All News Local News Peace

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ မှတစ်ဆင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းရှိဟု နိုင်ငံတော်အတိုင်ပင်ခံပြော၊ ဒီမိုကရေစီကို အင်္ကျီဝယ်သကဲ့သို့ ပုံတူ ကူးမချရန် ဒုတပ်ချုပ် ပြော

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှတစ်ဆင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းရှိဟု နိုင်ငံတော်အတိုင်ပင်ခံပြော၊ ဒီမိုကရေစီကို အင်္ကျီဝယ်သကဲ့သို့ ပုံတူ ကူးမချရန် ဒုတပ်ချုပ် ပြော

ရန်ကုန်၊ ဩဂုတ် ၁၃

ယခုဩဂုတ်လအတွင်း ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို သဘောတူညီကြမည်ဖြစ်ပြီး ယင်းစာချုပ်မှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်း ထင်ထင်ရှားရှား ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေး (JICM) တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ခေတ်အဆက်ဆက်မှာ နည်းလမ်းအမျိုးမျိုးနဲ့ ချည်းကပ်မှု ပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြပေမယ့် နှစ်ပေါင်း ၇၀ ကျော်တဲ့ ဒီနေ့ ဒီအချိန်တိုင်အောင် ဆက်လက်ပြီးတော့ ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။ ဒီကနေ့ ကျမတို့ ခေတ် ကျမတို့ ကာလမှာတော့ လက်နက်ကိုင်ဖြစ်ပွားရခြင်းရဲ့ ဇတ်မြစ်ဖြစ်တဲ့ အမျိုးသားတန်တူးရေးနဲ့ အမျိုးသားညီညွတ်ရေးအတွက် ဖြေရှင်းချက်ဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဖြစ်တယ်ဆိုတာကို အားလုံးက တညီတညွတ်တည်း အားလုံးက လက်ခံကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဘယ်လိုလုပ်ငန်းစဉ်နဲ့ ကူးပြောင်းမလဲ။ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဘယ်လိုအဆင့်တွေနဲ့ တည်ဆောက်ကြမလဲဆိုတာမှာ ကျမတို့ ကြားမှာ သဘောထားတွေ အမျိုးမျိုးအဖုံဖုံရှိနေကြခဲ့ပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ မတူကွဲပြားတဲ့ သဘောထားအမြင်တွေကို တစ်ထပ်တည်းကျအောင် တစ်ခုတည်းဖြစ်အောင် အတင်းအကျပ် ဖိအားပေးမှုတွေနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ နှစ်ပေါင်း ၇၀ ကျော် ကွဲပြားခြားနားတဲ့ သဘောထားတွေ ကြားကနေ ပြည်ထောင်စုကို ဘယ်လိုရှေ့ဆက်နိုင်မလဲဆိုတဲ့ ဘုံတူညီချက်ကို ဦးစွာ ကြိုးပမ်းခဲ့ကြရတာဖြစ်ပါတယ်။ နားလည်မှုတွေ မျှဝေကြရတယ်။ ယုံကြည်မှုတွေ တည်ဆောက်ကြရတယ်။ ဒီလိုမျိုး နားလည်မှု ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့အတွက် ကျမတို့ တိုင်းရင်းသားတွေရဲ့ဒဏ်ရာဒဏ်ချက်တွေ၊ ခံစားချက်တွေနဲ့ နာကျင်မှုတွေလိုအင်ဆန္ဒတွေကို ထပ်တူခံစားပေးနိုင်ဖို့ အထူးပဲ အရေးကြီးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းစဉ်တစ်ခု အသေးစိတ် အစီအစဉ်တစ်ရပ်ကို သဘောတူ ရှာဖွေနိုင်ခဲ့ပြီဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

“ဒီကနေ့မှာတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းတွေကနေ ကွဲပြားခြားနားမှုတွေကြားက အားလုံးသဘောတူ လက်ခံနိုင်တဲ့ အဆင့်လိုက် လမ်းစဉ်တစ်ခု အသေးစိတ်အစီအစဉ်တစ်ရပ်ကို သဘောတူ ရှာဖွေနိုင်ခဲ့ကြပါပြီ။ အဲဒါကတော့ နှစ်ဖက် ငြိမ်းချမ်းရေးအဖွဲ့တွေက တင်ပြလာခဲ့တဲ့ ၂၁ ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး စတုတ္တအကြိမ်အစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ရဲ့ မူကြမ်းပဲဖြစ်ပါတယ်။ ဒီသဘောတူစာချုပ်ဟာ ကျမတို့ ရင်ဆိုင်တွေ့ဆုံနေရတဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတစ်ခုကို ထင်ထင်ရှားရှားဖော်ပြနိုင်တော့မှာဖြစ်ပါတယ်။ ဒီစာချုပ်ဟာ ပြီးပြည့်စုံတဲ့ စာချုပ်ဖြစ်ပြီလားဆိုရင် မပြည့်စုံသေးဘူးဆိုတာ အမှန်အတိုင်း ရှုမြင်ကြဖို့ အမှန်အတိုင်း လက်ခံကြဖို့ လိုအပ်ပါတယ်။ ၂၀၂၀ အဆင့်အလိုက် အကောင်အထည်ဖော်မှုတွေမှာ အဆင့်လိုက် ခေါင်းစဉ်ကြီး ၈ ခုကို ဖော်ထုတ်နိုင်ကြပေမယ့် အသေးစိတ် ဆက်သွား ကြရမယ့် လုပ်ငန်းစဉ်တွေကို ဆက်ပြီး ညှိနှိုင်းကြရဦးမှာဖြစ်ပါတယ်။ အဆင့်လိုက်သွားမယ့် လုပ်ငန်းစဉ်တွေမှာ ဘယ်အချိန်မှာ ပြည်နယ်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဘယ်လို ရေးဆွဲကြမလဲ။ ပြည်ထောင်စုနဲ့ ပြည်နယ် အာဏာ ခွဲဝေမှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဘယ်လိုသွားကြမလဲ။ ဘယ်အဆင့်တွေမှာ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးတွေကို ဘယ်လို ပုံစံနဲ့ လုပ်ကြမလဲဆိုတဲ့ ကိစ္စရပ်တွေကို ဟန်ချက်ညီ ဖော်ဆောင်ဖို့ အသေးစိတ် ကျမတို့ ဆက်ပြီး ညှိနှိုင်းကြရဦးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကမူ ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် မိမိနိုင်ငံနှင့်ကိုက်ညီသော စနစ်ကို အကောင်အထည်ဖော်ရန်နှင့် အင်္ကျီဝယ်သကဲ့သို့ ပုံတူ ကူးမချရန် သတိပေးပြောဆိုသည်။

“ကျနော်တို့ အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေး ရလဒ်များနှင့်အညီ တည်ဆောက်ရာမှာလည်း မိမိနိုင်ငံရဲ့ ရေမြေသဘာ၀ ဓလေ့ ထုံးတမ်း စရိုက်လက္ခဏာတွေပေါ်မူတည်ပြီး မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပုံစံကိုသာ ချမှတ်သွားရမှာဖြစ်ပြီးတော့မှ မိမိနိုင်ငံ မိမိလူမျိုးတို့ရဲ့ စရိုက် လက္ခဏာနဲ့ မကိုက်ညီသော အများသူငှာ တိုက်တွန်းတဲ့ အချက်တွေ ပုံတူ ကူးချတဲ့ နည်းလမ်းတွေ အဓမ္မ သွပ်သွင်းတဲ့ပုံစံတွေအပေါ် သတိမမူ ဂူမမြင်ဘဲ ဆွေးနွေးချက်များ ရလဒ်များ မလိုအပ်ဘဲ အချိန်ကုန် လူပန်း ခရီးမတွင်မဖြစ်ရအောင်လည်း ယခု တက်ရောက်လာကြတဲ့ တာဝန်ရှိသူများအားလုံးနဲ့ မိမိတို့ အလုပ်အဖွဲ့ဝင်များ လက်အောက်မှာရှိကြတဲ့ ရဲဘော်ရဲဘက်များကို သတိပေးနေဖို့ လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်။ ဥပမာအားဖြင့် အင်္ကျီတောင်မှ ကိုယ်တိုင်းနဲ့ မချုပ်ဘဲ အသင့်ချုပ်ပြီးသား ဝယ်ဝတ်ရင် တစ်ယောက်နဲ့ တစ်ယောက် ဆိုက်ချင်း မတူသလို ဆိုက်တူရင်တောင်မှ ပခုံးအကျဉ်း အကျယ် လက်အတိုအရှည် ကွာခြားသလိုမျိုးဖြစ်တတ်တဲ့အတွက် ကိုယ့်ရေ ကိုယ့်မြေ ကိုယ့်ရဲ့ သဘာ၀ ကိုယ်ရဲ့ ဓလေ့ ထုံးတမ်းစဉ်လာ ကိုယ်ရဲ့ စရိုက် လက္ခဏာ ယဉ်ကျေးမှု မှာပဲ အခြေခံပြီးတော့မှ တို့တာဝန် အရေး ၃ ပါး ဦးတည်ချက်လည်း မပျောက်ပျက်စေဘဲ ဆက်လက် ဆွေးနွေးကြမှာဖြစ်ပြီး ရလဒ်ကောင်းများ ယခုထက်ပိုမို ရရှိပါစေကြောင်းလည်း ဆန္ဒပြုအပ်ပါတယ်” ဟု ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုသည်။

သြဂုတ်လအတွင်းကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ စတုတ္တအကြိမ်မြောက် အစည်းအဝေးသို့ ရခိုင်တပ်မတော် AA မှလွဲ၍ အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော အဖွဲ့များအားလုံးကို ဖိတ်ကြား သော်လည်း AA ကို မဖိတ်ကြားသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အစည်းအဝေး တက်၊ မတက် မသေချာသေးကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts