All News interview Peace

“စစ်ရှောင် ဒုက္ခသည် စခန်းမှာက MASK ၊ Hand Gel တွေလည်းမရှိဘူး။ Social Distancing နားမလည်ဘူး။ အင်တာနက်ကလည်းမရဘူး။ တီဗွီ ရေဒီယို မရှိဆိုတော့ ကိုဗစ်ပညာပေးနဲ့ပတ်သက်ပြီး ဘာမှ မသိဘူးဖြစ်နေတယ်။ ဒုက္ခသည် ၂သိန်းနီးပါးလောက်ရှိတယ်”

“စစ်ရှောင် ဒုက္ခသည် စခန်းမှာက MASK တွေလည်းမရှိဘူး။ Hand Gel တွေလည်းမရှိဘူး။ Social Distancing တို့ဘာတို့လည်း နားမလည်ဘူး။ အင်တာနက်ကလည်းမရဘူး။ တီဗွီ ရေဒီယို မရှိဆိုတော့ ကိုဗစ်ပညာပေးနဲ့ပတ်သက်ပြီး ဘာမှ မသိဖြစ်ဘူးဖြစ်နေတယ်။ ဒုက္ခသည် ၂သိန်းနီးပါးလောက်ရှိတယ်”

ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်နှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်တွင် ၈ ရက်အတွင်း လူ ၇၂ ဦး ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်ခံရပြီးနောက် ရခိုင်ပြည်နယ်တွင် ပြည်သူများအားလုံး စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။ မြောက်ဦးမြို့နယ်မှ ၃ ဦးမှာလည်း ကိုဗစ်ရောဂါကူးစက်ခံရသူများတွင်ပါဝင်ပြီး အဆိုပါ ၃ ဦးသည် Relief International မှ ဖြစ်ကာ မြောက်ဦးမြို့နယ်ရှိ ရခိုင်စစ်ဘေးရှောင်စခန်း ၄ ခုနှင့် မြောက်ဦးမြို့ပေါ်တွင် ကျန်းမာရေးအကူအညီပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းသာစိန်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မြောက်ဦးမှာ ကိုဗစ်လူနာ ၃ ဦးတောင်ရှိလာပြီဆိုတော့ မြောက်ဦးအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လို အခြေအနေရှိပါသလဲ။

ဖြေ။ ။ ပထအမျိုးသမီးက NGO ကပဲ။ နောက်ထပ် နှစ်ယောက်ကလည်း မြောက်ဦးကပဲ။ Relief International ကပါပဲ။

မေး။ ။ Relief International က ထုတ်ပြန်ထားတာက အဲဒီ ကိုဗစ်လူနာ ၃ ဦးက ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး မြောက်ဦးမှာရှိတဲ့ စစ်ရှောင်စခန်း ၄ ခုနဲ့ မြို့ပေါ်မှာ ကျန်းမာရေး ကူညီပေးနေတယ်လို့ ပြောထားတယ်။ အဲဒါနဲ့ပတ်သက်လို့ အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ စစ်ရှောင်စခန်းတွေက လောလောဆယ်တော့ လက္ခဏာ တွေ့ တဲ့ သူတော့မရှိသေးပါဘူး။ သူတို့ သွားခဲ့တဲ့ စစ်ရှောင်စခန်းတွေက တောင်မြင့် ၊ ကုလားချောင်း၊ နကန်၊ ဒီဒဲရင်း၊ ပုဇွန်သေ အဲဒီဒုက္ခသည်စခန်းတွေလို့ သိရပါတယ်။ သူတို့နဲ့ ထိစပ်ခဲ့တဲ့သူ တချို့ကိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ကျေးရွာကနေ တစ်ဆင့် သတင်းပို့ထားတယ်လို့ ပြောပါတယ်။

မေး။ ။ စစ်ရှောင်စခန်းမှာ နေထိုင်တာက ကျပ်တည်းတယ်ဆိုတော့ ဘယ်လိုတွေဖြစ်လာနိုင်လဲ။

ဖြေ။ ။ လောလောဆယ်အခြေအနေကတော့ စစ်ရှောင်စခန်းဆိုတာကလည်း နေရာကျဉ်းကျဉ်းလေးထဲမှာ သေးသေးလေး ဆောက်ပြီးတော့ မိသားစု အစုလိုက် အပြုံလိုက် နေနေကြတာဖြစ်ပါတယ်။ ဒီလိုဆိုတော့ စစ်ရှောင်စခန်းထဲကို ကိုဗစ် ၁၉ ရောဂါ ဝင်သွားခဲ့ရင်တော့ တော်တော်လေးစိုးရိမ်စရာဖြစ်ပါတယ်။

နောက်တစ်ခုက စစ်ရှောင်စခန်းတွေမှာကလည်း ဒီရောဂါပိုးကို Mask အလုံအလောက်မရှိပါဘူး။ Hand Jel တို့ ဘာတို့ Cover ပစ္စည်းတွေလည်း သူတို့မှာ မရှိပါဘူး။ တကယ်လို့သာ စစ်ရှောင်စခန်းတွေကို ဒီရောဂါ ဝင်ခဲ့ရင် သူတို့အတွက် တော်တော်လေး စိုးရိမ်ကြောင့်ကြစရာရှိပါတယ်။

မေး။ ။ စစ်ရှောင်စခန်းတွေကို ကိုဗစ်ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းတွေရောက်ပြီလား။

ဖြေ။ ။ အဲဒါတော့ စစ်ရှောင်စခန်းတွေကို ကိုဗစ်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းတွေ မရောက်သေးပါဘူး။ နောက်တစ်ခုရှိတာက မြောက်ဦးမြို့နယ်အတွင်းမှာ ကျေးရွာတိုင်းလိုလိုမှာ Check Point တစ်ခု သို့မဟုတ် နှစ်ခု လုပ်ထားတာရှိပါတယ်။ အဲဒီ Check Point မှာ အခြားမြို့နယ် ရပ်ရွာကလာတဲ့သူတွေကို စစ်ဆေးဖို့အတွက် Check Point မှာ စောင့်နေတဲ့သူတွေကိုယ်တိုင်က Mask တွေ အလုံအလောက်မရှိပါဘူး။ ဒီနေ့မနက်ပဲ ကျနော်က အဖွဲ့အစည်းတစ်ခုဆီက အလှူခံပြီးတော့ Mask ၂၅၀ လောက်ရခဲ့ပါတယ်။ အဲဒီ ၂၅၀ ကို ရွာတိုင်းကို လိုက်ပြီး ဝေငှနေပါတယ်။

မေး။ ။ အခြေအနေက ဘာမှ အကူအညီမရသေးတဲ့အနေအထားလား။

ဖြေ။ ။ ကိုဗစ် ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမယ့် စည်းကမ်း စည်းမျဉ်းတွေကိုလည်းပဲ တချို့က မသိသေးတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက် အွန်လိုင်းကလည်းမရဘူး။ တီဗွီ ရေဒီယိုက မရှိဆိုတော့ အဲဒီ ကိုဗစ်ပညာပေးနဲ့ပတ်သက်ပြီး ဘာမှ မသိဖြစ်ဘူးဖြစ်နေတယ်။ အင်တာနက်အွန်လိုင်းတွေ ဒီအချိန်မှာ ဖွင့်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

မေး။ ။ ပြည်သူတွေ စိုးရိမ်မှုကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ပြည်သူတွေကတော့ တော်တော်လေးစိုးရိမ်ပါတယ်။ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၁၆ရက်နေ့ကနေ ဒီနေ့ အထိ ၇၃ ဦးဖြစ်လာတယ်ဆိုတော့ ပြည်သူတွေအနေနဲ့ အများကြီး စိုးရိမ်မှုရှိပါတယ်။

မေး။ ။ စစ်ရှောင်ပြည်သူတွေ အနေအထားကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဆိုရင် စစ်ရှောင်ဒုက္ခသည်တွေလည်း အများကြီး ရှိတာပေါ့။ အခုက ၂သိန်းနီးပါးလောက်ရှိတယ်။ ဒီစစ်ရှောင်တွေဟာ နေရာကျဉ်းကျဉ်းလေးထဲမှာ ပွတ်သိပ်ပြီးတော့ နေရတဲ့အတွက် တကယ်လို့သာ ဒီဒုက္ခသည်စခန်းကို ကိုဗစ်၁၉ ဝင်သွားရင်တော့ သူတို့အနေနဲ့ အများကြီးအခက်အခဲ တွေ့လာနိုင်ပါတယ်။ ဒါကိုလည်းပဲ ပြည်သူတွေက အများကြီးစိုးရိမ်နေကျပါတယ်။

မေး။ ။ စစ်တွေမှာ ညမထွက်ရအမိန့်တွေပါ ထုတ်လိုက်တယ်လို့ကြားရတယ်။ အဲအခြေအနေကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ညမထွက်ရအမိန့်က ကြာပါပြီ ကျွန်တော်တို့ဖက်တွေကတော့ မနက် ၅နာရီကနေ ည ၉နာရီ အတွင်း ကြားကာလထဲမှာ ညမထွက်ရ အမိန့်ကတော့ ကျွန်တော်တို့ကြာပါပြီ အဲဒီအမိန့်က ညမထွက်ရအမိန့်က ဒီဖက်မှာ တိုက်ပွဲဖြစ်နေတဲ့ ဘူးသီးတောင်တို့ ရသေ့တောင်တို့ ကျောက်တော်၊ မြောက်ဦး၊ အမ်း အဲဒီဖက်တွေပေါ့။ ကိုဗစ် ၁၉ စဖြစ်လာကတည်းက စစ်တွေမှာလည်းပဲ အဲဒီ ညမထွက်ရအမိန့်ကို ကျင့်သုံးနေပါတယ်။

မေး။ ။ ရခိုင်မှာ ကျောင်းတွေပိတ်လိုက်ပြီလို့ကြားရတယ်။ အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ ကျောင်းတွေကတော့ စစ်တွေတစ်ခုတည်းမဟုတ်ဘူး။ နယ်မှာလည်းပဲ ကျောင်းတွေ အကုန်ပိတ်လိုက်ပါပြီ ရခိုင်ပြည်နယ်တစ်ခုလုံးကကျောင်းတွေကို ပိတ်လိုက်တာပေါ့။

မေး။ ။ ကျောင်းသား မိဘတွေစိုးရိမ်မှုအပိုင်းကကောဘယ်လိုရှိလဲ။

ဖြေ။ ။ မိဘတွေကတော့ ကိုယ့်သားသမီးလေးတွေ ပညာမသင်ရမှာကိုတော့ စိုးရိမ်မှုတွေတော့ ရှိနေပါတယ်။ ဒါပေမယ့် အခုက ဒီကိုဗစ် ၁၉ ပိုးတွေ့တဲ့ လူနာတွေကမြင့်တက်နေတယ်ဆိုတော့ အတိုင်းအတာတစ်ခုထိတော့ ကျောင်းပိတ်ရဦးမယ်ထင်တယ်။ တကယ်လို့များ ရောဂါပိုးတွေ့တဲ့သူတွေ မြင့်တက်မလာဘူး။ လူနာအသစ်တွေ ထပ်ပြီး ပေါ်မလာဘူးဆိုရင်တော့ အဲဒီ ယန္တရားတွေလည်း ပြန်လည်ပတ်လာမှာပါ။ စောင့်ကြည့်နေတဲ့ သဘောမှာရှိပါတယ်။

မေး။ ။ ကျောင်းတွေ ပိတ်တယ်ဆိုတာက ရောဂါပိုးလုံးဝကင်းစင်မှ ပြန်ဖွင့်မှာလား။ ဘယ်လိုပုံစံမျိုးလဲ။

ဖြေ။ ။ အဲဒါကတော့ ရက်အကန့်အသတ်မရှိပိတ်တာတော့ မဟုတ်ပါဘူး။ စောင့်ကြည့်တဲ့ သဘောမျိုးပေါ့။ ယာယီခေတ္တနေပြီးတော့ ပိတ်ထားတယ်။ ရောဂါအခြေအနေ ဘယ်လိုဖြစ်လာမလဲပေါ့။ ပိုးတွေ့လူနာသစ်တွေ ထပ်တိုးလာမလား။ ဒီလောက်နဲ့ပဲ နောက်ဆုတ်သွားမလား။ နောက်ဆုတ်သွားမယ်ဆိုရင်တော့ ကျောင်းတွေပြန်ဖွင့်မယ်နဲ့တူပါတယ်။ တကယ်လို့များ ပိုးတွေ့လူနာသစ်တွေ ထပ်ပြီး တိုးပွားလာရင်တော့ ကျောင်းကို ဒီတိုင်းပဲ ဆက်ပိတ်ထားမယ်လို့ ယူဆပါတယ်။

မေး။ ။ စစ်ရှောင်စခန်းတွေက ပြည်သူတွေကကော ကိုဗစ် ၁၉ ရောဂါအပေါ် ဘယ်လောက်အတိုင်းအတာ စိုးရိမ်မှုရှိနေလဲ။

ဖြေ။ ။ စစ်ရှောင် ဒုက္ခသည် စခန်းမှာက MASK တွေလည်းမရှိဘူး။ Hand Gel တွေလည်းမရှိဘူး။ ပြီးတော့ သူတို့က Social Distancing တို့ဘာတို့လည်း နားမလည်ဘူး။ ကျန်းမာရေးဌာနအနေနဲ့ ဒုက္ခသည် စခန်းမှာ ပညာတွေများများပေးဖို့လိုပါတယ်။ ပြီးတော့ သူတို့အတွက် ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် MASK ကအစ အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ အစိုးရဖက်ကကော စစ်ရှောင်ပြည်သူတွေကို ဘာတွေထောက်ပံ့နေတာရှိလဲ။ ဘာတွေထောက်ပံ့ဖို့ လိုအပ်နေလဲ။

ဖြေ။ ။ အခုလောလောဆယ်တော့ မလာသေးပါဘူး။ စစ်ရှောင်တွေကိုတော့ အဓိက ကိုဗစ်၁၉နဲ့ ပတ်သက်ပြီးတော့ ပညာပေးဟောပြောမှုတွေ လုပ်ရမယ်။ ပြီးတော့ သူတို့ကို ကာကွယ်ရေး ထောက်ပံ့ပစ္စည်းတွေပေးရမယ် တကယ်လို့ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်ဘူးဆိုရင်လည်း အင်တာနက်လိုင်းကို ဖွင့်ပေးပြီးတော့ အင်တာနက်ကနေတစ်ဆင့် သူတို့တွေကို ပညာပေးသင့်တယ်လို့မြင်ပါတယ်။

မေး။ ။ ကိုဗစ် ၁၉နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အခြေအနေက စိုးရိမ်နေရပြီလား။

ဖြေ။ ။ တကယ်လို့များ စစ်ရှောင်ဒုက္ခသည် စခန်းထဲကို ရောဂါပိုးဝင်ရင်တော့ အတိုင်းအတာက တော်တော်လေး ဆိုးရွားသွားနိုင်ပါတယ်။ အဲတာကို စိုးရိမ်မှု အများကြီးရှိပါတယ်။

မေး။ ။ အင်တာနက် 2Gကလည်း သုံးမရဘူးဆိုတော့ ရခိုင်ပြည်နယ် ကိုဗစ်ရောဂါဖြစ်ပွားမှုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်နိုင်မလဲ။

ဖြေ။ ။ အင်တာနက်က မရပါဘူး။ စာပို့လို့တောင် မဖြစ်ပါဘူး။ ဒါကတော့ အချိန်နဲ့ တပြေးညီ ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်။ ပြီးတော့ ဘယ်လိုမျိုး ကာကွယ်ထိန်းသိမ်းရမယ်။ ဘယ်လိုမျိုး စောင့်ရှောက်ရမလဲ။ မိမိကိုယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ ကျန်းမာရေးပညာပေးတွေ မရှိတော့ ရောဂါပိုလို့ ပျံ့နိုင်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီးတော့ စစ်ရှောင်ဒုက္ခသည်ကိုလည်းပဲ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တို့မှာ အင်တာနက် ခံစားခွင့်ရသလို ကျွန်တော်တို့ ဒုက္ခသည်တွေကိုလည်း အဲဒီ ခံစားခွင့်ကို ပေးစေချင်ပါတယ်။

မေး။ ။ ကိုဗစ်ကြောင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ဘယ်လိုစိန်ခေါ်မှု ကြီးကြီးမားမားဖြစ်လာနိုင်မလဲ။

​ဖြေ။ ။ စိန်ခေါ်မှုကတော့ အခုတည်းက စနေပါပြီ ဒီတစ်မြို့နယ်နဲ့ တစ်မြို့နယ် သွားဖို့လာဖို့က တော်တော်လေး ခက်ခဲသွားပါပြီ ဘာဖြစ်လို့လည်းဆိုတော့ အခုမြောက်ဦးမှာ ပိုးတွေ့နေပြီပေါ့။ အဲဒီမြောက်ဦးကို ဒီဖက်က လူတွေ သွားဖို့လာဖို့မလွယ်တော့ဘူး။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ကအစ စားသောက်ကုန်ပစ္စည်းတွေ အကုန်လုံး ဈေးတက်ကုန်ပြီ နောက်ပြီးတော့ ရခိုင်ပြည်နယ်ကို လာမယ့် ကုန်စည်တွေလည်း ဒီကိုဗစ် ၁၉ကြောင့် နှေးသွားနိုင်ပါတယ်။ အဲလိုဖြစ်သွားရင် ရခိုင်ပြည်သူပြည်သားတွေအနေနဲ့ အများကြီး အခက်အခဲဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

မေး။ ။ ဈေးတွေ တက်နေပြီဆိုတော့ ဘယ်လောက်အတိုင်းအတာထိ တက်သွားတာလဲ။

ဖြေ။ ။ အခုက စျေးက အရင်တုန်းက Mask တစ်ထုပ်ကို ငါးထောင်ပေးရတယ်ပေါ့။ အခုက တစ်သောင်းခွဲ ဖြစ်သွားပါပြီ အဲတာ Mask တစ်ခုတည်းကိုပြောတာပါ။ ကျန်တဲ့စားသောက်ကုန်တွေကတော့ တစ်ဆလောက် တက်သွားပါပြီ တချို့ဒီမှာဆိုရင် ဆန်မရတော့ဘူးပေါ့။ လူတွေက ကြောက်ပြီးတော့ သိမ်းကျုံးပြီးတော့ ဝယ်ထားလိုက်တာတွေလည်းရှိတယ်။ ဒါတောင် နောက်ကျတဲ့သူတွေက စားသောက်ကုန်ပစ္စည်းတွေကိုတောင် မရလိုက်ဘူးပေါ့။

မေး။ ။ ရခိုင်မှာ ပြည်သူတွေက စားသောက်ကုန်တွေ ကြိုတင် စုဆောင်းတာတွေ စလုပ်နေတဲ့ ပုံစံမျိုးလား။

ဖြေ။ ။ ပြည်သူတွေက ကြိုတင် စုဆောင်းမှုတွေ လုပ်နေပါပြီ ငရုတ်ကောင်း၊ ဆီ၊ ကြက်သွန်၊ အဲတာတွေက အစပေါ့။ အိမ်တိုင်းလိုလို ဝယ်နေကျတာကိုလည်းတွေ့ရပါတယ်။

မေး။ ။ ဒီလိုစုဆောင်းတာတွေ လုပ်နေတယ်ဆိုတော့ စားသောက်ကုန်တွေ ပြတ်လပ်မှုတွေ ရှိလာနိုင်မလား။

ဖြေ။ ။ တကယ်လို့များ ဒီကုန်ဖလှယ် စီးဆင်းမှု နှေးသွားမယ်။ အဲဒီဖက်က အလာမရှိဘူးဆိုရင်တော့ ပြတ်လပ်မှုတွေ မဖြစ်လာဘူးလို့ ပြောလို့မရပါဘူး။ ဒီစားသောက်ကုန်ပစ္စည်းတွေ ကျွန်တော်တို့ ပြည်မဘက်နေပြီးတော့ အလာနှေးသွားမယ်ပေါ့။ အလာနှေးသွားရင် တကယ်လို့များ မလာဘူး။ အလာနှေးသွားရင် ဒီမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်လို့ပြောတာ။

Photo Credit – REC Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts