All News Election Local News

မူဆယ်မြို့နယ်တွင် NLD အမတ်လောင်း ရွေးချယ်မှု အပေါ် မကျေနပ်၍ ရပ်ကျေးပါတီဆိုင်းဘုတ်တချို့ ဖြုတ်ချ

မူဆယ်မြို့နယ်တွင် NLD အမတ်လောင်း ရွေးချယ်မှု အပေါ် မကျေနပ်၍ ရပ်ကျေးပါတီဆိုင်းဘုတ်တချို့ ဖြုတ်ချ

ရန်ကုန်၊ သြဂုတ် ၁၈

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် အမှတ်(၁) ပြည်နယ်မဲဆန္ဒနယ် NLD ကိုယ်စား လှယ်လောင်းရွေးချယ်ရာတွင် မူလရွေးချယ်ထားသူအား ပြောင်းလဲ၍ ပြန်လည်ပြင်ဆင်ရွေးချယ်ခဲ့သည့်အပေါ် မကျေနပ်သဖြင့် ရပ်/ကျေးNLD ပါတီဆိုင်းဘုတ်တချို့ ဖြုတ်ချခဲ့ကြောင်း မူဆယ်မြို့နယ် မိုင်းယု ၁ဝ၅မိုင် NLD ပါတီရပ်/ကျေး ဥက္ကဋ္ဌ ဦးပေါ်တင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မူလက ရွေးချယ်ထားသော မူဆယ်မြို့နယ် အမှတ်(၁) ရှမ်းပြည်နယ်မဲဆန္ဒနယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်းထွေးနေရာတွင် ဦးစိုင်းထွန်းကိုကို ပြင်ဆင်ရွေးချယ်ခဲ့ခြင်းကြောင့် ဒေါ်စန်းစန်းထွေးသည် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါ ပြဿနာနောက်ဆက်တွဲ ရပ်/ကျေးပါတီဆိုင်းဘုတ်ချို့ ဖြုတ်ချမှု ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ ကျွန်တော်မနေ့က သေချာအောင်ဆိုပြီးတော့သွားကြည့်တယ်။ မော်တောင်းဘက် အိမ်တွေမှာ ပုဂ္ဂလိက အိမ်တွေမှာ ဆိုင်းဘုတ်တွေက တချို့ကဆိုရင် ဆိုင်းဘုတ်တွေ ကပ်ထားတာတို့ ထောင်ထားတာတို့ အရင်တုန်းကတော့ ၃ခုလောက်ရှိတယ်။ ၃ခုလောက်ရှိတော့ ကျွန်တော်တို့ မော်တောင်းမှာတော့ ဘေးပတ်ဝန်းကျင် မေးကြည့်တဲ့အခါကျတော့ ဘေးပတ်ဝန်းကျင်က အိမ်ရှင်က ဖြုတ်လိုက်တာလို့သိရတယ်။ အိမ်ရှင်ကနေပြီးတော့ ဒေါ်စန်းစန်းထွေး ပါမလာတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ နည်းနည်းစိတ် ကသိကအောက် ဖြစ်တယ်ထင်တယ်။ မူဆယ်မှာလည်း အရင် ဒေါ်စန်းစန်းထွေးကဦးဆောင်ပြီးေတာ့ သူလုပ်ထားတဲ့ အိမ်ရှင်တွေက ကျွန်တော်တို့ သွားမေးကြည့်တဲ့ အခါကျတော့ သူက ဒေါ်စန်းစန်းထွေးက ဒီပါတီမှာ မရှိတော့ဘူးဆိုရင် ရုံးခန်းလေးကို အလကားငှားပေးထားတာကို ဒေါ်စန်းစန်းထွေးလို တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုရင် နောက်လူတွေကို လက်မခံနိုင်ဘူးဆိုပြီး ဖြုတ်ပစ်တယ်” ဟု ၎င်းကပြောဆိုသည်။

ထို ပါတီဆိုင်းဘုတ်ဖြုတ်ချခဲ့သော ကျေးရွာတချို့မှာ မူဆယ်မြို့နယ်အတွင်းရှိ ဖိုင်ကျောင်းကျေးရွာအုပ်စု ကောင်းနားရွာ၊ နောင်ဆိုင်ကျေးရွာအုပ်စု နမ့်လှိုင်ရွာနှင့် မူဆယ်မြို့နယ် တော်ရွက်ရပ်ကွက် တို့ဖြစ်ကြောင်းသိရသည်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ပြောင်းလဲပြင်ဆင် ခန့်အပ်ခြင်းအပေါ် ကျေနပ်မှုမရှိသောကြောင့် မူဆယ်မြို့နယ်အတွင်းရှိ NLD ပါတီအဖွဲ့ဝင် ၆ဝဝခန့်က လက်မှတ်ထိုးကာ ပါတီဗဟိုအလုပ်အမှုဆောင်တာဝန်ရှိသူများထံ တိုင်းကြားထားကြောင်းသိရသည်။

“ လက်မှတ်ထိုးတာကတော့ တော်တော်များတယ်ဗျ။ ကျွန်တော်တို့ လက်မှတ်ထိုးတဲ့ အထဲမှာများတယ်ဆိုတာ ကျွန်တော်တို့ မိုင်းယုက ၁၅ယောက်လောက်ရှိမယ်။ ကျွန်တော်တို့လည်း ဘယ်လိုမှတားလို့မရဘူး။ သူတို့ မကျေနပ်ချက်တွေကော ပုဂ္ဂိုလ်ရေးအရ ခင်တာတွေကော ဘာတွေကော ပါမှာပေါ့။ နောက်ဆုံး တားလို့မရတော့လည်း လုပ်ချင်လည်းလုပ်ဆိုတော့ သူတို့ ဘေးပတ်ဝန်းကျင် အဖွဲ့ဝင် ဟုတ်တာတွေကော မဟုတ်တာတွေကော ရပ်ရွာမှာ ဒေါ်စန်းစန်းထွေး စည်းရုံးထားတဲ့ အဖွဲ့တွေက ရွာသူရွာသားတွေအများကြီးပေါ့။ ၆ဝဝကျော်လောက်တော့ရှိတယ်။ လက်မှတ်ထိုးထားတယ်။ မိုင်းယုကတော့ ၁၅ယောက်လောက်ရှိမယ်ထင်တယ်။ အဖွဲ့ဝင်တွေပေါ့” ဟု ဦးပေါ်တင်ကဆက်လက်ပြောဆိုသည်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ပြင်ဆင် သတ်မှတ်ခြင်းအပေါ် ကျေနပ်မှုမရှိသူများက မဲမပေးရန် ဆုံးဖြတ်ထားသည်ကို ကြားသိရကြောင်း ထိုသို့ ဖြစ်ပွားသွားခြင်းကြောင့် မဲကွဲသွားမည်ကိုလည်း စိုးရိမ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ အခုကျွန်တော်တို့ ကြားသိရသလောက်ကတော့ မဲမပေးတော့ဘူးပေါ့။ အဲလိုတွေဖြစ်ကုန်တာပေါ့။ ကျွန်တော်တို့က အဲတာတွေစိတ်မကောင်းတာပေါ့။ နောက်တစ်ခု စိတ်မကောင်းတာက ကျွန်တော်တို့ဆီလည်း ဒေါ်စန်းစန်းထွေးက မလာတော့ဘူး။ မလာဘဲနဲ့ တစ်သီးပုဂ္ဂလကို သူကလုပ်ပစ်လိုက်တာလေ။ တစ်သီးပုဂ္ဂလထဲကို ပြန်ပြီး ထူထောင်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ မဲတွေ အကုန်လုံး ကသိကလောက်ဖြစ်ကုန်မှာ စိုးရိမ်တာပေါ့။ ကွဲကုန်မှာပေါ့။ မဲကွဲကုန်မှာ စိုးရိမ်တာပေါ့” ဟု ဦးပေါ်တင် ပြာဆိုသည်။

မူဆယ်မြို့နယ် မိုင်းယု ၁ဝ၅ မိုင်မှ NLD ပါတီဝင် ဒေါ်ခင်ဌေးမြင့် ကလည်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အလုပ်မလုပ်သူကို ရွေးချယ်ခဲ့သည့်အပေါ် အံ့သြမိကြောင်း ပြောဆိုသည်။

“ ကျွန်မတို့က ပါတီမှာလည်း ၂ဝ၁၅ ပွဲတုန်းကတော့ အတူတူလှုပ်ရှားကျတာပေါ့။ နောက်ပိုင်းကျတော့သူက NLD ကမူဆယ်မှာ မနိုင်တဲ့အခါကျတော့ သူကမလုပ်တော့ဘူးဆိုပြီးတော့ ထွက်သွားတာ ထွက်သွားပြီးတော့ကျတော့ ဒီ၄၊၅ နှစ်အတွင်းမှာလည်း ကျွန်မတို့တွေက လုပ်နေမြဲ အတိုင်းလုပ်တာပေါ့။ ကျွန်မတို့လည်း အစည်းအဝေးဆိုသွားပေါ့။ အလုပ်သမားအဖွဲ့ဆိုလည်းသွား တောင်သူလယ်သမားအဖွဲ့ဆိုလည်းသွားပေါ့။ သူတို့ အလုပ်မလုပ်ဘဲနဲ့ လူကြီးတင်တယ်ဆိုတော့ ကျွန်မတို့လည်း အံ့သြပြီးတော့မှ အဲဒါ ကန့်ကွက်စာ တင်လိုက်တာ” ဟု ၎င်းကပြောဆိုသည်။

သို့သော် NLDပါတီကိုယ်စားလောင်းရွေးချယ်ခဲ့ရာတွင် အလုပ်မလုပ်သူကို ရွေးချယ်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသည့် အတွက် ဆက်လက်ဝန်းရံသွားမည်ဖြစ်ကြောင်း ဒေါ်ခင်ဌေးမြင့်က ဆက်လက်ပြောဆိုသည်။

NLDပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကမူ မူဆယ်မြို့နယ်မှ NLD ပါတီဆိုင်းဘုတ်တချို့ ဖြတ်ချမှုကို မကြားမိသေးဟု ပြောဆိုသည်။

“ အဲတာတော့ ကျွန်တော်တို့က မကြားဘူးဗျ။ ကျွန်တော်တို့ မကြားပါဘူးဆိုတာက ကျွန်တော်ဆီ သတင်းမရောက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ” ဟု NLDပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts