interview Peace political news

“ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” ဆိုသော တိုင်းရင်းသားများအပေါ် မရိုးသားဟု တပ်ချုပ် အပြစ်တင်စကား ငြိမ်းချမ်းရေး ခက်ခဲလိမ့်မည်ဟုဆို

“ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း”ဆိုသော တိုင်းရင်းသားများအပေါ် မရိုးသားဟု တပ်ချုပ် အပြစ်တင်စကား ငြိမ်းချမ်းရေး ခက်ခဲလိမ့်မည်ဟုဆို

By ရန်ကုန်ခေတ်သစ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္တအကြိမ်မြောက် အစည်းအဝေးသည် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို သဘောတူညီချုပ်ဆိုပြီး ပြီးဆုံးသွားခဲ့ပြီးဖြစ်သည်။

၂၀၂၀ ကျော်တွင် ဆက်လက်လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထွက်ပေါ်လာသော်လည်း နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဆန့်ကျင်ဘက် မိန့်ခွန်းများကြောင့် အနာဂတ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပို၍ ပင် ခက်ခဲနိုင်သည်ဟု သုံးသပ်မှုများ ရှိလာနေသည်။

အထူးသဖြင့် သြဂုတ်လ ၁၉ ရက်နေ့ ၂၁ ပင်လုံညီလာခံ အစည်းအဝေး အဖွင့်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသော မိန့်ခွန်းကြောင့် တိုင်းရင်း သားများအကြား ရိုက်ခတ်မှုများ ကြီးမားနေပြီး အနာဂတ် ငြိမ်းချမ်းရေး လမ်းစဉ်များအပေါ် မေးခွန်းထုတ်မှုများရှိလာနေသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားများကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးမျိုးကျော် (အထွေထွေအတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် )

သူတို့သွားနေတဲ့ ပုံစံကြီးက မူလရှိနေတဲ့ ပုံစံထဲမှာပဲရှိတယ်။ အဲဒီပုံစံဆိုတာက အခုကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ကလည်း သူတို့ကတော့ ဦးဆောင်ပြီးသွားတယ်။ သူတို့နောက်ကလိုက်ရမယ်။ အတိုင်ပင်ခံကလည်း သူ့လက်ထက်မှာ ငြိမ်းချမ်းရေးကို သူတို့လိုချင်တယ်။ ကိုယ့်ကို ယုံကြည်သော အားဖြင့် လုပ်ကျရမယ်ဆိုတဲ့ဟာမျိုးတွေ ဒီနိုင်ငံမှာက ကျွန်တော်တို့မြင်တဲ့ အမြင်ကလေ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးက ဒီပုံစံသွားလို့ ရမယ်မထင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို တည်နေလို့ တိုင်းရင်း သားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းကို ယုံလို့ ဒီလွတ်လပ်ရေး ပင်လုံစာချုပ်ကို ချုပ်ကျတာလေ။ ဒါပေမယ့် သူနဲ့ အတူတူ ပင်လုံစာချုပ် အနှစ်သာရအကောင် အထည်ဖော်မှုလည်းမရှိဘူး။ အခုဟာကလည်း တပ်အင်အားရှိတဲ့သူတွေကလည်း သူ့အင်အားကို တည်ပြီးတော့ကျူံးဝါးတာတို့ ဘာတို့ရှိတာပေါ့။

အာဏာပိုင်တဲ့သူကလည်း သူတို့ဦးဆောင်နေတယ် အကုန်လုံးကနေပြီးတော့ အောက်ကလိုက်ရမယ်ဆိုတဲ့ဟာမျိုးတွေ ဒါကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး လက္ခဏာမှာ အဲဒီပုံစံကတော့ ဘယ်လိုမှသွားလို့မရောက်နိုင်ဘူးလို့ ကျွန်တော်ကတော့ အဲဒီလိုသုံးသပ်ချင်တယ်။ ငြိမ်းချမ်းရေး စကားပြောမယ့် အချိန်မှာ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာလာပြီးတော့ စိန်ခေါ်သလိုပေါ့ဗျာ(ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားနဲ့)။

ကျန်တဲ့တိုင်းရင်းသားတွေကို Challenge လုပ်တာမျိုးကတော့ အင်မတန်မိုက်မဲရာ ကျပါတယ်လို့ပဲ ပြောချင်တယ်။ ငြိမ်းချမ်းရေး စကားပြောမယ့် နေရာမှာ လာပြီးတော့ အဲလိုဟာမျိုးပေါ့။ ဘာဖြစ်လို့ဒီနိုင်ငံဟာ အဲလိုမျိုးဖြစ်နေကျတာလဲ။ ဘာကြောင့် ပုန်ကန်တာလဲ တော်လှန်တာလဲဆိုတာ သူ့ရဲ့ အခွင့်အရေးမရလို့ပေါ့။ အဲတာကြောင့် ငြိမ်းချမ်းရေးစကားလာပြောတာမှတ်လား။

အဲတော့ ဒီအခွင့်အရေးက ဒါတကယ်ကော ရသင့်ရထိုက်တဲ့ အခွင့်အရေးမဟုတ်ဘူးလား။ ဒီပြည်ထောင်စုဆိုတာက ၁၉၄၇၊ ၁၉၄၈ မှရလာတဲ့ပြည်ထောင်စုပါ။ အဲတာကို သမိုင်းကို အမျိုးမျိုးဖန်တီးပြီးလုပ်နေတော့ နှစ်ပေါင်း ၇ဝ သာကြာသွားတယ်။ အနှစ်သာရက အဲဒါမဟုတ်ဘူး။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ဦးဆောင်နာယက၊ ပအိုဝ်းအမျိုသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)

ဒီခေါင်းဆောင် ၂ဦးက သူတို့မိန့်ခွန်းတွေ ညှိနှိုင်းတိုင်ပင်တာမရှိတော့ သူ့အတွေးခေါ်သူရေး ကိုယ့်အတွေးခေါ်ကိုယ်ရေး သဘာမျိုးဖြစ်တယ်။ နောက်ဒုတိယတစ်ခုက နိုင်ငံတော်အတိုင်ပင်ခံ မိန့်ခွန်းကတော့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီလုပ်ငန်းစဉ် ရပ်ဆိုင်းနေတဲ့ ၂ဝ၁၉ နှစ်ကုန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကနေပြီးတော့ ဖက်ဒရယ်အခြေခံမူတွေ ဦးဆောင်ချမှတ်ပေးတဲ့အပေါ်မှာ ၂ဝ၂ဝမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်တည့်မတ်ပြီးတော့ ယာယီရပ်ဆိုင်းတဲ့ အဖွဲ့တွေပါ တရားဝင်ဆွေးနွေးပွဲထဲ ပြန်ပါလာတဲ့အပေါ်မှာ ဒါသူ့ရဲ့ အစိုးရရဲ့ achievement အနေနဲ့ ထုတ်ဖော်ပြောတဲ့အခါကျတော့ ရှေ့သွားရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ လက်ရှိအစိုးရက အင်တိုက်အားတိုက် ပံ့ပိုးပေးသလို ၂ဝ၂ဝ အလွန်မှာလည်းပဲ အာမခံချက်ရှိရေးအတွက် ဆွေးနွေးသွားတာတွေ့ရပါတယ်။

ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းကတော့ သမိုင်းကြောင်းတွေကို ပြန်ဖော်တာရှိတယ်။ ဒီကြားထဲမှာ ပေါ်ပေါက်လာတဲ့ ဝေဖန်ချက်တွေပေါ့ Comment တွေကို တုံ့ပြန်တာတွေ့ရတယ်။ တွေ့ရတော့ သမိုင်းကြောင်းတွေ ပြီးခဲ့တဲ့ဟာတွေကို တစ်ခုခြင်း တုံ့ပြန်နေတဲ့အခါကျတော့ Issue အလိုက် တစ်ခုခြင်း တုံ့ပြန်နေတဲ့အခါကျတော့ ရွေးကောက်ပွဲအတွက်သော်လည်းကောင်း ရွေးကောက်ပွဲလွန်ကာလအတွက်သော်လည်းကောင်း အဆိုပြုတင်ပြတဲ့ လမ်းညွှန်ချက်သဘောမျိုးက နည်းနည်းအားနည်းသွားတာတော့တွေ့ရတယ်။

ခေါင်းဆောင် ၂ယောက်ရဲ့ မိန့်ခွန်းကတော့ အဲတာကွာတာပေါ့။ သို့သော် မိန့်ခွန်းက တော်တော်လေး ပြည့်ပြည့်စုံစုံနဲ့ ရှည်ရှည်ဝေးဝေးပြောကျတယ်။ အားလုံးက နာရီဝက်ဆီလောက် အချိန်ယူပြီးပြောတာကတော့ ကောင်းတဲ့လက္ခဏာပါပဲ ဘာကြောင့်လဲဆိုတော့ ဒီအစိုးရလက်ထက်မှာ ၂၁ရာစုပင်လုံ အစည်းအဝေးက နောက်ဆုံးဖြစ်တဲ့အတွက် ဒီပေါ်မှာတော့ အရင်စုဆောင်းထားတဲ့ဟာတွေ ပါလာတဲ့သမိုင်းကြောင်းတွေကို စုပေါင်းတင်ပြတဲ့ သဘောဆိုတော့ နည်းနည်း မိန့်ခွန်းရှည်သွားတာလည်း ဖြစ်နိုင်တာပေါ့။ အဲလိုတွေ့ရပါတယ်။

ကျွန်တော်ထင်တာတော့ သူ့ရဲ့ရှုထောင့်က တစ်မျိုးဗျ။ ကျွန်တော်ထင်တာလေ အဲသလိုဆိုလိုတာကတော့ (ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားနဲ့) ကျွန်တော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ဝင်တယ်။ ဝင်ညှိတယ်ဝင်ပြောတယ်။ သို့သော် တစ်ဖက်ကလည်း ကိုယ့်တပ်တည်ဆောက်ရေးတို့ ဧရိယာတည်ဆောက်ရေးတို့ အင်အားတည်ဆောက်တာတို့ ဘဏ္ဍာရေးတည်ဆောက်တာတို့ လုပ်တယ်ပေါ့ဗျာ။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါတယ်။ ဖက်ဒရယ်လို့တော့ပြောတယ်။

ဒါပေမယ့် လက်တွေ့လုပ်နေတာကတော့ ဦးတည်ချက်က တစ်မျိုးဖြစ်တယ်လို့ သူသုံးသပ်ပြတဲ့ သဘောလို့ ကျွန်တော်မြင်တယ်။ အဲဒီလိုမြင်တော့ နည်းနည်းတော့ အသေးစိတ်ကျတာပေါ့။ ခေါင်းဆောင်တစ်ဦးအနေနဲ့ ယေဘုယျအားဖြင့်တော့ အဲသလို သုံးသပ်လို့ရပါတယ်။ အခုကသူက နည်းနည်းလေး ခက်ကြမ်းကြမ်းလေး သုံးသပ်ပြတဲ့ သဘောပေါ့။ အဲဒီလို သုံးသပ်ပြတဲ့အခါကျတော့ ကျွန်တော်တို့ ဆွေးနွေးချက်တွေမှာလည်း ဦးနုအစိုးရလက်ထက်တုန်းက အစိုးရကို ဗမာပြည်ကွန်မြူနစ်ပါတီက ပဲခူးရိုးမကနေ ခံတိုက်တာကို ခံတိုက်တော့ ဗမာပြည်ကွန်မြူနစ်ပါတီက အစိုးရကြောင့် အစိုးရပေါ်လစီတွေမှားလို့ ပြည်တွင်းစစ်ဖြစ်ပါတယ်ဆိုပြီး စွပ်စွဲပြီးတော့ တိုက်ခိုက်တဲ့သဘောပေါ့။

အဲဒီမှာတော့ ဦးနုအစိုးရ ဖဆပလ ပါတီအစိုးရခေတ်ကို ရည်ညွှန်းပြီးတော့ အခုကျတော့ ဒီစကားပြောင်းပြီးတော့ တပ်မတော်ကြောင့်လို့ လူတွေက စွပ်စွဲလာတာပေါ့။ အဲတာကို သူကပြန်လည်ချေပတဲ့အနေနဲ့ သူတို့အနေနဲ့ အစိုးရကိုသော်လည်းကောင်း နိုင်ငံတော်ကိုသော်လည်းကောင်း ကာကွယ်နေရတာပါဆိုပြီးတော့ ချေပတဲ့သဘောမျိုးတွေ့ရတယ်။ အဲဒီချေပဖို့အတွက် ပြောလာတဲ့ပုံစံမျိုးလို့တွေ့ရတယ်။

သို့သော်လည်းပဲ ကျွန်တော်တို့ လက်တွေ့ဖြစ်စဉ်မှာတော့ ပါတီတစ်ခုကြောင့် အစိုးရတစ်ခုကြောင့် နိုင်ငံတော်ကြောင့် အဲလိုပြောလို့မရပါဘူး။ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေမှာ ideology ရှိပါတယ်။ အဲတာက စနစ်တစ်ခု ကိုယ်စားပြုတဲ့သူပေါ့။ ဗဟိုချုပ်ကိုင်မှုစနစ် မဟာလူမျိုးကြီးဝါဒ အာဏာရှင်စနစ် စသည်ဖြင့် အဲလိုစနစ်ဆိုးတစ်ခုကို ဆုပ်ကိုင်ပြီးတော့ ကျင့်သုံးခဲ့ရင် ဒီစနစ်ကို ကျွန်တော်တို့က ပြောင်းလဲချင်လို့ ဖိနှိပ်တဲ့စနစ်ရှိရင် ဖိနှိပ်တဲ့စနစ်ကိုဖယ်ရှားပြီးတော့ တန်းတူညီတူ ကိုယ်ပိုင်ပြဌာန်းခွင့်လို အခွင့်အရေးလိုဟာမျိုးရရှိနိုင်ဖို့ လက်နက်ကိုင်ကျတာကို အဲဒီနေရာမှာ ဘာကို တော်လှန်လည်း ဘယ်သူ့ကို ဦးတည်လည်းဆိုတာထက်ကို မကောင်းတဲ့စနစ်ကို ဦးတည်တယ်။ မကောင်းတဲ့စနစ်ကို တော်လှန်မယ်ဆိုတဲ့ Philosophy ကို ကျွန်တော်တို့ကိုင်ထားတာ အဲစနစ်နဲ့ ပြောရင်တော့ ဘယ်သူမှမထိခိုက်ဘူးပေါ့။

ကျွန်တော်တို့က နိုင်ငံတော်ကို တော်လှန်ပုန်ကန်တာလည်း မဟုတ်ဘူး။ အစိုးရတစ်ရပ်ရပ်ကို တော်လှန်ပုန်ကန်နေတာလည်း မဟုတ်ဘူး။ ကျင့်သုံးတဲ့စနစ်ကို မကြိုက်လို့ စနစ်က မမှန်လို့ System Change လို့ခေါ်တာပေါ့။ ကျွန်တော်တို့ တော်လှန်ရေးမှာတော့ အဲလိုကြိုးစားနေကျတာ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့က မွမ်းမံပြင်ဆင်ချင်တာပေါ့ဗျာ။ သို့သော်လည်းပဲ ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ ယူဆချက်နဲ့ တိတိကျကျပြတ်ပြတ်သားသားပြောတာလည်း တစ်ဖက်ကတော့ကောင်းတာပေါ့။

တစ်ဖက်ကတော့ Systemကြောင့်ဆိုတာကို ကျွန်တော်တို့ကတော့ တင်ပြချင်တာပေါ့။ ကျွန်တော်ထင်တာတော့ ဒီလောက်မဟုတ်ဘူးဗျ။ အခုကွဲလွဲတာတွေက အတိတ်က သမိုင်းကြောင်းကို သုံးသပ်တဲ့နေရာမှာ ကွဲလွဲတာဗျ။ ရှေ့ဆက်ခရီးမှာတော့ ကျွန်တော်ထင်တယ်။ Proposal တွေတော့ သိပ်ကွဲတာတော့ သိပ်မတွေ့ဘူး။ ၂ဝ၂ဝကို အားလုံးက အာရုံစိုက်တယ်။

ပြည်သူလူထုအတွက် အသက်သွေးကြောဖြစ်တယ်။ ပါတီစုံဒီမိုကရေစီ စနစ်အတွက် အရေးပါတယ်။ ဒီ၂ဝ၂ဝ အဲတော့ ဒီရွေးကောက်ပွဲကို အားလုံးအာရုံစိုက်တယ်ဆိုတာတော့ ခေါင်းဆောင် ၂ယောက်စလုံးတူတယ်။ သို့သော် ၂ဝ၂ဝ အလွန်အခင်းအကျင်းကတော့ နည်းနည်းကွာမှာပေါ့ဗျာ။ အဲဒီ ၂ဝ၂ဝ အခင် းအကျင်းနဲ့ ပတ်သက်လို့သော်လည်းကောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့သော်လည်းကောင်း အဲဒီမှာတော့ များများစားစား ပြောတာသိပ်မရှိဘဲနဲ့ ကွာဟမှုလည်း သိပ်မရှိဘူးလို့ ပြောနိုင်တာပေါ့။

ဦးမင်းဇေယျ ၊ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ

၂၁ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံဆိုတာက ငြိမ်းချမ်းရေးကို အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးကို အကြိုပြု အထောက်အကူပြုမယ့် စကားလုံးတွေကို သုံးနှုန်းရမှာလေ။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ စကားဟာ စတင်ပြီး ပြောကတည်းက ပြီးဆုံးသွားတဲ့အထိ သူ့ရဲ့ ပြောဆိုချက်တွေဟာ ကျွန်တော့် တစ်ဦးတည်း အမြင်အရပြောပြော တော်တော်များများရဲ့ သုံးသပ်ချက်အရပဲပြောပြော အပြုသဘောမဆောင်ဘူးလို့ပဲ ခံစားရတယ်ဗျ။

ပြောချင်တဲ့သဘောက NCA လမ်းကြောင်း အတိုင်းကို သွားတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ အကျပ်အတည်းတွေ အထစ်အငေါ့တွေကို ပြေလည်ရာပြေလည်ကြောင်း တူညီရာတူညီကြောင်း အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှု သဘောဆောင်တဲ့ အပြောအဆို အပြုအမူ အလုပ်အကိုင်မျိုးတွေ လုပ်ဖို့လိုတယ်ဆိုတာကို လွန်ခဲ့သော နှစ်တွေတည်းက အကြိမ်ကြိမ်ပြောခဲ့ဆိုခဲ့ ဆွေးနွေးခဲ့ကျတာပဲ။

ဒါပေမယ့် ဒီတစ်ခေါက်ပြောတဲ့ ကာချုပ်ရဲ့ မိန့်ခွန်းစကားတွေဟာ ပွင့်ပွင့်လင်းလင်း သူပြောတဲ့ စကားအတိုင်းပြောရမယ်ဆိုရင်တော့ ဆိတ်ခေါင်းချိတ်ပြီးတော့ ခွေးသားရောင်းတာကို မသိလို့ ဝယ်မိတဲ့သူတွေ အခုမသိလို့ စားမိတဲ့သူတွေက ဒီနောက်ပိုင်း သိသွားတဲ့အခါကျတော့ ဘယ်လိုဖြစ်သွားလည်းဆိုတော့ ဆိတ်ခေါင်းချိတ်ပြီးတော့ ဆိတ်သား အမှန်အကန်ပဲ ရောင်းဦးတော့ အဲဒီဆိတ်သားကို မယုံတော့ဘူး။

အဲဒီတော့ ပြောချင်တာကတော့ မယုံကြည်မှုတွေကို ဘယ်လိုတည်ဆောက်မလဲ။ မညီညွတ်မှုတွေကို ညီညွတ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ဒီအပြုသဘောဆောင်တဲ့ စကားလုံး အသုံးအနှုန်းမျိုးမဟုတ်ဘဲနဲ့ တစ်ဖက်ကိုပဲ အပြစ်ပုံချပြီးတော့ ကိုယ်ကျတော့ ခြောက်ပစ်ကင်း သဲလဲစင်ပုံစံမျိုးဆိုတာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ပဲပြောပြော စည်းလုံးညီညွတ်ရေးအတွက်ပဲပြောပြော ဘယ်လိုမှဒါက အပြုသဘောမဆောင်ဘူး။

တကယ်တမ်းဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေနဲ့ Stakeholder တစ်ယောက်အနေနဲ့ ဒီလိုအခမ်းအနားမျိုးတွေမှာ ဒီလိုစကားလုံးမျိုး သုံးသင့်မသုံးသင့်ကို စဉ်းစားမိလားတော့ မပြောတတ်ဘူးပေါ့။ ဒါပေမယ့် ကြားရတဲ့ လူတိုင်းအတွက်တော့ စိတ်မကောင်းဘူး။ ဘယ်လိုမှ သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းအတွက်လည်း အထောက်အကူမပြုသလို အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်မယ့် လုပ်ငန်းစဉ်တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း အပြုသဘောထက် အပျက်သဘော ပိုဆောင်တယ်။

ဒီသဘောထားပေါ်မှာ ကျန်တဲ့ Stakeholder တွေကော ကျန်တဲ့ပြည်သူတွေကပါ။ တော်တော်လေးတော့ စိတ်မကောင်းဖြစ်ကျမှာပဲ ကျွန်တော့် အမြင်အရ ပြောရမယ်ဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ၂၁ရာစု ပင်လုံ စတုတ္ထအကြိမ် ညီလာခံမှာ ပြောတဲ့ မိန့်ခွန်းစကားသည် ဘယ်သူ့ကိုမှ အကျိုးမပြုပါဘူး။ တပ်မတော်အတွက်လည်း အကျိုးမရှိသလို အစိုးရအတွက်လည်း အကျိုးမရှိဘူး။

တစ်ခါ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေတဲ့ Stakeholder အားလုံးအတွက်လည်း အကျိုးမရှိဘူး။ ဒီနေရာမှာ ကျွန်တော်က မေတ္တာရပ်ခံချင်တာက တပ်မတော်အနေနဲ့ တပ်မတော်အကြီးအကဲတွေအနေနဲ့ တကယ်တမ်း ငြိမ်းချမ်းရေးကို လိုချင်ကြောင်း တကယ်တမ်းအမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ချင်ကြောင်း တကယ်တမ်း ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ကိုတည်ဆောက်ချင်ကြောင်းကို အပြောနဲ့ မဟုတ်ဘဲနဲ့ လက်တွေ့ကျတဲ့ အပြုအမူတွေ လုပ်ဆောင်ချက်တွေ နောက်တစ်ခါ အပြုသဘောဆောင်တဲ့ စွဲဆောင်မှုသဘောဆောင်တဲ့ စကားလုံးအသုံးအနှုန်းတွေ အပြုသဘောဆောင်တဲ့ စကားလုံးနဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်နဲ့ တွဲပြီးတော့ မြန်မြန် အကောင်အထည်ဖော်နိုင်မှသာလျှင် ကျန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ Stakeholder တွေက ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာမယ်လို့ မှတ်ချက်ပြုချင်ပါတယ်။

ဒေါ်နော်သဇင်တုပ် ၊ဗဟိုတွဲဖက်အတွင်းရေးမှူး၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ

အာဏာကို ယူကျတဲ့နေရာမှာ ကျွန်မတို့က လက်နက်အားကိုးပြီး အာဏာကို အရယူတာမျိုးရှိသလို ကျွန်မတို့က ကျော်ကြားမှုတို့ ကျော်ဇောမှုတို့နဲ့ ယူလို့ရတဲ့ အာဏာမျိုးလည်းရှိသလို ငွေနဲ့ယူလို့ရတဲ့ အာဏာမျိုးလည်းရှိတယ်ပေါ့။ ကျွန်မတို့ လက်နက်ကိုင်တဲ့ သူတွေကြီးပဲ အာဏာကို တစ်ဖက်သက်ယူတယ်လို့ ပြောလို့မရဘူးပေါ့။

ဘာပဲဖြစ်ဖြစ် အားလုံးက သူ့နည်းသူ့ဟန်နဲ့ ကိုယ့်ဘက်ကရှိတဲ့ Resource နဲ့ ကိုယ့်အာဏာကို ယူတာပဲပေါ့။ ကျွန်မတို့က လက်နက်ကိုင်တွေကိုပဲ ကျွန်မတို့က အပြစ်ပြောလို့မရသလို တစ်ဖက်ကို စောင်းပေးပြီးပြောလို့မရဘူး။ ပြောချင်တာကတော့ အထူးသဖြင့် ဒီ ၂၁ပင်လုံမှာ ပြောတဲ့ မိန့်ခွန်းတွေက ကျွန်မတို့ဖြစ်စေချင်တာ ဒါငြိမ်းချမ်းရေး ဖြစ်စဉ်ကို သွားတာလေ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားတဲ့အခါကျတော့ ကျွန်မတို့က စာရွက်ပေါ်မှာ ရေးထားတဲ့ဟာတွေကို သွားပြီးတော့ ဖတ်ပြတာကတော့ ကျွန်မတို့ ငြိမ်းချမ်းရေးကို သွားလို့မရဘူးလို့ ကျွန်မမြင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သွားဖတ်ပြတဲ့စာတွေက အားလုံးက တစ်ဖက်ကို အပြစ်ပုံပြောနေတာကြီးပဲလေ တစ်ဖက်က အပြစ်ကြီးပဲပြောပြီးတော့ ကိုယ်က ဘာမှအပြစ်မရှိဘူးဆိုတဲ့ သဘောကို သက်ရောက်နေတာ တကယ်တမ်းဖြစ်သင့်တာပေါ့နော်။ ကျွန်မတို့က ငြိမ်းချမ်းရေးကိုသွားရင် တကယ်ဖြစ်သင့်တာက အားလုံးက ကိုယ်ဘာမှားခဲ့တယ်ဆိုတာကို ပြန်သုံးသပ်ရမှာပေါ့။ ဒီဘက်က ဘာမှားတယ် ဟိုဘက်က ဘာမှားတယ်။

ကျွန်မတို့ အမှားတွေကို ရှာပြီးတော့ အဖြေမှန်ကို ပြန်ထွက်ရမှာလေ ဒါမှ ကျွန်မတို့ အရွေ့တစ်ခုကို ကောင်းကောင်းသွားလို့ရမှာပေါ့။ အပြစ်တွေပဲတင်နေရင် ကျွန်မတို့ အရွေ့တစ်ခုကို ကောင်းကောင်းသွားလို့မရဘူး။ ကျွန်မတို့ အပြန်အလှန် အပြစ်တွေတင်မယ့်အစား ကျွန်မတို့ ဖြစ်စေချင်တာက ကိုယ့်ရဲ့ မှားခဲ့တဲ့အရာတွေကို ကျွန်မတို့ ချပြပြီးတော့ ဒါတွေကို ကျွန်မတို့ ဘယ်လိုပြန်လည်ပြုပြင်ပြောင်းလဲရမယ်လို့ စဉ်းစားမှ ကျွန်မတို့ အနာဂတ်အတွက် သွားလို့ရမယ်လေ။ တူညီတဲ့ ဘုံသဘောထားတစ်ခုကတော့ အားလုံးကတော့ တိုင်းပြည်ကို ငြိမ်းချမ်းချင်တယ်။ ဖွံ့ဖြိုးချင်တယ်။

အဲဒါ ဘုံသဘောတူညီချက်ရှိပြီးသားပဲ တိုင်းရင်းသားလက်နက်ကိုင်တွေမှာ လည်းရှိသလို ကျွန်မတို့ စစ်ဘက်ဆိုင်ရာမှာလည်းရှိတယ်။ ကျွန်မတို့ လက်ရှိအစိုးရ ဒီမိုကရေစီအစိုးရမှာလည်း ဒီသဘောထားရှိတယ်။ ကျွန်မတို့က ဘုံသဘောတူညီချက်က တူနေရဲ့သားနဲ့ ကျွန်မတို့သွားတဲ့လမ်းကြောင်းတွေက လွဲနေတာပေါ့။ ဒါက ကျွန်မတို့ပြန်သုံးသပ်ရမယ့် အပိုင်းဖြစ်သွားပြီပေါ့။ ကျွန်မတို့ မိန့်ခွန်းတွေနဲ့ သွားပြောပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေပုံချပြီးတော့ ဟိုက အပြစ်မရှိတဲ့သူကို ကျွန်မတို့ ပြောမယ့်အစား ဘယ်သူတွေက ဘာမှားလဲဆိုတာ ချရေးကျပြီးတော့ အပြန်အလှန် ဘယ်လိုပြုပြင်ပြောင်းလဲရမလည်းဆိုတော့ သွားရင်တော့ ပိုကောင်းမယ်လို့ကျွန်မထင်တယ်။

ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို အပြစ်ပြောတဲ့ သဘောတွေဖြစ်သွားတာပေါ့။ ကျွန်မအဲလို ပြောလိုက်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာ အပြစ်မရှိဘူးလို့ ကျွန်မပြောတာမဟုတ်ဘူး။ တချို့သောသူတွေကတော့ ကိုယ့်ရဲ့ အတ္တအတွက် အာဏာအတွက် ဆုပ်ကိုင်ထားတာတော့ ရှိတယ်။ ဒါပေမယ့် အားလုံးတော့မဟုတ်ဘူး။ တချို့ တချို့သော ရှိတယ်ပေါ့။

ဒီဟာက ခြုံငုံပြီးတော့ အကုန်လုံးကို ပြောလို့တော့မရဘူး။ ကျွန်မတို့ သမိုင်းကြောင်းကို ပြန်ကြည့်ရမယ်။ ကျွန်မတို့ မြန်မာနိုင်ငံ သမိုင်းကြောင်းမှာ ဘာတွေမှားခဲ့တယ်ဆိုတာ ကျွန်မတို့ ပြန်မကြည့်တမျှ အဖြေမှန်ကို ကျွန်မတို့ ဘယ်လိုမှမရနိုင်ဘူး။ သမိုင်းကြောင်းမှာ လက်နက်ကိုင်ဘာကြောင့်ဖြစ်လာရတယ်။ ဘယ်သူတွေဘာကြောင့် လက်နက်ကိုင်လည်းဆိုတာ ဖြစ်လာတဲ့ သူတို့ရဲ့ ဖြစ်တည်မှု မတူဘူးပေါ့။ KNU က KNU လက်နက်ကိုင်ရတဲ့အကြောင်းရှိသလို ဝ၊ ကိုးကန့် တို့ရဲ့ လက်နက်ကိုင်ရတဲ့ အကြောင်းအရင်းရှိတယ်။ မတူဘူး။

မတူညီတဲ့ပေါ်မှာ သွားရောချလို့တော့မရဘူး။ ကျွန်မတို့နိုင်ငံမှာ တကယ်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရတဲ့ အရေးကြီးတဲ့သူတွေက ဒီဟာကို သေသေချာချာ စဉ်းစားဖို့သင့်တယ်။ သူတို့ရဲ့ စကားတစ်ခွန်းပေါ်မှာ မူတည်ပြီးတော့ ကျွန်မတို့ရဲ့ ပြည်သူတွေက ဝေဝါးစေတာပေါ့။ သူများတွေပဲ အပြစ်ပြောတယ်။ ကိုယ့်ဖက်က ဘာမှားလည်းဆိုတာကို ပြန်စဉ်းစားဖို့သင့်တယ်ဆိုတာ အဲတာကိုပြောချင်တာ လက်နက်ကိုင်တွေကို အကုန်ရောချလို့မရဘူး။ ဖြစ်တည်မှုက မတူညီကျဘူး။ သမိုင်းကို သေချာလေ့လာဖို့လိုတယ်။

ရှေ့ဆက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ် ဒီလိုညီလာခံကြီးတွေကနေပြီးတော့မှ ဒီလိုမျိုး ဝန်မခံကျဘူးပေါ့။ ကိုယ့်အမှားကို ဝန်မခံကျဘူး။ အဖြေမရှာကျဘူးဆိုရင် ကိုယ်ပြည်နယ် ကိုယ့်ဒေသအတွက် ကိုယ့်ဟာကို လက်နက်ရရာစွဲကိုင်ပြီးတော့ အကုန်လုံးက တစ်နိုင်ငံထူထောင်ပြီးတော့ တကွဲတပြဲတွေ ဖြစ်ပြီးတော့ ပိုဆိုးတဲ့ အခြေအနေကိုပဲ ရောက်သွားလိမ့်မယ်။ တစ်ကယ့် တစ်တယ့် တိုင်းရင်းသားတွေ သဘောထားကလည်း ခွဲထွက်ချင်တာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဒါက ငြိမ်းချမ်းရေးမရရင် ခွဲထွက်တာကို ဦးစားပေးတာမျိုး ဖြစ်သွားမလားဆိုတာလည်း ကျွန်မတို့ စဉ်းစားရမယ်ပေါ့။ ဒါတစ်ချက်လည်း စဉ်းစားရမယ့် အပိုင်းဖြစ်လာတယ်။

ဦးဒေးဗစ်လှမြင့် ၊ဥက္ကဋ္ဌ၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ

အဲဒါ လုံးဝမပြောသင့်တဲ့စကား (ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားနဲ့) ဒီချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်တာကို လုပ်ရတာလေ ငြိမ်းချမ်းရေဖြစ်စဉ်မှာပေါ့။ ဒီလိုတစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်ရေး လုပ်နေတဲ့အချိန်မှာ တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းရေးကို ပျက်ပြားစေမယ့် စကားတွေပြောတာကတော့ လုံးဝမပြောသင့်ဘူးဗျ။

တပ်မတော်ရဲ့ ဦးစီးသူ တစ်ယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ မပြေလည်မယ့် စကားမျိုးပေါ့။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပျက်မယ့် စကားမျိုးကတော့ လုံးဝမပြောသင့်ဘူး။ တကယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်နဲ့ ပြေလည်နိုင်မယ့် အားလုံးက လက်ခံနိုင်တဲ့ တစ်ဖက်နဲ့တစ်ဖက်ရှေ့ကို အတူတူလက်တွဲသွားနိုင်မယ့် စကားမျိုးတွေ အလုပ်မျိုးတွေ လုပ်ရမှာလေ။ ပျက်ဆီးသွားနိုင်မယ့် စကားမျိုးက မပြောသင့်ဘူး။ ဒီလိုစကားမျိုးကတော့ ငြိမ်းချမ်းရေးကို ပျက်ပြားသွားနိုင်တယ်။ အင်မတန် အန္တရာယ်ရှိတဲ့စကားမျိုးပေါ့။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ယုံကြည်မှုအားနည်းတယ်လို့တော့ ပြောလို့မရဘူးဗျ။ အရင်ဆုံး အပေးအယူလုပ်မယ်ဆိုရင်တောင်မှ ဒီ ၂၁ရာစုပင်လုံ လုပ်တဲ့အပေါ်မှာ NCA ကိုလက်မှတ်ထိုးရတဲ့အပိုင်းတွေ ရှိတယ်မဟုတ်ဘူးလား။

ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်မယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက်နဲ့ တကယ် အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်ကို လုပ်ရမှာလေ။ ဒီနေ့ ၂၁ရာစု ပင်လုံရဲ့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးမပါဝင်လာကျဘူးလေ။ NCAကိုထိုးမှ တက်ရမယ်ဆိုတဲ့ဟာမျိုးတွေ ကြိုတင်ကန့်သတ်ထားတဲ့ အချက်တွေက ဒါအပေးအယူလုပ်တာမဟုတ်ဘူးလေ။ အလျော့အတင်းလုပ်တာမဟုတ်ဘူးလေ။ ဒီဟာကိုလက်ခံမှ ဒီပွဲကိုလာရမယ် ဆွေးနွေးရမယ်ဆိုတာက ကြိုတင်ကန့်သတ်ထားတဲ့ဟာပဲလေ ဒီလိုငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး လုပ်ငန်းကို လုပ်မယ်ဆိုရင် တန်းတူညီတူရှိမှ လုပ်လို့ရမယ်။ အပေးအယူအားနည်းတာ မဟုတ်ဘူး။

တန်းတူညီတူရှိမှလိုတယ်။ အဓိကပေါ့။ ဒါကြောင့်မို့လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်က သူတို့လည်း စဉ်းစားမှာပေါ့ဗျာ။ အဖွဲ့အစည်းတွေက တစ်ဖက်နဲ့တစ်ဖက်နဲ့ စဉ်းစားပုံခြင်းတော့ မတူဘူးပေါ့ဗျ။ သို့ပေမယ့် မူလ အဓိကအကြောင်းအရင်းကတော့ ကျွန်တော်တို့ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်တဲ့အခါမှာ ကြိုတင်ကန့်သတ်ချက်မရှိဘဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအားလုံးက ကြိုတင်ကန့်သတ်ထားခြင်းမရှိဘဲနဲ့ လက်ရှိနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မလဲဆိုတာကို ဆွေးနွေးတာအကောင်းဆုံးပဲ ဒီမှာလာပြီးတော့ အပေးအယူ အလျော့အတင်းတွေ လုပ်မယ်တို့ အပေးအယူအလျော့အတင်း အားနည်းတယ်လို့ပြောမယ်ဆိုရင် NCA က အပေးအယူအလျော့အတင်းမဟုတ်ဘူးလေ။

အခုလက်မှတ်မထိုးတဲ့သူတွေနဲ့ ထိုးတဲ့သူတွေကြားမှာ အခုက အဖွဲ့ ၂ဖွဲ့လိုဖြစ်နေတာလေ အဲတော့ အပေးယူအလျော့အတင်းဆိုတာထက် ကြိုတင်ကန့်သတ်မှု မလုပ်ဘဲနဲ့ လုပ်တာက ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပိုပြီးကောင်းပါလိမ့်မယ်။ သဘောထားကွဲလွဲမှုတွေရှိရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်က နှောင့်နှေးကြန့်ကြာမှုတွေရှိမှာပေါ့။ အခုတောင်မှ တော်တော်ကြာခဲ့ပြီ ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်နေတာ လုပ်နေရင်းနဲ့ ညှိနှိုင်းရင်းညှိနှိုင်းရင်းနဲ့ တိုးတက်မှုမရှိဘဲနဲ့ သဘောထားတွေ ထပ်မံကွဲမယ်ဆိုရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်က အနုတ်ဖက်ကို ရောက်လာတာပေါ့လေ။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့ကိုမရောက်ဘဲ နောက်ကိုပြန်ရောက်သွားနိုင်တဲ့ အနေအထားဖြစ်သွားနိုင်တာပေါ့။

ဦးခွန်ဘီထူး ၊ဥက္ကဋ္ဌ၊ ကယန်းအမျိုးသားပါတီ

လက်ရှိအစိုးရရဲ့ အကြီးအကဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကော တပ်ရဲ့ အကြီးအကဲဖြစ်တဲ့ မင်းအောင်လှိုင်တို့ကကော တိုင်းရင်းသားတွေပေါ်မှာ ရင်ကြားစေ့လုပ်မယ် ဒါမှမဟုတ်လည်း နားလည်သဘောပေါက်ပြီးမှ ပြဿနာတွေကို ဖြေရှင်းဖို့ထက် သူတို့တွေက တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားတွေကို အပြစ်ဖို့တာတို့ နိုင်ငံရေးအရ အပြစ်ဖို့ပြီးမှ အသုံးချတာတွေက ပိုများနေတဲ့ အခြေအနေမျိုးဖြစ်တယ်။

ဒီလိုမှတ်ချက်စကားတွေက ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်ကို အထောက်အကူပြုမှာ မဟုတ်သလို တိုက်ပွဲတွေပဲ ပိုပြီးမှဖြစ်စေတဲ့ဟာမျိုးတြွေဖစ်သလို အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ ဒေါသတွေပေါ့။ ပိုစွပေးသလိုဖြစ်ပြီးမှ အဖျက်လုပ်ငန်းကို လုပ်ခိုင်းစေချင်သလို ဖြစ်သွားတဲ့အတွက် ဒါတော်တော်လေးကို ဆိုးရွားတယ်လို့ပြောရမယ်။

တိုင်းရင်းသားတွေက အစိုးရကောတော်လှန်တယ်။ တပ်မတော်ကော တော်လှန်တယ်။ အဲတာကြောင့် တပ်ကတိုင်းပြည်ကာကွယ်ရမယ်ပြောသလို တိုင်းရင်းသားတွေက ဆိတ်ခေါင်းပေါ့။ တစ်နည်းအားဖြင့် ဟန်ပြတောင်းပြီးမှ တစ်ဖက်က ခွေးသားပေါ့။ ဒီလိုရွံ့စရာကောင်းတဲ့ဟာတွေ လုပ်နေတယ်ဆိုပြီး ဒီဟာက အထောက်အထားမဲ့စွာနဲ့ စွတ်စွဲတဲ့ဟာမျိုးဖြစ်တယ်။ ကျွန်တော်ထင်တာ ဒီညီလာခံတစ်ခုလုံးမှာ ပြောတဲ့လေသံတွေကြည့်လိုက်ရင် တပ်ချုပ်တို့ဖက်က ကိုယ့်ဒေါသကို မထိန်းနိုင်ဘဲ ပေါက်ကရတွေ ပြောတဲ့အနေအထားမျိုး ဖြစ်တယ်လို့ ယူဆလို့ရသလို အစိုးရဘက်ကလည်း ညီလာခံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေပြီးတော့ သူတို့မျှော်လင့်ထားတဲ့ ရလဒ်တွေမဖြစ်တဲ့ အခြေအနေမျိုးမှာ အပြစ်ဖို့တဲ့ဟာတွေရောက်သွားတယ်ပေါ့။

ညီလာခံတစ်ခုလုံးက စကားလုံးတွေနဲ့ပဲ ပဲ့တင်ထပ်ပြီးမှ အပြုသဘောတည်ဆောက်မှုတွေထက်စာရင် အပြစ်ဖို့ပြီးမှ တစ်ယောက်နဲ့တစ်ယောက် ပြောတဲ့ဟာမျိုးတွေပဲ ရောက်နေတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သုံးသပ်မိတယ်။ ခုနပြောတဲ့ စကားနဲ့ ပတ်သက်ရင်လည်း လုံးဝအခြေအမြစ်မရှိတဲ့ အချက်ပဲဖြစ်တယ်။ တစ်နည်းအားဖြင့် တပ်ဖက်က ကိုယ့်ကို ပြောတဲ့သလိုပဲဖြစ်တယ်။ အဲစကားက တပ်ရဲ့ လုပ်ရပ်ကိုပဲ ပြန်ပြောတယ်လို့ပဲဖြစ်တယ်လို့ ကျွန်တော်တို့ကထင်တယ်။

တိုင်းရင်းသားတွေနဲ့ ပတ်သက်ရင်တော့ ဒီစကားပြောဖို့က ဘာအခြေအမြစ်မှာ မရှိဘူး။ တပ်ရဲ့လုပ်ရပ်တွေ အားလုံးကြည့်ရင်တော့ တပ်က အသံကောင်းဟစ်ပြီးမှ တကယ်တမ်းတော့ လုပ်တဲ့ဟာတွေအားလုံးက တိုင်းပြည်ကို ဆိုးရွားသယောင် ဒါမှမဟုတ် အာဏာလိုချင်တဲ့ဟာတွေနဲ့ ပြည့်နှက်နေတဲ့ လေသံတွေပဲ ဖြစ်နေတယ်လို့ ပြန်ချေပလို့ရမယ်။ လတ်တလောမှာတော့ ရွေးကောက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ သက်ရောက်မှုတွေအရမ်းများလိမ့်မယ်။ ဒါကျွန်တော်တို့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိစ္စတွေမှာ အစကတည်းက တပ်ရော တပ်နဲ့ပတ်သက်တဲ့ နိုင်ငံရေးပါတီတချို့ကကော ဝေဖန်နေတယ်။

ဒီလိုချိန်မှာ ဒီလိုသဘောထားအကြီးအကျယ်ကွဲလွဲတဲ့အပေါ်မှာ ရွေးကောက်ပွဲပေါ်မှာ ရွေးကောက်ပွဲကို သမာမလား။ မသမာမလား။ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ အာဏာသုံးပြီးမှ မဲဆွယ်တာတို့ ဘာတို့ ဒီလိုသက်ရောက်မှုတော့ ကြီးမားတဲ့ ပြဿနာတစ်ခုကြုံရမယ်။ နောက်တစ်ခုက လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးက အဆင်မပြေတော့ဘဲနဲ့ နည်းလမ်းသစ်ကိုရှာရတော့မယ့် အနေအထားမျိုးပေါ့။

အခုလုပ်နေတဲ့ ၂၁ပင်လုံ ဒါမှမဟုတ်လည်း NCA နဲ့ပတ်သက်တဲ့ စာချုပ်စာတမ်းတွေနဲ့ လက်မှတ်ထိုးထားတဲ့ နိုင်ငံရေးဖြစ်စဉ်အားလုံးက အဓိပ္ပာယ်မရှိတော့ဘူးဆိုတဲ့ဟာမျိုးလည်း ဖြစ်သွားတယ်ပေါ့။ အဲတော့ လမ်းကြောင်းသစ်ကိုမရှိနိုင်ရန် ကျွန်တော်တို့က အပျက်သဘောဆောင်မယ်ပေါ့။ အရင်တစ်ပတ်က တပ်ပြောခဲ့တဲ့ ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ ဟာမျိုး ဖြစ်လာတဲ့အတွက် ဒါတစ်စုံတစ်ရာ အာဏာသိမ်းတဲ့ အနေအထားမျိုးထိကိုတောင် စိုးရိမ်စရာတွေ ဖြစ်တယ်ပေါ့။ ဒီအချိုးအကွေ့ကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်သလို ပါတီဒီမိုကရေစီကိုလည်း ခြိမ်းခြောက်သလို ဖြစ်နေတယ်။ ဥပမာ အထူးသဖြင့် ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာလည်း ဒါစိန်ခေါ်မှုအကြီးကြီး ကြုံနေရတယ်လို့ ပြောလို့ရပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts