All News Election interview

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ရွေးကောက်ပွဲ No Vote ကမ်ပိန်း လှုပ်ရှားမည်

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ရွေးကောက်ပွဲ သပိတ်မှောက်သော No Vote ကမ်ပိန်း လှုပ်ရှားမည်၊ ဒေါ်အောင်ဆန်းစုကြည်၏ မဲမပေးသူ တာဝန်မဲ့ဆိုသောစကား မေးခွန်းထုတ်

By ရန်ကုန်ခေတ်သစ်

ဗကသ အတွင်းရေးမှူး ကိုထူးခန့်သော်နှင့်ဆက်သွယ်မေးမြန်းခြင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ၂၀၂၀ ရွေး ကောက်ပွဲကို သပိတ်မှောက်ပြီး No Vote လုပ်မည်ဖြစ်ကြောင်း တရားဝင် ကြေညာချက်ထုတ်ပြန်လိုက်ရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ဗကသ အတွင်းရေးမှူး ကိုထူးခန့်သော်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး – ဗကသ က No Vote ဆိုပြီး ရွေးကောက်ပွဲကို ဘာကြောင့် သပိတ်မှောက်တာလဲ။

ဖြေ – ကျွန်တော်တို့စာထဲမှာလည်း ပါပါတယ် ။ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းဖို့ ဗကသများအဖွဲ့ချုပ်က သတ္တမအကြိမ်ညီလာခံတည်းက ဆုံးဖြတ်ခဲ့တာပေါ့နော်ဒါပေမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ကျင်းပတာဖြစ်တယ် ။

အဲ့တော့ ဒီရွေးကောက်ပွဲကနေ တက်လာတဲ့အစိုးရတွေကလည်း ပြည်သူလူထုကို သိသာကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မှာမဟုတ်ဘူး ။ ကျွန်တော်တို့အနေနဲ့ ဒီ ၂၀၀၈ အခြေခံ ဥပဒေအောက်မှာကျင်းပတဲ့ ဒီ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ရခြင်းဖြစ်ပါတယ် ။

မေး- No Vote လုပ်တော့ ဗကသက သွားချင်တဲ့ နိုင်ငံရေး လမ်းကြောင်းက ဘာပါလဲ။

ဖြေ – ဗကသ အနေနဲ့ သွားချင်တဲ့နိုင်ငံရေးလမ်းကြောင်းက စစ်အာဏာရှင်တိုက်ဖျက်ရေး ပဲ ဗကသ ရည်ရွယ်ချက်လမ်းကြောင်းက စစ်အာဏာရှင်တိုက်ဖျက်ရေးပဲ ။ ဘာလို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိနေတဲ့အတွက် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကာအကွယ်ယူပြီးတော့ ဒီစစ်အာဏာ ရှင်စနစ်ဟာ အခုချိန်ထိ ရှိနေတုန်းပဲ ။

စစ်အာဏာရှင် စနစ် ၊ စစ်အုပ်စု ၊ စစ်အစိုးရ ကစောစောကတည်းကအခုထိ ရှိနေခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့က ဒီဗကသများအဖွဲ့ချုပ်ရဲ့ အခြေခံမူဝါဒထဲမှာ ကိုယ်က အမျိုးသားရေးအတွက် အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆိုတာ ပါထားတယ်။

ကျွန်တော်တို့အနေနဲ့ ဗကသအနေနဲ့ ဒီ မှာတော့ အမျိုးသားရေးမူဝါဒနဲ့ အညီလုပ်နေတာပါပဲ ။ ကျွန်တော်တို့ ဒီစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးပေါ့ ။ ဒါတွေက ကျွန်တော်တို့ဆန့်ကျင်ရေးထဲက နည်းတစ်ခုပေါ့ ။ အဲ့တော့ ဒီရွေးကောက်ပွဲမှာ No Vote ဆိုတာတော့ ဒီဗကသများအဖွဲ့ချုပ်ရဲ့ မူဝါဒများအတိုင်းသွားတာပဲ ဖြစ်ပါတယ် ။

မေး- No Vote လုပ်တာက နိုင်ငံသားတစ်ဦးအနေနဲ့ အင်မတန် တာဝန်မဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။ အဲဒီတော့ အဲဒီအပေါ်ကို ဘယ်လိုတုံ့ပြန်မလဲ။

ဖြေ – အဲဒါကတော့ ဒီ ၂၀၁၀ တုန်းကလည်း သူတို့က အထွေထွေရွေးကောက်ပွဲကို NLD ကဦးဆောင်ပြီးတော့ သပိတ်မှောက်ခဲ့တာလည်း ရှိတယ် ။ အဲဒီတုန်းကရော ကိုယ့်ကိုကိုယ် ဘယ်လို သုံးသပ်သလဲဆိုတာလေးပဲ ကျွန်တော်ပြန်မေးရမယ် ။ ဘာလို့လဲဆိုတော့ ဒါကျွန်တော်တို့လည်း တောက်လျှောက်ပြောလာတာပါပဲ ၊ မဲပေးခြင်း အထွေထွေရွေးကောက်ပွဲတွေမှာ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲပေးခြင်းဟာ နိုင်ငံသားအခွင့်အရေးသာဖြစ်တယ် ။ နိုင်ငံသားတာဝန်မဟုတ်ဘူး ။

ဒါ Right နဲ့ Responsibility နဲ့ မတူဘူးပေါ့နော် ။ နိုင်ငံသားအခွင့်အရေးက မဲမပေးလည်းရတယ်ဆိုတာ မဲက နိုင်ငံသားတာဝန်မဟုတ်တဲ့အတွက် မဲမပေးချင်ရင် မပေးလို့ရတဲ့ အခွင့်အရေးရှိသလို ပေးလိုရင်ပေးလို့ရတဲ့ အခွင့်အရေး ရှိတယ်။ ဒါသူတို့က ၂၀၀၈ အခြေခံဥပဒေအောက်ကနေ ရွေးကောက်ပွဲ သက်ဆိုင်ရာ ရွေးကောက်ပွဲ တွေမှာ မဲမပေးချင်ရင် မပေးလို့ရတယ် ဆိုတာကို ထည့်သွင်း အတည်ပြုပြီးသားပဲ ။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့က တာဝန်မကျေဘူးလို့ ပြောလို့ရတဲ့ အနေ အထားမဟုတ်ဘူးပေါ့နော် ။ ဘာလို့လဲဆိုတော့ ဒါအခွင့်အရေးတစ်ရပ်ဖြစ်နေတဲ့အတွက်ပါ ။

မေး- No Vote က စစ်အာဏာရှင်နဲ့ အာဏာရှင်အလိုကျ နိုင်ငံရေးပါတီတွေကို မဲရအောင် လုပ်ပေးနေတယ်ဆိုပြီး ဝေဖန်မှုတွေ အပေါ်မှာရော ဘာ ပြောချင်ပါလဲ။

ဖြေ – ကျွန်တော်တို့ရပ်တည်ချက်လမ်းကြောင်းကရှင်းရှင်းလေးပဲ ။ ဘာလို့လဲဆိုတော့ ဒီ NO Vote လုပ်လိုက်လို့ အာဏာရှင်တွေအတွက် နည်းနည်းလေးမှ အကျိုးအမြတ်ရရှိစေမှာမဟုတ်ဘူး ။

မဲသွားပေးခြင်းကသာ သက်ဆိုင်ရာ မဲသွားပေးလိုက်တယ်ဆိုပါတော့ ။ မဲပေးလိုက်ပြီဆိုတာနဲ့ တက်လာတဲ့ အစိုးရဟာ ပြည်သူလူထုကို တိုးတက်မှုတွေလုပ်ပေးရမယ့်အစား ၊ ပြည်သူလူထုကို အကျိုးပြုမယ့်အစား ၊ ပြည်သူလူထူရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ့်အစား စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကိုကာကွယ်ရလိမ့်မယ် ။

ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်းမှာ ဒီ Genocide ကိစ္စတွေမှာ အစိုးရအနေနဲ့ စစ်တပ်ကို သိသိသာသာကာကွယ် ပေးခဲ့တာတွေရှိတယ် ။ ဒီရခိုင်ပြည်နယ်အရေး ကိစ္စတွေဆို လည်း ဒီစစ်တပ်ဘက်က လိုက်ပြီးတော့ သိသိသာသာကာကွယ်ပေးခဲ့တာတွေရှိတယ် ။ ဒါပြည်သူလူထုဘက်က မရပ်တည်တာတွေရှိတယ် ။ အမြဲတမ်းပေါ့နော် ဒီ ၂၀၀၈ အခြေခံဥပဒေ ဖွဲ့စည်းပုံအောက်ကနေ ရွေးကောက်ခံပြီးတက်လာရင်တော့ ဒီ ၂၀၀၈ အခြေခံဥပဒေအောက်ကနေ ထွက်ပေါ်လာတဲ့အစိုးရဟာ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပဲ ဖြစ်တယ် ။

ဒီမဲသွားပေးရခြင်းဟာ စစ်အုပ်စု ကို အသက်ဆက်ရာဖြစ်တယ် ။ ကျွန်တော်တို့က မဲမပေးဘူးဆိုရင်တော့ ဒီစစ်အုပ်စုအကျိုးစီးပွားဖြည့်ဆည်းမယ့် အစိုးရကိုကျွန်တော်တို့ မတင်မြှောက်တာ ဖြစ်တဲ့အတွက် နောက်ထပ်လမ်းကြောင်း

တစ်ခုခုကို ရွေးချယ်နေတာဖြစ်တဲ့အတွက် ဒီစစ်အာဏာရှင်တွေကို အကျိုးအမြတ်ဖြစ်ထွန်းဖို့ဆိုတာ မရှိပါဘူး ။

မေး- No Vote ကို ဘယ်လို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မလဲ။

ဖြေ – No Vote ကို ဘယ်လိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မလဲဆိုတော့ ကျွန်တော်တို့ဒီ ကပ်ရောဂါကာလဖြစ်တယ် ။ ကပ်ရောဂါကာလဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မြေပြင်ပေါ်ဆင်းပြီး လှုပ်ရှားမှုက ဒီစည်းလုံးရေးလှုပ်ရှားဖို့အဆင်မပြေဘူး ။ ကျွန်တော်တို့ အနေနဲ့ လှုပ်ရှားမှုပုံစံတွေကိုလည်း မီဒီယာတွေကို ချပြသွားဖို့ အစီအစဉ်မရှိသေးဘူး ။

ဒါပေမဲ့အွန်လိုင်းမှာ လှုပ်ရှားမှုတွေကတော့ တောက်လျှောက် ရှိနေမှာပဲ ။ အွန်လိုင်းပေါ် တောက်လျှောက် Online Campaign ‌တွေ လုပ်သွားမယ် ။ Online Campaign တွေက ဒီအနေအထား ရွေးကောက်ပွဲကာလမှာ ကျွန်တော်တို့အနေနဲ့ Social Media ကိုကောင်းကောင်း အသုံးချနိုင်တယ် ။အသုံးချနိုင်ရင် အကျိုးရှိတယ် ။

ကျွန်တော်တို့အနေနဲ့ Social Media မှာ Online Campaign တွေ တောက်လျှောက်လုပ်သွားမယ် ။ မြေပြင်အခြေအနေမှာလည်း လှုပ်ရှားမှု နည်းနည်း ဖြစ်သွားမှာပဲ ။ ဒါပေမဲ့ကျွန်တော်အနေနဲ့ အတိအကျ ထုတ်ဖော်ပြောဖို့ခက်မယ် ဗျ ။

မေး- ဗကသအနေနဲ့ပဲလား တစ်နိုင်ငံလုံး ကျောင်းသားသမဂ္ဂတွေ No Vote ဖြစ်လာအောင် လုပ်မယ့် Plan ရှိပါလား။

ဖြေ – ဗကသအနေနဲ့ ကျွန်တော်တို့ ဒါ တစ်နိုင်ငံလုံးရဲ့ ကျောင်းသားသမဂ္ဂ အားလုံးရဲ့ဆန္ဒပဲဒါက ။ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက်ဆိုပေမယ့် ဒါကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် ဟာ ရွေးကောက်ပွဲသပိတ်မှောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဗဟိုအလုပ်အမှုဆောင် ဗကသများအဖွဲ့ချုပ်ရဲ့ CEC က စတုတ္တအကြိမ်စုံညီဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် ချတယ်ဆိုပေမယ့်လည်း ဒီကိစ္စက ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ရဲ့ကျောင်းသား အားလုံးရဲ့ ဆန္ဒပဲ ။

ဗကသများအဖွဲ့ချုပ်ရဲ့သမဂ္ဂ အားလုံးရဲ့ ဆန္ဒဖြစ်တယ် ။ ကျွန်တော်တို့က ဒီဟာထဲမှာ တစ်နိုင်ငံလုံးရဲ့ ဗကသများ အဖွဲ့ချုပ်ရဲ့ သမဂ္ဂရဲ့ ဆန္ဒတော့ပါပြီးသားပဲ ။

မေး- No Vote လုပ်သူတွေကို အစိုးရဘက်က နှိပ်ကွပ်လာရင် ဘယ်လို တုံ့ပြန်မလဲ။

ဖြေ – နှိပ်ကွပ်လာရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဒါ က သူတို့ရဲ့ဆင်ခြင် တုံတရားနဲ့ သူတို့ရဲ့ နိုင်ငံရေးအခြေအနေ သူတို့ရဲ့ သိချက်နဲ့ပဲဆိုင်ပါတယ် ။ ကျွန်တော်ကတော့ ဒီကိစ္စက တုံ့ပြန်မှုတွေလုပ်လာလို့ရှိရင်တော့ ဖိနှိပ်မှုတွေ ပြုလုပ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ဒါဒီအစိုးရရဲ့ ဖိနှပ်မှုတွေလုပ်လာတဲ့အစိုးရရဲ့သဘော ထားအမှန်ကို ပြည်သူလူထုကို ပြပြီးသားဖြစ်တယ်လို့ယူဆပါတယ် ။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ထူးထူးခြားခြား တုံ့ပြန်သွားဖို့ မရှိဘူး ။

Photo Credit – ထူးခန့်သော် Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts