Editorial Peace political news

နိုင်ငံရေးတွင် စစ်တပ်သည် အားကိုးရာမဟုတ်ပါ

အယ်ဒီတာ့အာဘော်
နိုင်ငံရေးတွင် စစ်တပ်သည် အားကိုးရာမဟုတ်ပါ

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ခုမှ ခေါင်း ဆောင်များ ဩဂုတ်လ ၁၄ ရက်နေ့ တွေ့ဆုံခဲ့ကြသော သတင်းသည် ပြည်တွင်း၊ ပြည်ပနိုင်ငံရေးအသိုင်းအဝိုင်းတွင် ရိုက်ခတ်မှုကြီးလျက်ရှိသည်။

ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြချက်အရ တပ်ချုပ်က “ကျနော် မလုပ်ရဲတာ ဘာတခုမှ မရှိဘူး၊ အကုန်လုပ်ရဲတယ်တဲ့။ ဒါပေမယ့် တိုင်းပြည် နစ်နာမှာနဲ့ ပြည်သူနစ်နာမှာနဲ့ တပ်မတော်ရဲ့ အနာဂတ် ပျက်စီးမှာတို့ ဘာတို့ပဲ ကျနော် အကုန်လုံးကို စောင့်ပြီး ကြည့်နေတာတဲ့” ဆိုသော စကားရပ်နှင့် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားမျှတမှုမရှိ၍ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပေးထားချက်အတိုင်း ပါဝင်ဆောင်ရွက်ပေးရန် ဆိုသည့် မေတ္တာရပ်ခံသံများကြောင့် စစ်တပ် အာဏာသိမ်းမည်လောဆိုသော စိုးရိမ်မှုများကလည်း မြင့်တက်လာနေသည်။

၁၉၅၈ ခုနှစ်မှစတင်၍ စစ်တပ်သည် အိမ်စောင့်အစိုးရအဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းအစိုးရအဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းအစိုးရ အဖြစ်လည်းကောင်း ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၃ နှစ်ကျော် ဘောင်းဘီဝတ်နှင့် ဘောင်းဘီချွတ် ပုံစံအမျိုးမျိုးဖြင့် နိုင်ငံရေးစနစ်မျိုးစုံတီထွင်၍ ကြီးစိုးမင်းမူခဲ့ကြသည်။ ရလဒ်က တိုင်းပြည်မွဲပြာကျပြီး ပြည်တွင်းစစ်မီးက ပို၍ ကြီးမားစွာ တောက်လောင်ခဲ့ရပြီးဖြစ်သည်။

ရာစုနှစ်တစ်ဝက်ကျော် စစ်တပ်ကြီးစိုးသော စစ်အာဏာရှင်စနစ်ကြောင့် တိုင်းပြည်၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကဏ္ဍ ပေါင်းစုံနှင့် နယ်ပယ်ပေါင်းစုံတွင် ကုန်းကောက်စရာမရှိအောင် နိမ့်ကျခဲ့ရပြီး စစ်အာဏာရှင်ခေါင်းဆောင်များ၊ မိသားစုများနှင့် စစ်ဘက်နှင့် အဆင်ပြေသူများအားလုံး ကျိကျိတက် ဆွေစဉ်မျိုးဆက် ချမ်းသာသွားခဲ့ကြသည်။ ချမ်းသာနေကြဆဲဖြစ်သည်။

စစ်တပ်က ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီစုံ အထွေထွေရွေးကောက်ပွဲကျင်းပ၍ လူထု ရွေးကောက်တင်မြှောက်နိုင်သည့် အစိုးရ၊ အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာသည်မှာ အချိန်အားဖြင့် အလွန်းနည်းပါးလှသေးသည်။ လက်ရှိတွင် စစ်တပ်သည် လက်နက်ကိုင်အဖွဲ့ပေါင်းစုံကို ကွပ်ကွဲ၍ အရပ်သား အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိမနေသည့် Institution အဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ထိုသို့သော အခြေအနေတွင် လူထုကို အခြေပြုသော နိုင်ငံရေးသမားတိုင်း စစ်တပ်ကို အရပ်သားအုပ်ချုပ်အောက်မှု ထည့်သွင်းရန် ကြိုးပမ်းခြင်းဖြင့်သာ ဒီမိုကရေစီအပြည့်အ၀ အကောင်အထည်ဖော်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများသည် လူထုကိုသာ စည်းရုံး၍ ဒီမိုကရေစီ အပြည့်အဝရှိသော နိုင်ငံတော်သစ်ကိုသာ ဦးတည်ရမည်ဖြစ်သည်။

ထို့သို့မဟုတ်ဘဲ မိမိကို လူထုက မထောက်ခံတိုင်း၊ လူထု၏ ထောက်ခံမှုကို မိမိက မရတိုင်း၊ လူထုကို မစည်းရုံးဘဲ အခြေခံဥပဒေအရ အာဏာကြီးနေသည့် စစ်တပ်ကို အားကိုးရာ တစ်ခုအဖြစ် တိုင်တည်ခြင်း၊ နိုင်ငံရေး လမ်းကြောင်းထဲ အတင်းအကျပ် အပြည့်အ၀ သိမ်းသွင်းထိုးထည့်နေခြင်းမှာ အလွန်ပင် အန္တရာယ်ကြီးလှသည်။

ကမ္ဘာ့မည်သည့်နိုင်ငံတွင်မဆို စစ်အာဏာသိမ်းသည်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍအသီးသီးတွင် အနည်းနှင့်အများ ထိခိုက်ဆုတ်ယုတ်ခဲ့ကြသည်က အများစုဖြစ်သည်။ ပြည်တွင်းစစ်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များစွာ ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် စစ်အာဏာသိမ်းမှု ထပ်မံ ဖြစ်ပွားပါက နိုင်ငံ၏ အနာဂတ်၊ လူထု၏ အနာဂတ်မှာ ယခုအခြေအနေထက် ပိုမိုနိမ့်ကျရန်သာ ရှိနေပြီး ကောင်းမွန်လာရန် လုံး၀ (လုံးဝ) လမ်း မရှိပေ။

နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများသည် လူထုအခွင့်အရေးအတွက် မိမိတို့ကိုယ်တိုင် တိုက်ပွဲဝင်ရမည့်သူများဖြစ်ပြီး မတရားမှုများကို မိမိတို့ကိုယ်တိုင်က လူထုကို စည်းရုံး လှုံ့ဆော် ဟောပြော ဖော်ထုတ် တင်ပြကာ လူထုနှင့်အတူရပ်တည် သွားရမည်ဖြစ်သည်။

နိုင်ငံရေးတွင် လူထုကို ကျော်လွန်၍ လက်နက်ရှိသော အဖွဲ့၊ လက်နက်ကိုင်အဖွဲ့၊ စစ်တပ်ကို အားကိုးသော နိုင်ငံရေးသမားများသည် မိမိဖြစ်ချင်သော ရည်မှန်းချက်ပန်းတိုင်အတွက် အတ္တကြီးမားစွာ လုပ်ဆောင်လိုသည့် ရက်စက်ကြမ်းကြုတ်သူများဟုဆိုရပေမည်။ တစ်နည်းအားဖြင့် နိုင်ငံရေးအကြမ်းဖက်သမားများဖြစ်ကြသည်။

မည်မျှပင် တိုင်းပြည်နှင့် လူမျိုးဟု ကြွေးကြော်နေစေကာမူ နိုင်ငံရေးအကြမ်းဖက်သမားများသည် ဒီမိုကရေစီကို မယုံကြည်သူများဖြစ်ကြသည်။ ကိုယ်ကျိုးစီးပွားကို ဦးတည်သူများသာဖြစ်ကြသည်။ မိမိကိုယ်ကျိုးအတွက် မည်သူ့ကိုမဆို ချနင်းရန် ဝန်မလေးတတ်ကြပေ။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တရားမျှတမှု မရှိဟု ယူဆပါလျှင် နိုင်ငံရေးသမားများ၊ ပါတီများသည် လူထုကို စည်းရုံးရှင်းပြ၍ လူထုနားလည်အောင် ကြိုးပမ်းခြင်းဖြင့်သာ တိုက်ပွဲဝင်ရမည်ဖြစ်ပြီး နိုင်ငံရေး အကြမ်းဖက်သမားများ၏ လက်နက်ရှိသူ အားကိုးသောလမ်းစဉ်အတိုင်း မလုပ်ဆောင်ရန် အလွန်အရေးကြီးလှသည်။

နွမ်းကြေပျက်စီးနေပြီဖြစ်သော နိုင်ငံတော်သည် စစ်အာဏာသိမ်းမှု လုံး၀ (လုံးဝ) ထပ်မံ မလိုအပ်တော့သကဲ့သို့ အာဏာသိမ်းရန် တွန်းပို့သော နိုင်ငံရေးအကြမ်းဖက်သမားများကိုလည်း မလိုအပ်တော့ပေ။

နိုင်ငံတော်ကို ပျက်စီးစေမည့် စစ်အာဏာသိမ်းမှုများ ပြန်မလာစေရေးအတွက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများအနေဖြင့် မိမိတို့ကိုယ်တိုင် လောင်စာ၊ တို့မီး၊ ရှို့မီး မလုပ်ကြရန် အလွန်အရေးကြီးပါကြောင်း။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts