Local News Peace political news

ကျောက်တော်၊ ရှမ်းရွာရပ်ကွက်တွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ဦး သေဆုံး၊ အပေါက်ဝကျေးရွာတွင်မူ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ကျောက်တော်၊ ရှမ်းရွာရပ်ကွက်တွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ဦး သေဆုံး၊ အပေါက်ဝကျေးရွာတွင်မူ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၂၇

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ ရှမ်းရွာရပ်ကွက်နှင့် အပေါက်ဝကျေးရွာတို့တွင် သြဂုတ်လ ၂၆ရက်နှင့် သြဂုတ်လ ၂၇ရက်တို့တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းကြောင့် အမျိုးသား ၁ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ အခြား အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကပြောဆိုသည်။

ကျောက်တော်မြို့နယ် ရှမ်းရွာရပ်ကွက်တွင် သြဂုတ်လ ၂၆ရက်နေ့ ည ၁ဝနာရီခန့်က ပစ်ခတ်ခံရမှု ဖြစ်စဉ်တွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဦးနိုင်ဝင်း သေဆုံးခဲ့ကြောင်း လက်ရှိချိန်တွင် အလောင်းကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ ရှမ်းရွာရပ်ကွက် ပစ်ခတ်မှုဖြစ်စဉ်ကတော့ ကျွန်တော်တို့က မြို့ကို Lock Down လုပ်ထားတဲ့ ကိုဗစ်ကာလမို့ မြို့မှာတော့ အသွားအလာတစ်ယောက်မှ မရှိဘူး။ အဲတာ မိုးချုပ်လို့ ၁ဝနာရီကျော်လောက်မှာတော့ မြန်မာ့တပ်မတော်ဘက်က စစ်ကြောင်းဝင်တယ်လို့တော့ ကျွန်တော်တို့ ဖုန်းအဆက်အသွယ် တွေရပါတယ်။ ဒီ ၁ဝနာရီနောက်ပိုင်းမှာ ဘယ်လိုကိစ္စမျိုးနဲ့ ဝင်လာတာလည်းတော့မသိဘူး။ ခဏနေတော့ သေနတ်ပစ်သံတွေကြားတယ်။ တစ်ယောက်ကတော့ ကျည်ထိပြီးတော့ သေဆုံးတယ်လို့တော့ အဲလိုတော့ကြားတယ်။ ကိုဗစ်ကာလ Lock Down ချထားတော့ အပြင်မထွက်ရဲဘူး။ မနက်မှ တစ်ယောက်သေဆုံးနေတာတွေ့တော့ အရပ်သားတွေက ဆေးရုံလာပို့တာပေါ့ ” ဟု၎င်းကပြောဆိုသည်။

ကျောက်တော်မြို့နယ်၊ ရှမ်းရွာရပ်ကွက်တွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့သတင်းထုတ်ပြန်ထားသည်။

တပ်မတော်လှည့်ကင်းလှုပ်ရှားစစ်ကြောင်း တစ်ကြောင်းမှ ယနေ့နံနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် ကျောက်တော်-ဝါးကင်း ကျေးရွာသွားလမ်းကြောင်းပေါ်၌ မသင်္ကာဖွယ်ရာ အပြန်အလှန်မီးအချက်ပြမှု ပြုလုပ်နေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးနိုင်ရေးခေါ်ယူရာ အဆိုပါ မသင်္ကာဖွယ် မီးအချက်ပြသူနှစ်ဦးမှာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ထွက်မပြေးရန်ပြောသော်လည်း ရပ်တန့်မှုမရှိသောကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း၊ ပစ်ခတ်မှုကြောင့် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးအား ၎င်းဝတ်ဆင်ထားသည့် ပုဆိုးခါးပုံစအတွင်းမှ Quansheng အမျိုးအစား လက်ကိုင်စကားပြောစက်တစ်လုံး၊ ငွေကျပ် ၁၀၀၀ နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကာ ၎င်းစီးနင်းလာသည်ဟု ယူဆရသော Smash-125 အမျိုးအစား(လိုင်စင်မဲ့) ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ ယနေ့ နံနက်ပိုင်းတွင် လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင်လည်း သြဂုတ်လ ၂၇ရက်နေ့ နံနက် ၁ဝနာရီခန့်က စိုက်ပျိုးရေး လုပ်ဆောင်နေသည့် တောင်သူ အမျိုးသမီး ၃ဦး ပစ်ခတ်ခံရသောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသည့်အတွက် စစ်တွေဆေးရုံသို့ ပို့ရန် စီစဉ်နေစဉ် သေဆုံးသွားခဲ့ကြောင်း လွှတ်တော်အမတ် ဦးမောင်သန်းစိန်က ဆက်လက်ပြောဆိုသည်။

“ ကျွန်တော်တို့ဒီ မနက် ၁ဝနာရီကျော် ဝန်းကျင်လောက်မှာပဲ လက်နက်ကြီးထိတာလား။ လက်နက်ငယ် ပစ်တာလားတော့မသိဘူး။ အသက် ၃ဝကျော် အမျိုးသမီး ၃ယောက်ကတော့ ကျောက်တော် ဆေးရုံကိုရောက်နေကျတယ်။ တစ်ယောက်ကတော့ ဝမ်းဗိုက်ကိုထိလို့ အူတွေဘာတွေ ထိခိုက်သွားတယ်ပြောတယ်။ စစ်တွေကိုသွားဖို့ စီစဉ်နေတုန်း ၂ နာရီခွဲမှာ ဆုံးသွားပါတယ်။ နောက် ၂ယောက်ကတော့ ကျောက်တော်ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေပါတယ်။ ပစ်ခတ်တာကတော့ ပစ်ခတ်ခံရတာပဲ ဘယ်လို လက်နက်မျိုးနဲ့ ပစ်တယ်ဆိုတာကတော့ တိတိကျကျမသိဘူး။ အခုရှိတာကတော့ ဒီလို နေ့လည် နေ့ခင်းဖက်တွေမှာ အလိုအလျှောက် ဘာမှ မမျှော်လင့်ထားဘဲနဲ့ လာထိတာတော့ နည်းနည်းဆိုးတယ်” ဟု ၎င်းကပြောဆိုသည်။

သေဆုံးသူသည် ဒေါ်ဘုမ အသက် ၃၆ နှစ်ဖြစ်ပြီး ဝမ်းဗိုက်ကျည်ထိဒဏ်ရာဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများဖြစ်သော ဗိုလ်ချုပ် ထွန်းထွန်းညီ နှင့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

ဓာတ်ပုံ- ပစ်ခတ်မှုကြောင့် ဒဏ်ရာဖြင့် သေဆုံးသူ အမျိုးသမီး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts