All News interview Peace

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် ထောက်ပံမှုများ တားဆီးရေး ဟုဆိုကာ အရပ်ဘက်အဖွဲ့များ အခွန်ဆောင်ရန်နှင့် ဝင်ငွေစိစစ်မည် အစိုးရက အမိန့်ထုတ်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် ထောက်ပံမှုများ တားဆီးရေး ဟုဆိုကာ အရပ်ဘက်အဖွဲ့များ အခွန်ဆောင်ရန်နှင့် ဝင်ငွေစိစစ်မည် အစိုးရက အမိန့်ထုတ်

By ရန်ကုန်ခေတ်သစ်

စီမံကိန်း၊ဘဏ္ဍာရေး၊ စက်မှုဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့ တွင် အမိန့် ကြေငြာစာ ၇၉/ ၂၀၂၀ ထုတ်ပြန်၍ အရပ်ဘက်အဖွဲ့အစည်းများ အခွန်ဆောင်၊ မဆောင်စိစစ်ရန်၊ ပွင့်လင်းမြင်သာမှုရှိရန်၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့မှုများ တားဆီးရေး စိစစ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ အဆိုပါ အမိန့် ကြေငြာစာသည် လာမည့် အောက်တိုဘာလ ၁ ရက်နေ့ စတင်အသက်ဝင်မည်ဖြစ်ပြီး ယင်းအမိန့်ကြေငြာစာကြောင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများနှင့်ပတ်သက်ပြီး Citizen Action for Transparency တည်ထောင်သူ ဒေါ်မိုးမိုးထွန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး – စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ ဒီ CSO တွေ ၊ NGO တွေနဲ့ INGO တွေ အခွန်ဆောင်ရမယ်ဆိုတဲ့ အမိန့်ကြေငြာစာ ၇၉/၂၀၂၀ ဇူလိုင်လအတွင်းမှာ ထုတ်လိုက်တယ်။ ဒီကြေငြာစာက အဓိက ဘာကို ရည်ရွယ်တာလဲ။

ဖြေ – သူ့ရဲ့အမိန့် အဓိကကြေငြာချက်ကတော့ နှစ်ချက်ပါတယ်ပေါ့နော် ။ အဲ့ဒါကအခွန်ဆိုင်ရာတွေ ၊ ခံစားခွင့်တွေကို ပွင့်လင်းမြင်သာစွာရှိဖို့ ဆိုတာမျိုးတစ်ချက်ပါတယ် ။ ဒုတိယတစ်ခုကတော့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတွေ ရှိလားပေါ့ အဲ့ဒါတွေတားဆီးကာကွယ်ဖို့ အထောက်အကူပြုဖို့ဆိုတာလည်း ပါတယ် ။

ပါတော့ သူက ဘယ်လိုအဖွဲ့အစည်းတွေလဲဆိုတဲ့ ဒီပညာရေး၊ကျန်းမာရေး၊ဆင်းရဲနွမ်းပါးမှု ၊ သဘာဝဘေးအန္တရယ်ကျရောက်နေတဲ့ အဖွဲ့အစည်းတွေ ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ၊ NGO တွေပေါ့နော် ။ နောက်တစ်ခါအစိုးရမဟုတ်တဲ့ အပြည်ပြည်ဆိုင်ရာ INGO တွေပါမယ် ။ ကျွန်မတို့ ပုဂ္ဂလိက ဖောင်ဒေးရှင်းတွေပါတယ် ။ အရပ်ဘက်အဖွဲ့အစည်းတွေပေါ့ Organization တွေပါတယ်ဆိုတာပြောတယ် ။

မေး – ဒီလိုမျိုးအမိန့်ကြေငြာစာက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာရေးထိန်းချုပ်ချင်တာလား၊ အရပ်ဘက်အဖွဲ့အစည်းတွေအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မလဲ။

ဖြေ – ဘယ်လောက်ထိသက်ရောက်မှုရှိလဲဆိုတော့ ဒါက အစိုးရရဲ့ကိုင်တွယ်တဲ့ဟာပေါ်မှာ မူတည်မယ်ပေါ့ ။ ကျွန်မတို့အရပ်ဘက်အဖွဲ့အစည်းတွေ NGO တွေကို ငွေကြေးဆိုင်ရာမှာ ထိန်းချုပ်လိုက်လို့ရှိရင် ကျွန်မတို့လုပ်ကိုင်နိုင်တဲ့ဟာ အကန့်အသတ် လိုမျိုးရှိမယ် ။

သူကသူ့ရဲ့ရည်ရွယ်ချက်မှာ ဘာအဓိကပါနေလဲဆိုတော့ ငွေကြေးခဝါချမှု နဲ့ အကြမ်းဖက်ကို ငွေကြေးထောက်ပံ့တာဆိုတာပါတယ်က တော်တော်ကြီးကိုဆိုးစေတယ်ပေါ့နော် ။ ကျွန်မတို့ဖတ်ကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့ကြေငြာချက်ဟာဆိုးစေတဲ့ဟာသည် ဒီဟာလို့ ကျွန်မတို့ယူဆတယ် ။

နောက်တစ်ချက်ကကျတော့ သူတို့ရဲ့မရှင်းတာတွေက အခန်း ၅ ဆိုလည်းမ ရှင်းဘူးပေါ့ ။ အသိအမှတ်ပြုခံရတဲ့အဖွဲ့ဖြစ်စေ ၊ အသိအမှတ်ပြုမခံရတဲ့အဖွဲ့ဖြစ်စေဆိုတာ ဒါဘာကိုဆိုလိုတာလဲဆိုတာ ကျွန်မတို့လည်း နားမလည်ဘူးပေါ့ ။ နောက်တစ်ချက်ရှိတာက ကျွန်မတို့သည် ဘာကြောင့်အခွန်ဆောင်ဖို့ အခက်အခဲရှိတာလည်းပေါ့ ။ အခွန်ဆောင်ဖို့အတွက် အလွယ်တကူ သူတို့ဆောင်ရွက်ပေးထားတာလည်းမရှိဘူး ။ အဲ့မှာ အခွန်ဆောင်မယ်ဆိုရင်ရော ကျွန်မတို့ အသင်း အဖွဲ့မှတ်ပုံတင်လုပ်ရတာ အဆင်ပြေလားဆိုတော့ မှတ်ပုံတင်သည်လည်း ဥပဒေထဲမှာကဲ့သို့ မဟုတ်ဘူး ။

ကျွန်မတို့သည် အသင်းအဖွဲ့မှတ်ပုံတင်အတွက် ကျွန်မတို့ တင်လိုက်ပြီဆိုရင် ၈လ ဒါမှမဟုတ် တစ်နှစ်အနည်းဆုံး ကြာတယ်ပေါ့နော် ။ ဒီလိုဟာမျိုးမှာလည်း ကျွန်မတို့အဆင်ပြေလွယ်ကူအောင် ဆောင်ရွက်ပေးထားတာမျိုးမရှိဘူး ။ ကျွန်မတို့သည် မှတ်ပုံမတင်ချင်လို့ နေတာမဟုတ်ဘူး ။ အသင်းအဖွဲ့မှတ်ပုံတင်တဲ့နေရာမှာ အခက်အခဲ ရှိလို့မလို့ ဒီအသင်းအဖွဲ့ မှတ်ပုံတင် နေရာမှာ ကျွန်မတို့ကြန့်ကြာနေတာဖြစ်တဲ့အတွက်ကြောင့် မှတ်ပုံတင်ဖို့ခက်ခဲတာ ။

ဥပဒေအရ ၂၀၀၈ ဖွဲ့စည်းပုံအရ အသင်းအပင်းတွေကို လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိတဲ့အတွက်ကြောင့် ဒီအမိန့်ကြေငြာချက်တွေသည် ဒီအခုလက်ရှိ သူတို့ထုတ်တဲ့ အမိန့်ကြေငြာချက်တွေသည် ဘာတွေပေါ်မှာ လွှမ်းမိုးချင်တာလဲ ။ သူတို့ရည်ရွယ်ချက်က ဘာလဲဆိုတာကို မြင်နေရတယ်လို့ ကျွန်မတို့ ယူဆတယ်ပေါ့ ။

မေး – သူတို့ရည်ရွယ်ချက် မြင်နေရတယ်ဆိုတော့ ဘာတွေကိုမြင်နေရတာလဲ ။ အဓိကက သူတို့ ဘာကိုလုပ်ချင်နေလို့ ဒီဟာကို အဓိကလုပ်ချင်တယ်လို့ ထင်ပါသလဲ ။

ဖြေ – ဘာကိုလုပ်ချင်လို့လဲဆိုတော့ ကျွန်မတို့ဒီဆောင်ရွက်တဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ ပေါ့နော် ၊ ဥပမာ အစိုးရကိုဝေဖန်တယ်၊ထောက်ပြတယ်ဆိုတာမျိုးမှာ မကျေနပ်ကြဘူးဆိုလို့ရှိရင် သူတို့အနေနဲ့ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲလို့ရအောင် ရည်ရွယ်ပြီးရေးတယ်လို့ ကျွန်မက ယူဆလို့ရတယ်ပေါ့ ။

မေး – အရပ်ဘက်အဖွဲ့အစည်းတွေက ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ထောက်ပံ့တာကိုတားဆီးမှုဆိုတဲ့ ရည်ရွယ်ချက်နှစ်ခု အမိန့်ကြေငြာစာမှာပါတယ် ။ အဲ့တော့ အရပ်ဖက်အဖွဲ့အစည်းတွေက ငွေကြေးခဝါချတာတို့ အကြမ်းဖက်မှုကိုထောက်ပံ့ခဲ့တာ ရှိမလား ။

ဖြေ – ကျွန်မတို့ မရှိဘူး ၊ ကြားလည်းမကြားဘူးဘူးပေါ့နော် ။ စောစောက ပြောသလိုပဲတော်တော်ကို ဆိုးသွမ်းတဲ့အချက်ပေ့ါနော် ။ နောက်မရှင်းနေတာက အခန်း ၆ မှာပိုဆိုးတယ် ။ အခန်း ၆ မှာဘာလည်းဆိုတော့ သူတို့က ဥပမာဖြင့် ဒီဝင်ငွေခွန်ကို သက်သာခွင့်ပေးမို့လားဆိုလည်း မဟုတ်ဘူး ။

အခွန်ဆိုင်ရာ ခံစားခွင့်တွေကို ပွင့်လင်းမြင်သာမှုရှိဖို့ ပြောနေပေမယ့်လည်း နောက်သူတို့ အခန်း ၆ မှာထည့်ထားတဲ့ ဟာနဲ့လည်း ရှင်းရှင်းလင်းလင်းမရှိဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ဒီပြည်တွင်းအခွန်ဦးစီးဌာနက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတွေက ရရှိတဲ့ ဝင်ငွေတွေကို ဘဏ္ဍာရေးနဲ့ ကုသိုလ်ရေး အတွက်သာ အသုံးပြုရင် ဝင်ငွေခွန်ဥပဒေနဲ့ အညီ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမယ်ဆိုတာလည်း လုံးဝမရှင်းဘူး ။

ဘာသာရေးနဲ့ ကုသိုလ်ရေးက မတူဘူးလားလို့ ကျွန်မတို့ဘက်ကပြန်မေးတာ သူတို့အမိန့်ညွှန်ကြားချက်ကို သူတို့ ကိုယ်တိုင်ပြန်သဘောပေါက်လားပေါ့ ။ ဘာလို့လဲဆိုတော့ နီးစပ်ရာ အခွန်ဦးစီးဌာန ကို ကျွန်မတို့ ဘာဆက်လုပ်ရမလဲဆိုတဲ့ ဟာကို သွားပြတဲ့အခါမှာ သူတို့ကိုယ်၌က ရှင်းလင်းမနေဘူးဆိုတာ ကျွန်မတို့ သိရတယ်ပေါ့နော် ။

မေး – ဒီအမိန့်ကြေငြာစာက ဘယ်တော့ အသက်ဝင်မလဲ ၊ နောက်ပြီးတော့ တကယ်အသက်ဝင်လာလို့ရှိရင်ရော ဒီ NGO ‌တွေ ၊ CSOs ‌တွေ ၊ အရပ်ဖက်အဖွဲ့အစည်းတွေအားလုံး လှုပ်ရှားရတာက အစိုးရဘက် လိုသလို အရေးယူတာတွေဘာတွေလုပ်လာနိုင်မလား ။

ဖြေ – သူတို့ဘက်ကအရေးယူတာတွေလုပ်လာနိုင်လားဆိုတော့ လုပ်လာနိုင်တယ် ။ ဒါပေမဲ့ကျွန်မတို့ဘက်ကပြောတာကလည်း အမိန့်နဲ့ ညွှန်ကြားချက်တစ်စောင်ထုတ်လာမယ်ဆိုရင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ကန့်သတ်ရင်ကန့်သတ်တယ် ၊ ချုပ်ခြယ်ရင်ချုပ်ခြယ်တယ် ၊ ကျွန်မတို့လုပ်နေတဲ့အဖွဲ့အစည်းတွေစောစောက ပြောခဲ့တဲ့ သူရည်ရွယ်ချက် ၂ ချက်ထဲက ဒုတိယအချက် ( ခ ) ဖြစ်တဲ့ အကြမ်းဖက်ဥပဒေတွေ ၊ ငွေကြေးခဝါချမှုဥပဒေတွေ နဲ့ တရားစွဲဆိုချင်တယ်ပေါ့ ။

ပွင့်ပွင့်လင်းလင်း ရေးရင် နင်တို့ဟုတ်တယ်ဟေ့ ၊ နင်တို့ NGO တွေ အရပ်ဖက်အဖွဲ့အစည်းကို ကန့်သတ်ချုပ်ချယ်ချင်တာဟေ့ ဆိုတဲ့ ကန့်သတ်ချုပ်ချယ်ချင်တဲ့ အမိန့်ညွှန်ကြားချက်ကို ပေါ်ပေါ်ထင်ထင်ထုတ်လိုက်တာ သူတို့အတွက် ပိုသိက္ခာရှိမယ်လို့ ယူဆတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက ဘာလုပ်ချင်မှန်းကို ကျွန်မတို့မသိဘူး ။

ဒီအမိန့် ညွှန်ကြားချက်ကြီးကို ကျွန်မတို့ ဖင်ပြန်ခေါင်းပြန်ဖတ် တာ ကျွန်မတို့ ကိုယ်တိုင် နားမလည်ဘူး ။ နားမလည်တော့ သူတို့သက်ဆိုင်ရာ ဒီပညာရှင်တွေသွားဖတ်ခိုင်းလည်း နားမလည်ဘူးဆိုတော့ သူတို့ဘာလုပ်ချင်မှန်းရည်ရွယ်ရင်းမသိဘူး ။ သူတို့ကိုသူတို့ ဒီအမိန့်ညွှန်ကြားချက်အပေါ်မှာ သူတို့မှာလည်း ရည်ရွယ်ချက်ကောင်းကောင်းရှိလိမ့်မယ် ။ ရည်ရွယ်ချက်သည် ဒီထဲမှာ မပေါ်လွင်နေဘူး ။ အဲ့တော့ ကျွန်မတို့ အရပ်ဖက် အဖွဲ့အစည်းတွေကတော့ ဒီ အမိန့်ညွှန်ကြားချက်စထွက်တဲ့နေ့ကတည်းက ကျွန်မတို့ကို ငွေကြေးအရ ကန့်သတ်ချုပ်ချယ်လိုက်ခြင်းအားဖြင့် ခြိမ်းခြောက်လိုက်တယ်လို့လည်း တစ်ဖက်က မြင်တယ် ။

ဘာဖြစ်လို့လဲဆိုတော့ ဒီငွေကြေးခဝါချမှုတွေ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ကျွန်မတို့ကို ထည့်သွင်းထားတာ ဖြစ်တဲ့အတွက်ကြောင့် တစ်ဖက်ကနေလည်း NGO တွေ ၊ အရပ်ဖက်အဖွဲ့အစည်းတွေ လွတ်လပ်စွာလုပ်ကိုင်ခွင့်အပေါ်မှာ ခြိမ်းခြောက်လိုက်တယ်လို့ ကျွန်မတို့က ယူဆတယ်ပေါ့ ။ ဒီဟာက အောက်တိုဘာ ၁ရက်နေ့မှာ အသက်ဝင်မယ်လို့ ရေးထားတယ် ။

မေး – ဒီအမိန့် ကြေငြာစာကို အရပ်ဖက်အဖွဲ့အစည်းတွေက ဘယ်လိုတုံ့ပြန်မလဲ။

ဖြေ – ဒီကြားထဲမှာ ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေလည်း ကျွန်မတို့စုစည်းမှုတော့လုပ်နေတယ်ပေါ့နော် ။ ဒီပေါ်မှာ ကျွန်မတို့ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေကြားထဲမှာ ရှင်းရှင်းလင်းလင်းရှိအောင် ကျွန်မတို့ ဆွေးနွေးနေတုန်းပဲပေါ့နော် ။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ပညာရှင်တွေဆီက ဒါကိုသွားမေးနေလည်း ဘယ်လိုပုံစံမျိုးပေါက်လဲ တကယ့်ရည်ရွယ်ရင်းက ဘာတွေဖြစ်မလဲဆိုတာ ခက်တာက ကျွန်မတို့ ဘယ်ပညာရှင်တွေဆီကိုသွားမေးမေး သူတို့ရဲ့ရည်ရွယ်ရင်းကို ကိုယ်မသိပဲနဲ့ အားလုံးသည်စောစောက ပြောခဲ့တဲ့ ဒီအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ နဲ့ပဲတကယ်လုပ်ချင်တာလား ဒီအရပ်ဖက်အဖွဲ့အစည်းတွေကို ကန့်သတ်ချင်တာလား ငွေရေးကြေရေးအရ ဘာမှကို ဆောင်ရွက်လို့မရ စေချင်တာလားဆိုတာကိုယ်တိုင်ကိုက ကျွန်မတို့မေးတဲ့ပညာရှင်တိုင်း မသိသေးဘူးပေါ့နော် ။ ကျွန်မတို့အချင်းချင်းကြားထဲမှာလည်း ဒါတွေ က ဒွိဟ ဖြစ်စေတယ်ပေါ့ ။

မေး – အခုဒီလိုမျိုးဖြစ်တာက NLD အစိုးရ ရွေးကောက်ခံအစိုးရလက်ထက်မှဖြစ်တာပေါ့ ။ ရွေးကောက်ခံအစိုးရလက်ထက်မှာ ဒီအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုအခြေအနေရှိလဲ။ ဥပမာဆိုရင် အစိုးရက မိတ်ဘက်လိုသဘောထားလား ၊ ရန်သူလိုသဘောထားလား ၊ ဘယ်လိုသဘောထားလဲ ။

ဖြေ – ကျွန်မတို့ပြီးခဲ့တဲ့ အစိုးရနဲ့ ပြန်သုံးသပ်လိုက်မယ်ဆိုလို့ရှိရင် ပြီးခဲ့တဲ့ အစိုးရလက်ထက်က ကျွန်မတို့ကလွှတ်တော်တွေသွားတယ် ။အစိုးရအဖွဲ့အစည်းဆီသွားတယ် ။ လွတ်လွတ်လပ်လပ်ပဲ မှတ်ပုံတင်ရှိလား မရှိလား မမေးပဲနဲ့ ကျွန်မတို့ကို တွေ့ခွင့်ပေးခဲ့တယ်ပေါ့နော် ။ အခုအစိုးရ လွှတ်တော် ကိုပဲသွားသွား ၊ အစိုးရအဖွဲ့ပဲသွားသွား မှတ်ပုံတင်ရှိလားလို့ အရင်စမေးတယ် ။

မှတ်ပုံတင်ရှိတဲ့ အဖွဲ့အစည်းသာ သူတို့တွေ့ဆုံတာ ဆွေးနွေးတာမျိုးတွေ ရှိတယ်ပေါ့နော် ။ အဲ့တော့ ကျွန်မတို့ကိုယ်တင်တဲ့အစိုးရကိုယ်၌ကိုယ်က ကျွန်မတို့ကို အစောကတည်းကိုက စပြီးတော့ သူတို့သည် အာဏာရရှိတယ်ဆိုကတည်းက ကျွန်မတို့ကို အရပ်ဘက်အဖွဲ့အစည်းတွေကန့်သတ်တဲ့အတွက် သူတို့သည် မိတ်ဘက်အနေနဲ့တော့ မဟုတ်ဘူး ။ ရန်သူလိုဆက်ဆံတာတော့ သေချာတာပေါ့ ။

မေး – NLD အစိုးရက အရပ်ဖက် အဖွဲ့အစည်းအားလုံးကို ရန်သူလို ဆက်ဆံတဲ့အပေါ် ရှင်းရှင်းလင်းလင်းသိချင်တာ ရှင်းပြပေးပါလား။

ဖြေ – ဘာလို့လဲဆိုတော့ ကျွန်မတို့ကသူနဲ့လက်တွဲဆောင်ရွက်ခဲ့တဲ့ အရပေါ့နော် ။ ကျွန်မတို့ အစိုးရနှစ်ဆက်ရှိပြီပေါ့နော် ။ ဒီမိုကရေစီနည်းအရတက်တဲ့အစိုးရဆိုရင် သုံးသပ်ရမယ်ဆိုရင် သေချာတယ် လက်ရှိအစိုးရသည် ကျွန်မတို့ကို မိတ်ဘက် လို့မသတ်မှတ်ဘူး ၊ ရန်သူလို့ သတ်မှတ်တယ် ။ ရန်သူအနေနဲ့သတ်မှတ်လို့လည်း အခုအမိန့် ၊ ညွှန်ကြားချက် တွေနဲ့ ကျွန်မတို့ကို ထိန်းချုပ်ဖို့ ၊ ကန့်သတ်ဖို့ ကြိုးစားတာမျိုးလည်းရှိတယ်ပေါ့ ။

တကယ်တမ်းကျတော့ တခြားနိုင်ငံတွေကြည့်လို့ရှိရင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေ တကယ်လိုအပ်တယ် ။ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ တွန်းအားတွေ ဥပမာဖြင့် ဝေဖန်ထောက်ပြတာမျိုးတွေ ဒါမျိုးတွေ တွင်တွင်ကျယ်ကျယ် များများလုပ်ရမယ် ။

ကျွန်မတို့အရပ်ဘက်အဖွဲ့အစည်းတွေကို ရန်သူလို့မသတ်မှတ်ဘဲနဲ့ မိတ်ဖက်အသွင်မျိုးဆောင်လို့ရှိရင် ကျွန်မတို့ နိုင်ငံသည်ဒီထက်ပိုပြီး ဖွံ့ဖြိုးနိုင်တယ်ပေါ့ ။ သူတို့အမှားအယွင်းလည်းနည်းမယ် ။ ထောက်ပြဝေဖန် အကြံပြုနိုင်မယ်လို့လည်း ကျွန်မတို့ ယူဆတယ်ပေါ့ ။

မေး – ဘာများဖြည့်စွက်ပြောကြားချင်လဲ။

ဖြေ – ကျွန်မတို့အရပ်ဖက်အဖွဲ့အစည်းတွေကို ဒီလိုမျိုးကန့်သတ်လိုက်လို့ ၊ ချုပ်ခြယ်လိုက်လို့ ရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေလည်းရှိမယ် ။အစိုးရအတွက် စိန်ခေါ်မှုတွေ ပိုကြီးလာတယ်ပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကန့်သတ်မှုတွေ ဒီလိုချုပ်ခြယ်မှုတွေကြောင့် ကျွန်မတို့ အရပ်ဘက် အဖွဲ့အစည်းတွေ က တွန့်သွားမယ့် အဖွဲ့တွေ တစ်ဖွဲ့မှ မရှိဘူးပေါ့နော် ။

လူတွေအနေနဲ့ဆိုရင် တွန့်သွားမယ့်သူတွေတစ်ယောက်မှမရှိသလို အဖွဲ့အစည်း အနေနဲ့လည်း ဒါမျိုးတွန့်သွားတဲ့ဟာတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့အားလုံးသည် အဆင်သင့်ပဲရှိတယ်ပေ့ါနော် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ကိုယ်လုပ်နေတာတွေသည် ကျွန်မတို့သိတယ် ။ ကျွန်မတို့သည် ငွေကြေးခဝါချမှု မှာလည်း ကျွန်မတို့မရှိနေသလို အကြမ်းဖက်မှုတွေကို ကျွန်မတို့ ဘယ်အဖွဲ့အစည်းကမှ အားပေးနေတာမျိုးမရှိဘူး ။

ကျွန်မတို့ ဒါမျိုးတွေလည်း လုပ်နေကြတာတစ်ဖွဲ့မှမရှိတဲ့အတွက် ကျွန်မတို့က ကိုယ့်ကိုကိုယ် ယုံကြည်တယ် ။ ဒါကြောင့်မိုလို့ သူတို့ ဘယ်လိုဟာတွေနဲ့ပဲကန့်သတ်ကန့်သတ် ကျွန်မတို့ရင်ဆိုင်ဖို့ အဆင်သင့်ပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts