All News Election Local News

ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ၀န်ကြီးဟောင်း အများစု ရွေးကာက်ပွဲဝင်မည်

ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ၀န်ကြီးဟောင်း အများစု ရွေးကာက်ပွဲဝင်မည်

ရန်ကုန်၊ သြဂုတ် ၁၈

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အစိုးရဝန်ကြီးနှင့်ဒုဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်အများစု ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီက တရားဝင် ထုတ်ပြန်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထိပ်တန်းခေါင်းဆောင်များ ပြည်ထောင်စုနယ်မြေ နေပြည်တော် နှင့်ရန်ကုန်ရှိမဲဆန္ဒနယ်များတွင် ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း၊နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးက ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၊ ဦးဝေလွင်က ပုဗ္ဗသီရိ မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၊ ဦးဝင်းရှိန်က ဥတ္တရသီရိ မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၊ ဦးဝဏ္ဏမောင်လွင် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၊ ဦးမြင့်လှိုင် ဒက္ခိဏသီရိမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည် ။

ရန်ကုန်တွင် ဝန်ကြီးဟောင်းဦးခင်ရီက ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၊ ဦးနန္ဒကျော်စွာက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နှင့်ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာတော့ ဦးမြင့်ဦးက ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အမျိုးသားရေးလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည်က ဒေါပုံမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဦးဌေးဦး ၊ ဦးလှထွန်း ၊ ဦးဉာဏ်ထွန်းအောင် ၊ ဒေါက်တာကံဇော် ၊ ဦးပိုက်ထွေး ၊ ဒေါက်တာ သန်းအောင် ၊ ဦးသန်းထွန်း ၊ ဦးတင်အောင်ချစ် ၊ ဦးသိန်းအောင် ၊ ဦးဉာဏ်ဝင်း ၊ ဦးလဂျွန်ငန်ဆိုင်း ၊ ဦးစိုင်းအောင်မြတ် စသည့် စစ်အရာရှိဟောင်း၊ ဝန်ကြီးဟောင်း ၊ ဝန်ကြီးချုပ်ဟောင်းများလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ခိုင်ရေးပါတီက လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထောင်စုအဆင့် ဝန်ကြီးများ ၊ ဝန်ကြီးချုပ်များ နှင့် အငြိမ်းစား တပ်မတော်အရာရှိများ ယခင်ရွေးကောက်ပွဲများထက် ရာခိုင်နှုန်း အနည်းငယ်သာ ပါဝင်ကြောင်း ယင်းပါတီထုတ်ပြန်ချက်အရသိရသည် ။

ယင်းစာရင်းတွင် နိုင်ငံရေးမျက်နှာသစ် ၇၀ ရာခိုင်နှုန်းပါဝင်ပြီး လူဟောင်း ၃၀ ရာခိုင်နှုန်ူးသာပါဝင်ကြောင်း၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းမှာ ၁၀၀ ကျော်ပါဝင်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၂ ရာခိုင်နှုန်းခန့်သာ ပါဝင်ကြောင်း ကြံ့ခိုင်ရေးပါတီက ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က ကလောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၊ ဦးသိန်းထွန်းဦးက အမရပူရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည် ။

ဒေါက်တာနန္ဒာလှမြင့်က “ ကျွန်တော်တို့ ရွေးကောက်ပွဲ ဆောင်ပုဒ်က ပိုမိုတောက်ပသော အနာဂတ်လေ ” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts