interview Peace political news

တပ်ဗိုလ်မှူးအဖြစ်မှ AA ဘက်ပြောင်း သားဖြစ်သူကြောင့် ဖခင်အမတ်လောင်း ရွေးကောက်ပွဲ အဝင်မခံမှု ဂုဏ်သိက္ခာစော်ကားမှုဟုဆို

တပ်ဗိုလ်မှူးအဖြစ်မှ AA ဘက်ပြောင်း သားဖြစ်သူကြောင့် အဖေအမတ်လောင်း ရွေးကောက်ပွဲ အဝင်မခံမှု ဂုဏ်သိက္ခာစော်ကားမှုဟုဆို

By ရန်ကုန်ခေတ်သစ်

ကျောက်ဖြူမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်သည်။

သားဖြစ်သူ တပ်မတော်မှ ဗိုလ်မှူးအောင်မြင့်စိုးသည် ၂၀၁၈ ခုနှစ်တွင် ရခိုင်တပ်တော် AA ဘက်သို့ ဘက်ပြောင်းသွားသည့်အတွက် ရွေးကောက်ပွဲ ဥပဒေ အခန်း ၅ ပုဒ်မ ၁၀ (ဎ)နှင့်ငြိစွန်းသည်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲဥပဒေ အခန်း(၅)ရွေးကောက်တင်မြှောက်ခွင့်ရှိသူများနှင့် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသူများ ပုဒ်မ ၁၀ (ဎ) တွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ်ကြေညာခြင်းခံထားရသော အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျုးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် ဆက်သွယ်ကြောင်းခိုင်လုံသော အထောက်အထားရှိသူ ဟုဖေါ်ပြထားသည်။

ဦးဖိုးစံကမူ ၎င်းအနေဖြင့် လက်ရှိတွင် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရပ်တည်လျက်ရှိပြီး သားဖြစ်သူနှင့် အဆက်အသွယ်မရှိကြောင်း၊ အဆက်အသွယ်ရှိသည်ဆိုပါက ဥပဒေနှင့်အညီ အရေးယူနိုင်ကြောင်း၊ အဆက်အသွယ်မရှိဘဲ ၂၀၂၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ခံရခြင်းသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ဂုဏ်သိက္ခာစော်ကားမှုတစ်ရပ်ပင်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဦးဖိုးစံကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကျောက်ဖြူမှာ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဝင်ရောက်အရွေးချယ်ခံမှုကို ပယ်ချခံရတဲ့အခြေအနေကို ရှင်းပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့က ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ၊ ၁၄ ရက် နေ့မှာ ခရိုင်ကော်မရှင်မှာ ကန့်ကွက်မယ့်သူမရှိဘဲနဲ့ အတည်ပြုပြီးဖြစ်တဲ့ ( ဦးဖိုးစံကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချမှုစာ) အဲတာကိုပြီးတော့ ပြည်နယ်ကော်မရှင်ဆီပေးတယ်။ ပြည်နယ်ကော်မရှင်ကလည်း အတည်ပြုပြီးလို့ ပြည်ထောင်စု ကော်မရှင်ဆီရောက်သွားတယ်။ အဲဒီပြည်ထောင်စု ကော်မရှင်က ၂၂ရက်နေ့မှာ ခရိုင်ကော်မရှင်ကို စာရောက်လာတယ်။ အဲစာကို ၂၂ရက်နေ့မှာ ကျွန်တော့်ကိုခေါ်တယ်။

ခရိုင်ကော်မရှင်အဖွဲ့ အတွင်းရေးမှူးနဲ့ ကော်မတီဝင်အကုန်လုံးက အဲမှာ ဘာပါလည်းဆိုတော့ ဦးဖိုးစံဟာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁ဝ (ဎ) နဲ့ ငြိစွန်းတယ်ဆိုပြီး အဲလိုပြောတယ်။ ငြိစွန်းရတဲ့ အချက်အလက်တွေက ဘာပါလည်းဆိုတော့ ၂ဝ၁၈ ခုနှစ် မေလလောက်တွင် ကျွန်တော်ရဲ့ သားဖြစ်တဲ့ ဗိုလ်မှူးအောင်မြင့်စိုးဟာ တပ်နဲ့ ကင်းကွာပြီး ခွင့်မဲ့ပျက်ကွက်နေတယ် ဆိုတဲ့အကြောင်းပါတယ်။

အဲဒါကို ပြည်ထဲရေးဝန်ကြီးကဌာန ဆက်လက်စုံစမ်းတဲ့အချိန်မှာ AAတပ်ကို ရောက်ရှိသွားတယ်ဆိုပြီး သတင်းရရှိတဲ့အတွက် ဦးဖိုးစံဟာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁ဝ (ဎ)နဲ့ ငြိစွန်းဆိုပြီး အဲလို ဖော်ပြတယ်။ အဲနေ့မှာပဲ ကျွန်တော်က အဲရွေးကောက်ပွဲ ဥပဒေ ပုဒ်မဆိုတာက အဲမှာပါတဲ့ဖော်ပြချက်က နိုင်ငံတော်ကို လက်နက်နဲ့ ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့အစည်းကို ဆက်သွယ်ကြောင်း ခိုင်လုံသောအထောက်အထားရှိသူ ဆိုပြီးတော့ပါတယ်လေ။

ကျွန်တော်က အဲဒီ အောင်မြင့်စိုးနဲ့က ကင်းကွာသွားတာ ၁၆နှစ်ရှိပြီ ။ ကျွန်တော်တို့ မိသားစုထဲမှာလည်း သူကမရှိတော့ဘူး။ သူကတပ်ထဲရောက်သွားပြီးရင် ၂ဝ၁၈မှာ ပျောက်သွားတယ် ဆိုတဲ့ဟာကိုလည်းပဲ ကျွန်တော်တို့မြို့မှာရှိတဲ့ ခလရမှူးက လာပြီးအကြောင်းကြားလို့သာ သိရတာ AA ကိုရောက်သွားတယ်ဆိုတာကလည်း ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတဲ့စာအရပဲသိတာ။ ကျွန်တော်နဲ့က ဘာမှလည်း အဆက်အသွယ်မရှိဘူး။ စာလည်းအဆက်အသွယ်မရှိဘူး။ ဖုန်းလည်းအဆက်အသွယ်မရှိဘူး။

ဘယ်နေရာမှာ နေတယ်ဆိုတာလဲ ကျွန်တော်မသိဘူး။ ငွေရေးကြေးရေးဆိုလည်း သူကသော်လည်းကောင်း ကိုယ်ဆီကသော်လည်းကောင်း အပေး အယူလုပ်တာလည်းမရှိဘူး။ အဲတာကြောင့် ကျွန်တော်က ဒီဥပဒေ ပုဒ်မနဲ့ ကျွန်တော်မငြိစွန်းဘူးဆိုပြီးတော့ ငြင်းဆိုတယ်။ ကျွန်တော်က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို အယူခံတက်မယ်ဆိုပြီး အဲလိုပြောတော့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူးက ပြည်ထောင်စုက လာတဲ့ကိစ္စ ဖြစ်တဲ့အတွက် ပြည်နယ်တို့ ခရိုင်တို့ကို အယူခံတက်လို့မရဘူးဆိုပြီး ပြောတယ်။

အဲလိုပြောတဲ့အတွက်ကြောင့် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့ မှာ ကျွန်တော်က ပြည်ထောင်စု ကော်မရှင်အဖွဲ့ကို ကျွန်တော် အယူခံတက်တယ်။ ၂၇ရက်နေ့မှာ ကျွန်တော့်ကို ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက် တယ်ဆိုပြီး စာရောက်လာတယ်။

အဲမှာ ဘာပါလည်းဆိုတော့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်သည့်ကာလအတွင်း အယူခံတက်ရောက်မှု မရှိတဲ့အတွက် ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်တယ်ဆိုပြီး အဲလိုပါတယ်။ ဒီလိုဆိုရင် ကျွန်တော့်တို့ တွေ့တုန်းက ခရိုင်ကော်မရှင် အတွင်းရေးမှူးက အယူခံဝင်စရာမလိုဘူး။ ပြည်ထောင်စုကိုတက်ရမယ်ဆိုလို့ ပြည်ထောင်စုကို တက်တယ်လေ။

အဲတာကြောင့် ဒီကိစ္စဟာ တော်တော်ကိုကွဲလွဲနေတယ်။ ကျွန်တော်တို့ ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေမှာ ဘာပါလည်းဆိုရင် နည်းဥပဒေ လွှတ်တော် ၁(ခ)မှာ သက်ဆိုင်သူအား အမိန့်ချသည့်ရက်မှစ၍ ၇ရက်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ကော်မရှင်သို့ အယူခံနိုင်ကြောင်းပြောရမယ့်နောက် ထိုသို့ ပြောကြားပြီးကြောင်းကို မှတ်တမ်းတင်ရသည်တဲ့ ကျွန်တော့်ကို အယူခံဝင်နိုင်တယ်ဆိုပြီး ခရိုင်ကော်မရှင်အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေက မပြောဘူး။

နောက် နံပါတ် ၂ အယူခံနိုင်ရန်အတွက် ဆုံးဖြတ်ချက် မိတ္တူဖိုင် တစ်ဖိုင်ကို အမိန့်ချမှတ်ပြီးရင် အခမဲ့ထုတ်ပေးရမယ်၊ ကျွန်တော့်ကို အယူခံနိုင်တယ်ဆိုပြီး အမိန့်လည်းမချမှတ်ဘူး။ အဲဒါကြောင့်မို့ ဒီဟာက ဥပဒေနဲ့မညီဘူးပေါ့။ နောက်ပြီးရင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (ဎ) နဲ့ ငြိစွန်းရင် ကျွန်တော်ဟာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့အတွက် ကျွန်တော့်ကို တရားဥပဒေအရ အရေးယူဆောင်ယူဆောင်ရွက်လို့ရတယ်လေ။

အဲဒါကျတော့ ဘာလို့အရေးယူမဆောင်ရွက်တာလဲ။ အခုလွှတ်တော်ကိုယ်စားလှယ် ထပ်အရွေးခံမှ ဘာလို့ပယ်ချရတာလဲ။ အဲလိုရှိတယ်။ တကယ်လို့ ကျွန်တော်မှာ အပြစ်ရှိတယ်ဆိုရင် ကျွန်တော့်ကို အဲဒီရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (ဎ)နဲ့ ကျွန်တော့်ကို အရေးယူရမှာ အဲလိုအရေးမယူဘဲနဲ့ ကိုယ်စားလှယ်လျှောက်ပြီး အတည်ပြုပြီးနောက် ဒီလိုအရေးယူမှုလုပ်တာ ဒါ သက်သက်မဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်တာဖြစ်တယ်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ ဂုဏ်သိက္ခာကိုလည်း စော်ကားသလို ကျွန်တော်ခံစားမိတယ်။

မေး။ ။ ၂၀၂၀ မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခံရတဲ့အပေါ် ဘာမှတ်ချက်ပြုချင်လဲ။

ဖြေ။ ။ ကျွန်တော့်ကိုပဲ လုပ်တယ်ဆိုတာက ကျွန်တော်က ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တယ်။ နောက်ပြီး ကျွန်တော့်ရဲ့ ဒေသမှာ မဲဆန္ဒရှင်အများစုက ကျွန်တော့်ရဲ့ လုပ်ရည် ကိုင်ရည်တွေကို သဘောကျတယ်။ ကျွန်တော်က ပြည်သူလူထုအတွက် အတိုက်အခံလုပ်ပြီးဆောင်ရွက်မယ်။

လွှတ်တော်ဥပဒေနည်းဥပဒေနဲ့ ကျွန်တော်က အဲလို လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူဖြစ်တဲ့အတွက် အဲဒီကိစ္စတွေကိုလည်း သက်ဆိုင်ရာအစိုးရနဲ့ အဲပုဂ္ဂိုလ်တွေကလည်းသိတယ်။ ကျွန်တော့်မှာ အဲလို အမည်တော့ရှိတယ်။ ကျွန်တော်က ရခိုင်ပြည်နယ်လွှတ်တော်မှာ မေးခွန်းအများဆုံး ကြယ်ပွင့်ပြမေးခွန်းမေးတဲ့သူသည် ကျွန်တော်ပါ။ အဲတာကြောင့်မို့လည်း ကျွန်တော့်ရဲ့ မဲဆန္ဒနယ်မှာ ကျွန်တော်ဟာ ၇၅ ရာခိုင်နှုန်းလောက် ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ဆောင်ရွက်နိုင်ခြင်းဖြစ်တယ်။ အဲတာကြောင့်မို့ နောက်တစ်ကြိမ် မပါနိုင်အောင်လို့ ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အဲလိုလုပ်တယ်လို့ ကျွန်တော်စိတ်ထဲမှာ ခံစားရတယ်။ နစ်နာတာကတော့ ကျွန်တော့်ရဲ့ မဲဆန္ဒရှင်ပြည်သူတွေက အနစ်နာဆုံးပါပဲ။

မေး။ ။ အယူခံကလည်း တင်မရတော့ဘူးဆိုတော့ ဘာဆက်လုပ်မလဲ။

ဖြေ။ ။ ကျွန်တော့်ဖက် အယူခံတင်လို့မရဆိုရင် သူတို့ကို အသနား ခံစာ တစ်စောင်တော့ တင်ထားတယ်။ တင်တာက ၂၉ ရက်နေ့က ကျွန်တော်တို့ဆီမှာ လေယာဉ်လည်းမရှိ ကားလည်းမရှိဆိုတာ့ ကျွန်တော်နေပြည်တော်ကို ပို့ပြီးရင် ၂၉ရက်နေ့က ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် ၃၁ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အတည်ပြုတဲ့ကိစ္စ (ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်စာရင်းက ပယ်ဖျက် အတည်ပြုအကြောင်းကြားစာကိစ္စ) ကို ပြန်လည်ဆန်းစစ်ပေးပါဆိုပြီး တင်ထားတာတော့ရှိတယ်။

သူတို့ဘာဆက်လုပ်မလဲဆိုတာ တကယ်လို့ သူတို့ပြောနေတဲ့ နိုင်ငံတော်မှာ သူတို့လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ သွားမယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်တယ်။ ကျွန်တော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်မယ်။ တိုင်းရင်းသား ပါတီတွေနဲ့ သက်ဆိုင်ရာပါတီကြီးတွေနဲ့ အစိုးရအနေနဲ့ သူ့ဘက်က မှန်မှန်ကန်ကန် စစ်ဆေးပေးသွားရင် မမှားဖြစ်နေတဲ့ ကိစ္စကို အမှန်ဖြစ်အောင် ထိန်းကြောင်းပေးရင်တော့ အကောင်းဆုံးဖြစ်လာမယ်လို့ ထင်မြင်မိပါတယ်။

မေး။ ။ ဦးစံဖို သာပါဝင်ခွင့်မရရင် ဒီရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်မလဲ။ ဘာပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ ဒေသမှာကတော့ ပြဿနာက ၂ခုကတော့ တော်တော်များများဖြစ်နေတယ်။ အဓိက ကျွန်တော်တို့ ရခိုင်ဒေသဟာ စစ်ဘေးဖြစ်နေတယ်။ စစ်ဘေးရှောင်တွေရှိတယ်။ ကျွန်တော်တို့ ကျောက်ဖြူမှာဆိုရင် မကြာခဏ သံသယနဲ့ဆိုပြီး ဖမ်းဆီးခံရမှုတွေရှိတယ်။ နောက်တစ်ခါ ကိုဗစ်ရောဂါကလည်း သိပ်ပြီးများလာတယ်။

မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဥပဒေနဲ့ အဲလိုလုပ်တယ်ဆိုတော့ ကျွန်တော်အနေနဲ့ကတော့ ဒီရွေးချယ်တင်မြှောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်နိုင်လိမ့်မယ်လို့ မထင်ဘူးလို့ ကျွန်တော်ထင်မိတယ်။

မေး။ ။ ဘာများ ဖြည့်စွက်ပြောကြားချင်တာရှိလဲ။

ဖြေ။ ။ လူထုရဲ့ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြောချင်တာကတော့ ပထမဆုံး ကျွန်တော့်ကို ဆုံးဖြတ်ထားတဲ့ ကိစ္စဟာ မှားယွင်းနေတဲ့အတွက် ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၄ရက်နေ့မှာ အတည်ပြုသွားတဲ့ဟာကို ကျွန်တော်က ပယ်ဖျက်စေချင်တယ်။ ရခိုင်သူ ရခိုင်သား မဲဆန္ဒရှင်လူထုကို ပြောချင်တာကတော့ တကယ်အစိုးရက လိုချင်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ပြည်သူလူထုနဲ့အတူ လက်တွဲပြီး ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ်တစ်ခုရရှိရေးအတွက်ကို လူထုနဲ့အတူ လက်တွဲပြီး ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကို ကျွန်တော်ပြောချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts