All News Health Local News

တောင်ဥက္ကလာမှ သင်္ဘောသားတစ်ဦး အပြင်ဆေးခန်းတွင် ဆေးစစ်ရင်း ကိုဗစ်ရောဂါ စစ်ဆေး တွေ့ရှိ၊ မည်သို့ ကူးစက်ခံရသည်ကို မသိရှိရသေး

တောင်ဥက္ကလာမှ သင်္ဘောသားတစ်ဦး အပြင်ဆေးခန်းတွင် ဆေးစစ်ရင်း ကိုဗစ်ရောဂါ စစ်ဆေး တွေ့ရှိ၊ မည်သို့ ကူးစက်ခံရသည်ကို မသိရှိရသေး

ရန်ကုန်၊ ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မာဃ ၆ လမ်းတွင် နေထိုင်သော သင်္ဘောသားတစ်ဦးသည် သင်္ဘောတက်ရန် အပြင်ဆေးခန်းတွင် ဆေးစစ်ရင်း ကိုဗစ်ရောဂါ စိစစ်တွေ့ရှိရကာ မည်သို့ ကူးစက်ခံရသည်ကို မသိရှိရသေးကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာန သို့ ပြောဆိုသည်။

အဆိုပါ ကိုဗစ်ရောဂါ စိစစ်တွေ့ရှိရသည့် သင်္ဘောသားကို ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး သူနှင့်ထိတွေ့ခဲ့သူများကို လိုက်လံရှာဖွေလျက်ရှိကြောင်း၊ လတ်တလော အထက ၃ မှကျောင်းသားတစ်ဦးကို မေးမြန်းလျက်ရှိကြောင်း၊ အဆိုပါ ကိုဗစ်လူနာ သင်္ဘောသားသည် ရန်ကုန်နှင့် နေရာအနှံ့ သွားလာထားသည်ဟု သိရှိရကြောင်း ဦးမိုးမြင့်က ရှင်းပြသည်။

” ဒါကတော့ မနေ့က တိုင်းကျန်းမာရေးကနေပြီးတော့ အပြင်သင်္ဘောသားပဲ ။ ပြန်ရောက်တာ ၂ နှစ်လောက်တော့ရှိနေပြီ။ ရန်ကုန်ကို ပြန်ရောက်လာတာ။ ဒီနေ့ သင်္ဘောထွက်ရမှာပေါ့။ မနေ့က ဆေးစစ်ချက်ရတော့ ကြည့်တော့ ဆေးစစ်ချက်မှာ Positive ဖြစ်နေတယ်ဆိုပြီးတော့ တိုင်းကျန်းမာကို အကြောင်းကြားတယ်။ တိုင်းကျန်းမာကနေ မြို့နယ်ကို အကြောင်းကြားတော့ မြို့နယ်ကနေ ညဘက်ကြီး သွားခေါ်ရတာ။ ည ၁၂ ခွဲ ၊ ၁ ချက်ပေါ့။ မနေ့ညက တွေ့တာပါ။ အပြင်ဆေးခန်းမှာ တွေ့တာ။ ခု သူနဲ့ Close Contact တွေ ရှာနေပြီ။ အခုတောင်မှ တစ်ယောက်သွားတွေ့နေတယ်။ သူ့အိမ်လာတဲ့ ထ- ၃ ကျောင်းသားတစ်ယောက်ကို အခု ကျနော်တို့ ရုံးခန်းမှာ မေးနေတယ်။ အုပ်ချုပ်ရေးမှူးရုံးခန်းမှာ။ သူ့အိမ်ကိုလာသူပေါ့။ သူနဲ့ပတ်သက်တဲ့ အချိတ်အဆက်တွေ ဘယ်လို အခြေအနေလဲဆိုတာ မေးမြန်းနေတာပါ” ဟု ဦးမိုးမြင့်က ရှင်းပြသည်။

အဆိုပါ သင်္ဘောသားသည် ကိုဗစ်မဖြစ်ခင်ကာလကတည်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

“သူကတော့ ၂ နှစ်ကျော်နေပြီ ပြန်ရောက်တာကဆိုတော့ သူသွားတာတွေက ရန်ကုန်တွင်းရော ဘာရော နှံ့နေပြီ။ ကိုဗစ်မဖြစ်ခင်က ၂ နှစ်ကျော်က တည်းက ရောက်နေတာကိုး။ အခုအချိန်အထိ ဘယ်လို ကူးစက်လဲဆိုတာ မသိရသေးဘူး။ အခုက မေးတုန်းမြန်းတုန်းပဲရှိသေးတယ်။ ဝေဘာဂီကို ပို့လိုက်ပါပြီ”ဟု ဦးမိုးမြင့်က ရှင်းလင်းပြောဆိုသည်။

လက်ရှိ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၇၄) ဦး ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ- တောင်ဥက္ကလာ၊ မာဃ ၆ လမ်း အခြေအနေများ။
Photo Credit – မရွှေမှုန်၏ ခွင့်ပြုချက်ဖြင့် ဓာတ်ပုံ ဖော်ပြသုံးစွဲပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts