All News Health Local News

မော်လမြိုင် ပညာရေးဝန်ထမ်း ကိုဗစ်လူနာ ၄၈၂ ကျောက်ဖြူသို့ ခရီးသွားခဲ့၊ နာရေးတစ်ခုလည်းသွားခဲ့ပြီး ထိတွေ့ခဲ့သူ များပြားကာ မန္တလာမင်းယာဉ်စီးနင်းခဲ့ဟုဆို

မော်လမြိုင် ပညာရေးဝန်ထမ်း ကိုဗစ်လူနာ ၄၈၂ ကျောက်ဖြူသို့ ခရီးသွားခဲ့၊ နာရေးတစ်ခုလည်းသွားခဲ့ပြီး ထိတွေ့ခဲ့သူ များပြားကာ မန္တလာမင်းယာဉ်စီးနင်းခဲ့ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှ ကိုဗစ် ရောဂါ ကူးစက်ခံရသော လူနာအမှတ် ၄၈၂ သည် ပညာရေးဝန်ထမ်းဖြစ်ပြီး လုပ်သက်ခွင့်ယူကာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ မိသားစုကျန်းမာရေးကိစ္စအတွက် သွားရောက်ခဲ့ပြီး ၁၄ ရက်ကြာခရီးစဉ်နှင့် ပြန်လည်ရောက်စဉ် ထိတွေ့သူ အများအပြားရှိကြောင်း မွန်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို အခုထိလိုက်နေတုန်းပဲ ကားအတူစီးခဲ့တဲ့အဖွဲ့တွေလည်း ပါမှာပေါ့။ ကားတစ်စီးတည်း စီးလာတဲ့သူတွေပေါ့။ မန္တလာမင်းနဲ့ပေါ့။ နောက်သူ့အိမ်သားတွေပါမယ်။ နောက်သူ နာရေးမှာ ထိတွေ့ခဲ့တဲ့ သူတွေပါတယ်ပေါ့။ ကျွန်တော်တို့ ရတဲ့စာရင်းအရဆိုရင် အခုကတော့ အတိအကျတော့ ပြောလို့မရသေးဘူး။ မနေ့ကထိတော့ အယောက် ၂ဝလောက်ကျော်မယ်ထင်တယ်။ သူ့နဲ့ ကားတစ်စီးတည်း အတူစီးခဲ့တဲ့ သူတွေပါပေါင်းရင် ၄ဝကျော်လောက်တော့ရှိနိုင်တယ်။ ကားတစ်စီးလုံးဆိုရင်လည်း မနည်းဘူးလေ” ဟု ၎င်းကပြောဆိုသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၈၂ သည် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရသည်။

ကိုဗစ်လူနာ ၄၈၂သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ မိသားစု ကျန်းမာရေးအခြေအနေအရ လုပ်သက်ခွင့် ၁၅ ရက်ယူကာ ခရီးသွားခဲ့သူဖြစ်ပြီး လက်ရှိချိန်တွင် ၎င်းနေထိုင်ရာမော်လမြိုင်မြို့ရှိ သိမ်းကုန်အရပ်ကိုလည်း Lock Down ပြုလုပ်ထားကြောင်း ဝန်ကြီးဒေါက်တာထိန်လင်းကဆက်လက်ပြောဆိုသည်။

“ ကျောက်ဖြူ ခရီးထွက်တယ်။ သူကလုပ်သက်ခွင့် ယူထားတယ်။ သူကလုပ်သက်ခွင့်ကို သြဂုတ်လ ၆ရက်နေ့ကနေ ၂ဝရက်နေ့ထိပေါ့။ သူက မော်လမြိုင်မြို့ကနေ ၅ရက်နေ့က ခရီးစထွက်သွားတယ်။ သူက ၁၉ရက်နေ့မှာ ပြန်ရောက်လာတယ်။ သူက ၂ဝရက်နေ့ထိ ခွင့်ယူထားတယ်ဆိုတော့ သူက ၂၁ရက်နေ့မှာ ရုံးပြန်တက်ရမှာပေါ့။ ကျွန်တော်တို့ ပညာရေးအဖွဲ့တွေက သူရောက်ရောက်ချင်း သိသွားတယ်လေ။ သူရခိုင်က ပြန်လာမှန်းသိသွားတော့ သူ့ကို Home Quarantine ပေးနေလိုက်တယ်။ ၂၁ရက်နေ့ကနေ စပြီးတော့ ၂၁ရက် ၂၂ရက်မှာ Home Quarantine ပေးနေထားပြီးတော့ ၂၃ရက်နေ့မှာ Quarantine စခန်းကိုခေါ်ဆောင်ပြီးတော့ ရောဂါပိုးစစ်ဆေးတာတွေလုပ်တော့ အခု ရောဂါပိုးတွေ့တယ်ပေါ့။ ရောဂါပိုးတွေ့တော့ အခုသူ့ကိုတော့ ဆေးရုံမှာရှိတဲ့ Isolation ward ကိုပို့ထားတယ်ပေါ့။ သူက နာရေးတစ်ခုကို ၂ဝရက်နေ့မှာ သွားလိုက်သေးတယ်။ ၂ဝရက်နေ့မှာသွားတော့ အဲအချိန်မှာ တွေ့တဲ့သူတွေက သူရခိုင်က ပြန်လာမှန်းသိသွားတော့ ပြည်နယ် ပညာရေးမှူးကို သတင်းပို့လိုက်တော့ ပြည်နယ်ပညာရေးမှူးက ချက်ချင်းပဲ သူ့ကို ရုံးကိုလည်း မတက်နဲ့တော့ Home Quarantine နေဆိုပြီးတော့ အဲလိုမျိုး ကျန်းမာရေးကို အကြောင်းကြားလိုက်တယ်။ ကျန်းမာရေးကလည်း ဘာရောဂါလက္ခဏာမှ မပြန်တော့ Home Quarantine နေဆိုပြီးတော့ သူ့ကိုလုပ်လိုက်တာ ကျောက်ဖြူကိုသွားတာကတော့ သူ့ မိသားစု ကျန်းမာရေးအရလို့တော့ ပြောတာပဲ ကျောက်ဖြူကိုသူက ကျွန်တော်တို့ဆီကို စာတင်တာကတော့ မိသားစု ကျန်းမာရေးကိစ္စနဲ့ သွားတယ်ပေါ့။ လုပ်သက်ခွင့်ယူပြီတော့လေ သူက မော်လမြိုင် သိမ်ကုန်းအရပ်မှာနေတာ အဲဒီမှာတော့ လမ်းကို Lock Down လုပ်ထားတယ်” ဟု ၎င်းကပြောဆိုသည်။

လက်ရှိချိန်တွင် မြန်မာနိုင်ငံ၌ ယနေ့ သြဂုတ် ၂၆ရက်နေ့ထိ ကိုဗစ်၁၉ ရောဂါ ကူးစက်ခံရသူ ၅၇၄ဦးထိ ရှိလာပြီဖြစ်ကာ ရောဂါပိုးကင်းစင်သူ ၃၄၁ဦး နှင့် သေဆုံးသူ ၆ဦးထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရသိရသည်။

ဓာတ်ပုံ- ကိုဗစ်လူနာအမှတ်စဉ် ၄၈၂ ကို လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်စဉ် ။ Photo Credit- Bo Bo Win Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts