All News Election interview

” ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်တည်ဆောက်ဖို့အတွက် ကျေနပ်အားရခြင်းမရှိပါဘူး။ကာကွယ်ရေးဦးစီးချုပ်ရဲ့ မျက်နှာကို မြင်လိုက်တဲ့အချိန်မှာ စိတ်ပူပန်မှုတွေမရှိဘူး။ ပူပန်မှုကြောက်ရွံ့မှုမရှိဘူး။ အမျိုးသားရေးက ပစ်ပယ်လို့မရပါဘူး”

” ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်တည်ဆောက်ဖို့အတွက် ကျေနပ်အားရခြင်းမရှိပါဘူး။ကာကွယ်ရေးဦးစီးချုပ်ရဲ့ မျက်နှာကို မြင်လိုက်တဲ့အချိန်မှာ စိတ်ပူပန်မှုတွေမရှိဘူး။ ပူပန်မှုကြောက်ရွံ့မှုမရှိဘူး။ အမျိုးသားရေးက ပစ်ပယ်လို့မရပါဘူး”

By ရန်ကုန်ခေတ်သစ်

အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးမိုက်ကယ်ကျော်မြင့်နှင့် ဆက်သွယ်မေးမြန်းချက်

အမျိုးသားရေးဝါဒီနှင့် လှုပ်ရှားသူ ဦးမိုက်ကယ်ကျော်မြင့်သည် အခြေခံလူတန်း စားဘ၀ မြင့်မားရေးပါတီကို ထူထောင်၍ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်လျက်ရှိနေပြီဖြစ်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဦးမိုက်ကယ်ကျော်မြင့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်လောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိမလဲ။

ဖြေ။ ။ ၂၅ နေရာပါ။

မေး။ ။ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီးအဆင့် ဘယ်နေရာတွေ ဝင်ပြိုင်မှာလဲ။

ဖြေ။ ။ ပြည်ထောင်စု အဆင့်က ၁၁ယောက်ရှိပါတယ်။ ကျန်တာတွေက တိုင်းဒေသကြီးပါ။

မေး။ ။ ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့ အခါမှာ အမျိုးသားရေး လှုပ်ရှားသူတွေကို ဦးစားပေး ရွေးချယ်တာ တွေ့ရတယ်။ ဘယ်လိုကြောင့် ရွေးချယ်ဖြစ်တာလဲ။

ဖြေ။ ။ ကျွန်တော်တို့ ပါတီက အမျိုးသားရေးအခြေခံပြီး သွားတဲ့ပါတီပါ။ ဒါကြောင့် အမျိုးသားရေး အခြေခံစိတ်အားကောင်းတဲ့သူတွေကိုပဲ အဓိက ရွေးသွားတာဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့က ပြောရရင်တော့ လက်ရှိ ဒီမိုကရေစီရေး။ လူ့အခွင့်အရေးဆိုတာထက် ကျွန်တော်တို့က အမျိုးသားရေးနဲ့ စားဝတ်နေရေးကို ဦးစားပေးပါတယ်။ လက်ရှိကျွန်တော်တို့ပါတီရဲ့ မူက အဲတာကြောင့် အမျိုးသားရေးသမားတွေကိုပဲ ကျွန်တော်တို့ ဦးစားပေးပြီး ရွေးချယ်သွားတာဖြစ်ပါတယ်။

မေး။ ။ ကိုမိုက်ကယ်ကျော်မြင့်ကော ဘယ်မြို့နယ်မှာ ဝင်ပြိုင်မှာလဲ။ ဘယ်လွှတ်တော်ကိုယ်စားလှယ်နေရာလဲ။

ဖြေ။ ။ ကျွန်တော်က တောင်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ပြိုင်မှာပါ။

မေး။ ။ လက်ရှိ နိုင်ငံရေးဖြစ်စဉ်က ဘယ်လိုအခြေအနေရှိတယ်လို့ သုံးသပ်မိလဲ။

ဖြေ။ ။ လက်ရှိ မြန်မာ့နိုင်ငံရေးကတော့ ဝါးတားဂိတ်နဲ့ ဟစ်တလာနဲ့ အခုခုတော့ ပြည်သူတွေက ရမယ့် သဘောတော့ဖြစ်နေတယ်။ ဒါကျွန်တော်တို့ပါတီရဲ့အမြင်ပါ။

မေး။ ။ အခုတိုင်းပြည် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ပတ်သက်လို့ ဘာသုံးသပ်ချင်ပြောချင်ပါသလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်ကို ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးအရ ခင်မင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်သမီးဖြစ်တဲ့အတွက် ကျွန်တော်တို့က သူ့ကိုခင်မင်ရင်းစွဲရှိပါတယ်။ သို့သော် သူ့ရဲ့ အရည်အချင်းနဲ့ တိုင်းပြည်ကိုတည်ဆောက်တဲ့နေရာမှာ ကျွန်တော်တို့ အခြေခံလူတန်းစားတွေဘဝ မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။

လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ အဲဒီအတွက် ရှေ့လျှောက်သူ့ကို ကျွန်တော်တို့ တိုင်းပြည်ခေါင်းဆောင်အဖြစ် အားကိုးဖို့ မျှော်လင့်ဖို့ဆိုတာ ဒါကျွန်တော်တို့ အနေနဲ့ လက်ရှိမှာ စဉ်းစားသုံးသပ်ရမယ့် အပိုင်းတွေရောက်လာပါပြီ ဒါကြောင့် ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ဘက်က တိုင်းပြည်တည်ဆောက်ဖို့အတွက် ကျေနပ်အားရခြင်းမရှိပါဘူး။

မေး။ ။ ပါတီအနေနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်ရမယ့်ပါတီတွေက ဘယ်ပါတီတွေဖြစ်မလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ အဓိကကတော့ အာဏာရပါတီကို ကျွန်တော်တို့က ယှဉ်ပြိုင်ရမှာပဲလေ။ ကျန်တာအရာအားလုံးကတော့ အတိုက်အခံဆိုတာက သာမန်အချိန်မှာ အတိုက်အခံက ကြံ့ခိုင်ရေးဆိုပေမယ့်လည်း အခုချိန်မှာကတော့ အာဏာရပါတီလက်ထဲမှာရောက်နေတဲ့ ပြည်သူ့ central ကို ကျွန်တော်တို့ ဝိုင်းလုရမှာပေါ့။ အစွမ်းထက်တဲ့ သူတွေက ရမှာပေါ့။ ပြည်သူရွေးချယ်တဲ့သူတွေက ရမှာပေါ့။ အဲသဘောပါပဲ။

မေး။ ။ ပါတီရဲ့မူထဲမှာ အမျိုးသားရေးဦးစားပေးထားတာလည်းပါတယ်ဆိုတော့ အမျိုးသားရေးလှုပ်ရှားမှုတွေကော ဆက်လုပ်သွားဖို့ရှိမလား။

ဖြေ။ ။ ကျွန်တော်တို့က လွှတ်တော်တွင်းမှာပဲဖြစ်ဖြစ် ကျွန်တော်တို့က လွှတ်တော်ပြင်ပမှာပဲဖြစ်ဖြစ် လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားအရ အမျိုးသားရေးကတော့ ဘယ်တော့မှ ကျွန်တော်တို့ ပစ်ပယ်လို့မရပါဘူး။ အမျိုးသားရေးက ကျွန်တော်တို့ လိုအပ်ရင် လိုအပ်သလို တိုင်းပြည်ရဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ အမျိုးသားရေးအခြေအနေကို ကြည့်ပြီးတော့ အရှိန်ဟုန်ပြင်းသင့်ရင်ပြင်းရမယ်။ လျှော့သင့်တဲ့အချိန် လျှော့ရမယ်။ အမျိုးသားရေးကတော့ အမြဲတမ်း ကျွန်တော်တို့ပါတီမှာ ကိန်းအောင်းနေမှာပါ။

မေး။ ။ ရွေးကောက်ပွဲ မတိုင်ခင်ကော အမျိုးသားရေးလှုပ်ရှားမှုတွေ လုပ်ဖို့ရှိမလား။

ဖြေ။ ။ အခုအမျိုးသားရေးလှုပ်ရှားမှုတွေ ကျွန်တော်တို့ ရွေးကောက်ပွဲမတိုင်ခင် လက်ရှိအချိန်မှာလည်း ကျွန်တော်တို့ရှိနေပါတယ်။ ရှိတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့က အခုရှိ အစိုးရထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေ အမိန့်တွေအရ ကျွန်တော်တို့ လွတ်လပ်စွာဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ဥပဒေဘောင်ထဲက လှုပ်ရှားမှုလေးတွေကတော့ နေရာအနှံ့မှာ အမျိုးသားရေးသမားတွေက သူ့ဟာနဲ့သူတော့ရှိနေကျပါတယ်။

အရင်လိုမျိုး တိုင်းသိပြည်သိ လှုပ်ရှားမှုတွေ မပေါ်ဘူးဆိုတာကတော့ လက်ရှိကိုဗစ် ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် ဒီစည်းကမ်းဥပဒေတွေကို လိုက်နာနေရတဲ့အတွက် လှုပ်ရှားမှု ကြီးကြီးမားမားမပေါ်သေးတာပါ။

မေး။ ။ ပါတီ အနေနဲ့ ပြည်သူတွေကိုကော ဘယ်လိုမဲဆွယ်မလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ လက်သုံးစကားကတော့ အခုလက်ရှိကျွန်တော်တို့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ပြည်သူကိုပေးမယ့်ကတိကတော့ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ခိုင်မာတောင့်တင်းအောင်လုပ်မယ်။ အခွန်အတုတ်များကို လျော့ချမယ်။ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးသည် အမျိုးသားရေးနဲ့ စားဝတ်နေရေးပေါ့။ ဒါကျွန်တော်တို့ ပြည်သူကို မဲဆွယ်မယ့် အဓိကအချက်ပါပဲ။

မေး။ ။ ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မလုပ်ရဲတာဘာမှမရှိဘူး ဆိုတဲ့စကားကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ စစ်သားကတော့ စစ်သားစကားပဲ ပြောမှာပေါ့။ သို့သော် ကာကွယ်ရေးဦးစီးချုပ်က ကျုပ်တို့က တစ်တိုင်းပြည်လုံးက ပြောနေတာထက်စာရင် ကျွန်တော်တို့က ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့သူတွေလေ။

ကျွန်တော်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်ကို ပြောချင်တဲ့စကားတွေ ပေးချင်တဲ့ message တွေရှိတယ်။ သို့သော် ကျုပ်မပြောမထွက်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မျက်နှာကို မြင်လိုက်တဲ့အချိန်မှာ စိတ်ပူပန်မှုတွေမရှိဘူး။ ပူပန်မှုကြောက်ရွံ့မှုမရှိဘူး။

သို့သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ပုခုံးပေါ်မှာ တာဝန်တွေများပြီးတော့ တာဝန်တွေများပြားနေတဲ့ တာဝန်တွေအများကြီးကို ထမ်းနေရတဲ့ သူတစ်ယောက်ရဲ့ မျက်နှာ ကြင်ရည်လက္ခဏာ ပေါ်နေတဲ့အတွက် ကျွန်တော်တို့ ဘာမှမပြောခဲ့ဘူး။ ပြောချင်တာကတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အနေအထားသည် ကျွန်တော်တို့ တိုင်းပြည်ပေါ်မှာ စေတနာမှန်တဲ့ ဆုံးမသြဝါဒတွေကိုပြောခဲ့တယ်။ နောက်တစ်ခုက သူရဲ့ စိတ်ဓာတ်သည် တိုင်းပြည်ပေါ်မှာ ၂၄နာရီမပြတ် မျက်ခြည်မပြတ် သူကြည့်ရှု့နေတဲ့အပိုင်းလေးတွေ တွေ့ခဲ့ရတယ်။

မေး။ ။ ပါတီဆောင်ပုဒ် က ဘာဖြစ်မလဲ။

ဖြေ။ ။ ပါတီဆောင်ပုဒ်ကတော့ လက်ရှိမြန်မာပြည်မှာ ခေတ်စားနေတဲ့ အတိုလေးတွေ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်က ကျွန်တော် အတိအကျရွတ်ပြရမယ်ဆိုရင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ခိုင်မာတောင့်တင်းအောင်လုပ်မယ်။ ပြီးတော့ အခွန်အတုတ်များကို လျော့ချမယ်။ အဲတာကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ပါ။

မေး။ ။ ၂ဝ၂ဝ ရွေးကောက်ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်နိုင်မလား။

ဖြေ။ ။ ၂ဝ၂ဝ ရွေးကောက်ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်တာ မပြင်းထန်တာထက် ရွေးကော်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်မယ်ဆိုတဲ့ အရာတွေက တော်တော်အားနည်းနေပါတယ်။ ပြောချင်တာက ဒီရွေးကောက်ပွဲသည် မသမာမှုတွေ လိမ်လည်မှုတွေ အနိုင်ကျင့်မှုတွေ ဒီအရာတွေနဲ့ပဲ ရောသွမ်းပြီးတော့ ပြဿနာတစ်ခု ကျန်ခဲ့မယ့် ရွေးကောက်ပွဲလို့ပဲ ကျွန်တော်ဖက်က သုံးသပ်ထားတယ်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထိန်းကြောင်းမှုအောက်မှာ ကျွန်တော်တို့ပါတီတွေ သွားနေရတဲ့အပေါ်မှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မတရားမှုတွေ မမျှတမှုတွေ ကြုံရတယ်လို့ Complaint တွေက ပါတီတော်တော်များများကတက်နေတယ်။

တက်နေတဲ့ ကြားထဲကနေ ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်တဲ့အတွက် လက်ရှိကျွန်တော်တို့ အမြင်ကတော့ ဒီရွေးကောက်ပွဲသည် အင်မတန်မှ ပြိုင်ဆိုင်မှု ပြင်းထန်တာ မပြင်းထန်တာထက် အင်မတန်မှဒါစိုးရိမ်စရာကောင်းတဲ့ရလဒ်ပိုင်းဆိုင်ရာမှာ ပြည်သူလိုချင်သော ရလဒ်မဟုတ်ခဲ့ရင် စိုးရိမ်မှုလေးတွေ ကျွန်တော်တို့မှာရှိပါတယ်။

မေး။ ။ စိုးရိမ်တဲ့ရလဒ်ဆိုတာက ဘာပါလဲ။

ဖြေ။ ။ နိုင်ငံရေးပါတီတွေ ဆိုတာထက် တစ်တိုင်းပြည်လုံးရဲ့ အနေအထား အခု အကိုဆိုရင် အကိုယ့်အပိုင်းက အကိုယ့်တစ်ယောက်တည်းအနေနဲ့ပေးကြည့်လေ ဒီတိုင်းပြည်မှာ ဘယ်အစိုးရကို ငါတို့ခန့်အပ်ချင်တယ်။

ဘယ်အစိုးရကို ငါတို့အုပ်ချုပ်စေချင်တယ်ဆိုတဲ့ အမြင်ရှိတယ်။ ပြည်သူအများစုရဲ့ အမြင်က ဒီအစိုးရကို လက်ခံတယ်ဆိုတဲ့ အနေအထားမျိုးရှိတယ်ဆိုရင် ဥပမာ သဘောက ပြည်သူအားလုံးက ဒီပါတီကိုကြိုက်တယ်။ ပြည်သူအများစုက ကြိုက်တယ်ဆိုရင် ဒီပါတီအာဏာရရမယ်။

အကယ်၍ ပြည်သူအများစုက ဒီပါတီကို မကြိုက်ဘူး။ မကြိုက်ဘဲနဲ့ ဒီပါတီက အာဏာရသွားတယ်။ ဒီပါတီဟာ နိုင်စရာအကြောင်းမရှိဘဲနဲ့ နိုင်သွားတယ်။ ဒီပါတီဟာ အစိုးရဖွဲ့နိုင်တဲ့ အရည်အချင်းမရှိဘဲနဲ့ အစိုးရဖွဲ့နိုင်လောက်အောင် မဲနိုင်သွားတယ်ဆိုရင် ဒါတွေဟာ ပြဿနာတက်လာလိမ့်မယ်။

ကျွန်တော်တို့ အမြင်က ဒီဟာပါပဲ အဲတော့ ပြောချင်တာက မသမာမှုတွေ ဒီမိုကရေစီ စနစ်တိုင်းမှာတော့ မဲလိမ်မှု မဲခိုးမှုဆိုတာတော့ အကြိမ်တိုင်းမှာရှိနေမှာပဲ သို့သော်လည်း မဲလိမ်တာတွေ မဲခိုးတာတွေ ပြဿနာတွေဆိုတာက ခွင့်လွှတ်နိုင်သော ပြဿနာ ခွင့်လွှတ်နိုင်သော အမှားမျိုးဖြစ်ဖို့လိုတယ်။
ခွင့်မလွှတ်နိုင်တဲ့ အမှားတွေ မဖြစ်နိုင်တဲ့ အမှားတရားတွေနဲ့ ပြည်သူလူထုလက်မခံနိုင်လောက်တဲ့ လွဲချော်မှုတွေ ဖြစ်လာရင်တော့ ပြည်သူတွေက ငြိမ်ခံနေမှာတော့မဟုတ်ဘူး။ ဒါဆိုရင်တော့ တိုင်းပြည်အတွက် နည်းနည်းစိုးရိမ်ရပါတယ်။

မေး။ ။ ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဘယ်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ရှိမလဲ။

ဖြေ။ ။ လက်ရှိကတော့ ကျွန်တော်တို့က ဘယ်ပါတီမှ မဟာမိတ်ဖွဲ့ဖို့ဆိုတာ မရှိပါဘူး။ လက်ရှိလည်း ဘယ်ပါတီနဲ့မှ မဟာမိတ် မဖွဲ့ထားဘူး။ ကျွန်တော်တို့ ပါတီအနေနဲ့ လွှတ်တော်ထဲကို ရောက်သွားတဲ့ အခါကျရင်လည်း ကျွန်တော်တို့ တိုင်းပြည်ရဲ့ အမျိုးသားရေး တိုင်းပြည်ရဲ့ အခြေခံလူတန်းစားအရေးကို ဆောင်ရွက်နိုင်သော မည်သည့်အရောင် မည်သည့်ပါတီနဲ့မဆိုကျွန်တော်တို့ လက်တွဲသွားမှာဖြစ်ပါတယ်။

အဓိကတစ်ခုရှိတာကတော့ ကျွန်တော်တို့က တပ်မတော်အပေါ်မှာ အပြည့်အဝ နားလည်တယ်။ တပ်မတော်နဲ့ ကျွန်တော်တို့နဲ့ကတော့ အတိုက်အခံလုပ်ပြီးတော့ တပ်မတော်ကို ကလန်ကဆန်လုပ်ပြီးတော့ ကျွန်တော်တို့ပါတီက ရပ်တည်သွားမယ့် ပါတီတော့မဟုတ်ပါဘူး။

ဓာတ်ပုံ- တပ်ချုပ်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် မိုက်ကယ်ကျော်မြင့်။

Photo Credit – မိုက်ကယ်ကျော်မြင့် Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts