All News Local News Peace

ပြည်ထောင်စုသဘောတူညီချက် အစိတ် အပိုင်း ၃ ကို ယနေ့ ၂၁ ရာစုပင်လုံ ညီလာခံတွင် လက်မှတ်ရေးထိုးချုပ်ဆို

ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ၃ ကို ယနေ့ ၂၁ ရာစုပင်လုံ ညီလာခံတွင် လက်မှတ်ရေးထိုးချုပ်ဆို

ရန်ကုန်၊ ဩဂုတ် ၂၁

ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ၃ ကို နေပြည်တော်တွင် ဩဂုတ်လ ၂၁ ရက်နေ့က ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ စတုတ္တအကြိမ် အစည်းအဝေးတွင် လက်မှတ်ရေးထိုး၊ သဘောတူညီလိုက်ပြီဖြစ်သည်။ ပြည်ထောင်စု သဘောတူညီစာချုပ် အစိတ် အပိုင်း ၃ တွင် ကဏ္ဍ အပိုင်း ၃ ခု ပါဝင်နေသည်။

ပြည်ထောင်စုသဘောတူညီစာချုပ် အစိတ်အပိုင်း ၃ တွင် အပိုင်း ၁ အဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူချက် ၁၅ ချက်၊ အပိုင်း ၂ အဖြစ် ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ(ဇယား-၁) ၊ အပိုင်း ၃ အဖြစ် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူများဟူ၍ ၃ ပိုင်းပါဝင်သည်။

အပိုင်း ၁ ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူချက် ၁၅ ချက်

၁- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် ရှေးရှု၍ လွတ်လပ်မှု တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ ပါရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်။

၂- ပြည်ထောင်စုအတွင်းနေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး ဘာသာရေး ယဉ်ကျေးမှု နှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်းမပြုဘဲ တန်းတူ ညီတူ အခွင့်အရေး ရရှိစေရန်။

၃- နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ၊ သာသနာကို အလွဲသုံးစားမပြုရန်။နိုင်ငံရေးနှင့်ဘာသာရေး ရောယှက်ခြင်းမရှိသည့် နိုင်ငံတော်ကို ထူထောင်ရန် ။

၄-ငြိမ်းချမ်းရေးဆွေးနွေးပွဲများအကြား ဝိဝါဒ ကွဲပြားမှုများကို ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ရန်။

၅- သဘောတူစာချုပ်တွင် ဖော်ပြပါရှိသည့် နှစ်ဖက်အပြန်အလှန်ထားရှိသော ကတိကဝတ်များကို စောင့်ထိန်းရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း စသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန်၊ ဖြစ်ထွန်းလာမည့် တိုးတက်မှုများကို တစ်ဖက်နှင့်တစ်ဖက် အခွင့်အရေး မယူဘဲ သဘောတူစာချုပ်ပါ ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်။

၆- ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် ပြည်သူလူထု ဘ၀ မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်။

၇- တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCAတွင် ပါရှိသည့် အချက်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်သည့် အချက်များကို ဖော်ထုတ်ပြီး သက်ဆိုင်သည့် အစုအဖွဲ့များအကြား ဘုံတူညီသော နားလည်မှု၊ ဖွင့်ဆိုချက်များ ရရှိရေး အကျေအလည် ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန်။

၈- ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေး ပူးတွဲကော်မတီ UPDJC ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC တို့၏ အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ ကော်မတီများအတွင်း ပြန်လည် ဆွေးနွေးပြီး ပိုမို ထိရောက်ခိုင်မာစေရေးအတွက် နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် လိုအပ်သလို ဆောင်ရွက်ရန်။

၉- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ နောက်ခံ သမိုင်း၊ ရိုးရာ ယဉ်ကျေးမှု၊ စာပေ ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံ အသိအမှတ်ပြုရေး၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်း ဖော်ဆောင်ရန်
(မှတ်ချက်။ ။ ပြည်ထောင်စုလက္ခဏာ ဆိုသည်မှာ စည်းလုံးညီညွတ်သည့် တစ်ခုတည်းသော ပြည်ထောင်စုဖြစ်သည်)

၁၀- NCA ပါ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရန် လိုအပ်သည့် အချက်များကို နှစ်ဖက်တပ်များ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသွားရန် သဘောတူသည်။

၁၁- ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်ရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတစ်ရပ်တည်ဆောက်ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံမှ သဘောတူ ရရှိလာသည့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများဖြင့် နှစ်ဖက်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်သွားရန် သဘောတူညီသည်။

၁၂- (က) ပြည်ထောင်စု သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်ထောင်စု သဘောတူစာချုပ်၏ မူလ သဘောတူညီချက်များ ၊ တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး မူလသဘောတူစာချုပ် NCA ပါ အခြေခံမူများ၊ ဦးတည်ချက် ၊ ရည်ရွယ်ချက်များနှင့် သွေဖည်မှု မရှိစေရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA-S-EAO တို့မှ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိနှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စုသဘောတူညီစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ယန္တရားတစ်ရပ်ကို နှစ်ဖက်ညှိနှိုင်း သဘောတူညီမှုဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန်။

(ခ) ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ( NCA အပိုဒ် ၃၀ နှင့်အညီ) ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်စရာများကို လုပ်ဆောင်ခြင်းနှင့်လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာ ယန္တရားတစ်ရပ်ကို နှစ်ဖက် ညှိနှိုင်းသဘောတူညီမှုဖြင့် ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် သဘောတူညီသည်။

(ဂ) ပြည်ထောင်စုသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာတွင် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်များ (NCA အပိုဒ် ၃၀ နှင့်အညီ) အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ဟန်ချက်ညီ ဖော်ဆောင်သွားရန် သဘောတူသည်။

၁၃- ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက်များကို အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA အပိုဒ် ၂၀ ပါ နိုင်ငံရေး လမ်းပြမြေပုံအတိုင်းဆောင်ရွက်ရမည်။

၁၄- NCA ပါ သဘောတူညီချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် NCA အရ တရားဝင် ဖွဲ့စည်းထားသော ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီတို့၏ ပုံမှန်အစည်းအဝေးများကို သတ်မှတ်ချက်အတိုင်း ကျင်းပပြုလုပ်ပြီး နှစ်ဖက်သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် Bilateral အစည်းအဝေးများကိုလည်း Parallel ပြုလုပ် ညှိနှိုင်းဆွေးနွေးသွားရန် သဘောတူသည်။

၁၅ – ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံတွင် ရရှိသော သဘောတူညီချက်များကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အား UPDJC က လိုအပ်သလို ညှိနှိုင်းပြင်ဆင်ရန် သဘောတူသည်။

အပိုင်း ၂ ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဇယား ၁

အဆင့် (၁) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ အခြေခံများ တည်ဆောက်ရေး

အဆင့် ( ၂) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု ဖော်ဆောင်ရေး

အဆင့် ( ၃) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု ခိုင်မာရေး

ဒီမိုကရေစီနှင့်ဖက်ဒရယ်ဆိုင်ရာများ

၁- ဖက်ဒရယ် တည်ဆောက်ရေး
၂- အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး
၃- စီးပွားရေးနှင့်ဖွံ့ဖြိုးရေး
၄- ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ
၅- မြေယာနှင့်သယံဇာတ
၆-ဒီမိုကရေစီ တည်ဆောက်ရေး
၇-လူမှုသဟဇာတဖြစ်ရေး
၈- လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး
(NCA အပိုဒ် ၃၀ နှင့်အညီ)

အပိုင်း ( ၃ ) ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် ရှေးရှု၍ လွတ်လပ်မှု တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ ပါရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များမှ ရရှိသော အောက်ပါ လမ်းညွှန်အခြေခံမူများနှင့်အညီ တည်ဆောက်သွားမည်ဖြစ်သည်။

၁- နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်။

၂- ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အချင်းချင်းအကြားတွင်သော်လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ထူထောင်ထားရှိရမည်။

၃ – (က) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက် ခွဲဝေမှုနှင့်ဘဏ္ဍာရေးခွဲဝေမှုရှိရမည်။

(ခ) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ ၃ ဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာ ၃ ရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများသို့ ခွဲဝေအပ်နှင်းမည်။ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအကြား ဥပဒေပြုရေးဆိုင်ရာ အာဏာများနှင့်ပူးတွဲအာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွဲဝေ အပ်နှင်းပေးရမည်။

(ဂ) ပြည်ထောင်စုနှင့်တိုင်းဒေသကြီး/ ပြည်နယ်များသည် ခွဲဝေထားသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို ကျင့်သုံးပိုင်ခွင့်ရှိရမည်။

၄- တိုင်းဒေသကြီး/ပြည်နယ်အားလုံးသည် အချင်းချင်းလေးစားမှု ရှိပြီး အခွင့်အာဏာ တန်းတူရှိရမည်။

၅- နိုင်ငံသားတိုင်းအတွက် မူလအခွင့်အရေးများ(Fundamental Rights) နှင့် တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းရမည်။ နိုင်ငံသားတိုင်းသည် ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရှိရမည်ဖြစ်ပြီး ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ရှိရမည်။ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့်ဓလေ့ထုံးတမ်းစသည့်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အတွက် ဥပဒေ ပြဋ္ဌာန်းပေးရမည်။

မှတ်ချက်။ ။ တိုင်းဒေသကြီး/ပြည်နယ်များသည် အခွင့်အာဏာ တန်းတူရှိရမည်။ အမည်နာမသတ်မှတ်ချက်နှင့် ပတ်သက်၍ နောင်တွင် ဆက်လက်ဆွေးနွေးမည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts