဏ်များတွင်ရှိနေသော ၈.၈ ဘီလီယံ

YRTA တွင် ကမ္ဘောဇဘဏ်နှင့် ဧရာဝတီဘဏ်ငွေလက်ကျန်မှာ ၂၀၁၉ စက်တင်ဘာလကုန်တွင် ၈.၈ ဘီလီယံ ရှိနေရာ လစဉ် လစာနှင့်ဆတူ ရုံးစရိတ် ကျပ်သိန်း ၁၅၀၀ကုန်ကျနေခြင်း၊ ငွေလုံးငွေရင်းစရိတ်များ စဉ်ဆက်မပြတ် သုံးစွဲနေခြင်းကြောင့် လက်ဝယ်ရှိငွေများ အလဟဿကုန်ဆုံးသွားပါမည်ဖြစ်ရာ ယင်းကိစ္စရပ်ကို ကြပ်မတ်စစ်ဆေးသင့်ကြောင်း တိုက်တွန်းလိုပါသည်။

ဧရာဝတီဘဏ်တွင် အကောင့် ခြောက်ခုဖွင့်လှစ်၍ ဘဏ်လက်ကျန် ကျပ် ၄၈၆၈ ဒသမ ၇၈၀ သန်း (၅ဘီလီယံခန့်)၊ ကမ္ဘောဇဘဏ်တွင် အကောင့်သုံးခုဖွင့်လှစ်ပြီး ဘဏ်လက်ကျန် ငွေကျပ် ၂၈၀၀ ဒသမ ၉၄၁ သန်း (၃ဘီလီယံခန့်)နှင့် မြန်မာ့စီးပွားရေးဘဏ်တွင် အကောင့်တစ်ခုဖွင့်လှစ်ပြီး ဘဏ်လက်ကျန် ကျပ်၀ဒသမ ၇၃၀ သန်း (၀.၇ဘီလီယံ) စုစုပေါင်း ၇၆၇၀ ဒသမ ၄၅၁ သန်း (၈.၀ဘီလီယံခန့်) ကျန်ရှိသည်ကို တွေ့ရှိရကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ဒေါ်ခင်သန်းလှက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ ဖတ်ကြားစဉ် ပြောကြားထားသည်။

ပြည်သူကို ချပြရမည့် ပိုင်ဆိုင်မှုများ၊ လုပ်ဆောင်မှုများ

YRTAရုံးတွင် အဆောင်အယောင်ယာဉ်အဖြစ် သုံးစွဲရန် ကျပ်သိန်း ၂၄၀၀ခန့် အကုန်အကျခံကာ ယာဉ်သုံးစီးကို ဝယ်ယူထားပါသည်။ ကျပ်သိန်း ၁၂၅၀တန် တိုရိုတာလင်ခရုဇာ ပရာဒို ၁ စီး၊ သိန်း ၅၈၀ဖြင့် တိုရိုတာဗန်ဂတ် ၁ စီး၊ သိန်း ၅၅၀တန် တိုရိုတာမာ့စ် ၁ စီးကို ၂၀၁၉ခုနှစ်တွင် ဝယ်ယူထားကြောင်း ကြားသိ ရပါသည်။

ထို့ပြင် YRTA ပိုင် အဆောက်အအုံမြေနေရာ (၅၁) ခု၊ ဆိုင်ခန်းများ (၁၅၅) ခု(နောက်ဆက်တွဲ-င)နှင့် ယာဉ် ရပ်နားစခန်း ၁၂ခု (YRTAပိုင် ၁၀ခု) လည်း ရှိနေကြောင်း သိရှိရပါသည်။ YRTA ပိုင်ဆိုင်မှုများသည် ရန်ကုန်မြို့တော်
အတွင်း အများစု ရှိပြီး ကာလပေါက်စျေးအားဖြင့် တန်ဖိုးကြီးမားပါသည်။ တန်ဖိုးသင့်ခြင်း ဆောင်ရွက်နေစဉ် ပစ္စည်းစာရင်းအား နာယက က အတည်ပြုထားသင့်ပါသည်။

YRTA အကောင်အထည်ဖော်ပြီး သုံးနှစ်ခွဲကျော်ကာလသို့ ရောက်ရှိလာသော်လည်း YBS ယာဉ်များအားလုံးတွင် ကတ်စနစ်သို့ ပြောင်းလဲသုံးစွဲမည့်အစီအစဉ်မှာ ယနေ့အထိတိုင် အကောင်အထည် ပေါ်လာခြင်းမရှိသည်ကိုလည်း တွေ့ရပါသည်။

အကြံပြုချက်

(၁) YBS ယာဉ် နေ့စဉ် အစီး ၂၀၀၀ မထွက်ရှိနိုင်မှုအား တာဝန်ယူဖြေရှင်းမှုများ ပြုလုပ်သင့်ပါသည်။ ထို့ပြင် အဝေးပြေးယာဥ်များမှ ကားထွက်စီးရေနှင့် ဝင်ငွေရရှိမှုကို တိကျသောစာရင်းဇယားများနှင့် ဆောင်ရွက်လုပ်ကိုင်သင့်ပါသည်။

(၂) YRTA တွင် အဆောင်အယောင် ယာဉ်များ၊ telematic စက်ဝယ်ယူမှုနှင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက် နေမှုများသည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇နှင့် ညီညွတ်မှု ရှိ မရှိကို ဆန်းစစ်ရန် တိုက်တွန်းလိုပါသည်။

(၃) အဂတိလိုက်စားမှုမရှိရန်၊ ယှဉ်ပြိုင်မှုမှန်ကန်ရန်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုရှိရန်၊ အများအကျိုး ရှိရန်အလို့ငှာ ပစ္စည်းဝယ်ခြင်း၊ တည်ဆောက်ခြင်း၊ ငှားရမ်းခြင်းကိစ္စရပ်များအတွက် YRTA တွင် တင်ဒါခေါ်ယူရေး၊ ကြမ်းခင်းစျေးတွက်ချက်ရေး၊ တင်ဒါလက်ခံစိစစ်ရေး၊ အရည်အသွေးစစ်ဆေးလက်ခံရေး ကော်မတီများ ထားရှိသင့်ပါသည်။

(၄) ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် ငှားရမ်းခြင်းများအတွက် သတ်မှတ်ဘတ်ဂျက်ဘောင်အတွင်း ရှိရန်လိုအပ်ပြီး တင်ဒါလုပ်ငန်းစဉ် အစအဆုံးကို ဘဏ္ဍာရေးမှူးအား တရားဝင် စာရွက်စာတမ်းပေးထားသင့်ပါ သည်။

(၅) နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှုမရှိစေရန် ၂၀၁၇ မှ ယနေ့အထိ ကျသင့်သော ဝင်ငွေခွန်ကို ပေးဆောင် ခြင်းများ ပြုလုပ်သင့်ပါသည်။

(၆) အများပိုင်လုပ်ငန်းများ စုပေါင်းပြီး အစိုးရအာဏာဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ ဘတ်ဂျက်၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ တာဝန်၊ လုပ်ပိုင်ခွင့်များကို တိကျရှင်းလင်းစွာ ဆောင်ရွက်သင့်ပါသည်။

(၇) YRTA ၏ ပိုင်ဆိုင်မှုများပျောက်ဆုံးပျက်စီးမှုများ မရှိစေရန် အဆောက်အအုံ၊ ဆိုင်ခန်းများအရေအတွက်ကို အတိအကျစာရင်းဖော်ပြပြီး မှတ်တမ်းထိန်းထားသင့်ပါသည်။

(၈) လက်ရှိ YRTA ၏ ငွေသားပိုင်ဆိုင်မှုများကိုလည်း မလိုအပ်သော သုံးစွဲမှုမဖြစ်အောင် ဘဏ္ဍာရေးကြီးကြပ်မှု ကော်မတီတစ်ရပ် ဖွဲ့စည်း၍ဆောင်ရွက်စေသင့်ပါသည်။

(၉) နှစ်စဉ် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှု ခံယူသင့်ပါသည်။

(၁၀) YRTA ကို ခိုင်မာသည့်ဖွဲ့စည်းပုံ၊ စနစ်တကျ စီးပွားရေးဆန်သော ထိန်းကျောင်းမှုများဖြင့် ပြုပြင်ပြောင်းလဲ ခြင်းများ ပြုလုပ်သင့်ပါသည်။

နိဂုံး

အများပြည်သူနှင့်သက်ဆိုင်သော သယ်ယူပို့ဆောင်ရေးကဏ္ဍကို တာဝန်ယူထားရသည့် YRTA အနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့်မူဝါဒများ ချမှတ်၍ ပြည်သူကို ဝန်ဆောင်မှုပေးသော ပြည့်စုံကောင်းမွန်သည့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဆီသို့ ပြောင်းလဲရောက်ရှိရန် လိုအပ်မည်ဖြစ်ပါသည်။ ရှိသင့်ရှိထိုက်သော စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများ ထုတ်ပြန် ပြဌာန်းကျင့်သုံးစေပြီး ငွေကြေးအသုံးချမှုနှင့် စီမံခန့်ခွဲမှုများကို ပုံမှန်စစ်ဆေးခံယူခြင်းများ ပြုလုပ်သင့်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အထင်ရှားဆုံး ပြုပြင်ပြောင်းလဲမှုဖြစ်သည့် YBS လုပ်ငန်း အပါအဝင် YRTA ၏ လုပ်ငန်းအားလုံးကို လက်ရှိအစိုးရသက်တမ်းအတွင်း ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးရန်အထူးအရေးကြီးကြောင်း တိုက်တွန်းအပ်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts