All News Editorial Peace

ကိုဗစ်ကပ်ဘေးကာလ သမိုင်းမှတ်တမ်းဆိုး မကျန်ရစ်စေရန် ရခိုင်တွင် နှစ်ဖက်တိုက်ပွဲများရပ်၍ အင်တာနက်အပြည့်အ၀ ဖွင့်ပေးချိန်တန်ပြီ

အယ်ဒီတာ့အာဘော်

ကိုဗစ်ကပ်ဘေးကာလ သမိုင်းမှတ်တမ်းဆိုး မကျန်ရစ်စေရန် ရခိုင်တွင် နှစ်ဖက်တိုက်ပွဲများရပ်၍ အင်တာနက်အပြည့်အ၀ ဖွင့်ပေးချိန်တန်ပြီ

ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နယ်မှစတင်တွေ့ရှိခဲ့သော ကိုဗစ်ရောဂါပြည်တွင်း ကူးစက်မှုမှာ အခြားမြို့နယ်များသို့လည်း ကူးစက်နေပြီး ပြည်နယ်တစ်ခုလုံး Lock Down ချထားလိုက်ရပြီဖြစ်သည်။ ယခုအချိန်အထိလည်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ အရေအတွက် နေ့စဉ်တိုးလျက်ရှိပြီး ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်လူနာ ၂၁၉ ဦးရှိလာပြီဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ကိုဗစ်လူနာ အရေအတွက် ၆၂၈ ဦးတွင် ရခိုင်ပြည်နယ်တစ်ခုတည်းက ၂၁၉ ဦးရှိနေခြင်းဖြစ်ရာ အလွန်ဆိုးဝါးသော ကူးစက်မှု အခြေအနေသို့ ဆိုက်ရောက်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်လူနာများ တည်ရှိမှုအနေဖြင့် စစ်တွေမြို့နယ်တွင် ၁၃၇ ဦး၊ မောင်တောမြို့နယ်တွင် ၁၉ ဦး၊ ပေါက်တောမြို့နယ်တွင် ၁၄ ဦး၊ မြောက်ဦးမြို့နယ်တွင် ၁၄ ဦး၊​ မြေပုံတွင် ၄ ဦး၊ မင်းပြားတွင် ၅ ဦး ၊၊ ကျောက်ဖြူ ၇ ဦး၊ ဘူးသီးတောင် ၆ ဦး၊ ကျောက်တော် ၆ ဦး၊ သံတွဲ ၄ ဦး၊ ပုဏ္ဏားကျွန်း ၁ ဦးတို့ဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်အများစုတွင် အင်တာနက်များ ပိတ်ပင်ထားပြီး ၂ သိန်းကျော်ရှိနေသော စစ်ဘေးဒုက္ခသည်များအပါအဝင် ရခိုင်ပြည်သူများမှာ ကိုဗစ် ရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ် ပညာပေးမှု အသိပညာများ၊ သတင်းအချက် အလက်များကို အချိန်နှင့် တပြေးညီ မရရှိနိုင်ကြပေ။

တစ်နိုင်ငံလုံး ပြည်သူများသည် နံနက် ပိုင်း၊ ညပိုင်း အချိန်များတွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ အွန်လိုင်း လူမှုကွန်ရက်ကို နေ့စဉ် ဝင်ရောက်၍ ရောဂါဖြစ်ပွားမှု အခြေအနေနှင့် အခါအားလျှော်စွာ ထုတ်ပြန်နေသော သတင်းအချက်အလက်များကို ရယူ ဆင်ခြင် သွားလာ နေထိုင်နိုင်ကြသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများမှာ အင်တာနက် အပြည့်အ၀ မရရှိ၍ သတင်းအချက်အလက်နှင့် အသိပညာပေးမှုများကို ဘာဆိုဘာမှ မရရှိနိုင်ကြပေ။

ယင်းသို့ အင်တာနက် အပြည့်အ၀ မပေးဘဲ ပိတ်ပင်ထားခြင်းသည် ကိုဗစ်ကပ်ရောဂါ ထပ်မံ၍ ဖိတ်ခေါ်နေသကဲ့သို့ပင်ဖြစ်နေသည်။ ဆင်းရဲသည့်ကြားက အင်တာနက်ပိတ်ပင်ထား၍ ရောဂါဆိုင်ရာ အသိပညာလည်း မရယူနိုင်သော ရခိုင်ပြည်သူတို့အတွက် ကိုဗစ်ကပ်ဘေးတွင် ဒုက္ခပင်လယ် ဝေကြရမည့် အခြေအနေပင်။

ဗဟိုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အင်တာနက် ပိတ်ပင်ထားသော နေရာများအားလုံးကို အမြန်ဆုံး ပြန်လည် ဖွင့်ပေးသင့်ပြီဖြစ် သည်။ ထိုသို့ မဖွင့်ပေးဘဲ ကပ်ဘေးကာလမှာပင် အင်တာနက် ဆက်လက် ပိတ်ပင်ထားလျှင် ထိုပိတ်ပင်သောလုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်ခြင်းပင်ဖြစ်ပြီး အနာဂတ်သမိုင်းတွင် ရခိုင်ပြည်သူအပေါ် မညှာတာသော အုပ်ချုပ်ရေးယန္တရားအဖြစ် သမိုင်းဆိုးတစ်ခုက သေချာပေါက်ပင် ကျန်ရစ်မည်ဖြစ်သည်။

အလားတူ ကိုဗစ်ကပ်ဘေးဖြစ်နေချိန် ရခိုင်ပြည်နယ်တွင် ပစ်ခတ်မှု သတင်းများနှင့် အရပ်သား သေဆုံး ထိခိုက်ဒဏ်ရာရမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲပင်ဖြစ်သည်။ ယခုကဲ့သို့ ကပ်ဘေးကာလတွင် တပ်မတော်အနေဖြင့်သော် လည်း ကောင်း၊ AA အနေဖြင့်သော်လည်းကောင်း ပြည်သူများ၏ မျက်နှာကို ကြည့်ရပေမည်။

စစ်ပွဲ၏နောက်ခံ အခြေအနေများ၊ အကြောင်းတရားများ မည်သို့ပင်ရှိခဲ့စေကာမူ နှစ်ဖက်တပ်များ အနေဖြင့် အပစ်အခတ်ရပ်စဲပြီး တိုက်ပွဲများ မဖော်ဆောင်ခြင်းဖြင့် လူထု၏ ရောဂါ ကပ်ဘေး ရင်ဆိုင်နေရမှုကို ကူညီရမည်ဖြစ်သည်။ ကပ်ဘေး အကျပ်အတည်းများကို အခွင့်အလမ်းအဖြစ် အသုံးချ၍ ငြိမ်းချမ်းရေး လမ်းကြောင်း ပွင့်စေရန် နှစ်ဖက်စလုံးက ကြိုးစားသင့်သည်။

ကိုဗစ်ကို အမြတ်ထုတ်၍ စစ်ရေးလှုပ်ရှားခြင်း၊ စစ်အင်အားတိုးချဲ့ခြင်းများ လုံး၀(လုံး၀) မပြုလုပ်သင့်ပေ။ အကယ်၍ စစ်ရေးလှုပ်ရှားခြင်းနှင့် တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ပစ်ခတ်မှုများ လုပ်ဆောင်လျှင် ထိုလက်နက်ကိုင်များသည် စစ်မတိုက်ရ မနေနိုင်သော စစ်ဝါဒီ ဘီလူးများသာဖြစ်ပြီး ၎င်းတို့ ဆင်နွှဲနေသော တိုက်ပွဲဆိုသည်မှာလည်း ၎င်းတို့အကျိုးစီးပွား ဖြစ်ထွန်းစေရန်နှင့်ကာကွယ်စေရန်အတွက်သာဖြစ်သည်။

ကပ်ရောဂါ ဘေးကာလတွင် စစ်တိုက်ခြင်းဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်လူ့အဖွဲ့အစည်းမှ အကျိုးမဖြစ်ထွန်းနိုင်ပါ။ ပြည်သူအများစု ဒုက္ခရောက်ချိန် တိုက်ပွဲ ဆင်နွှဲသော လက်နက်ကိုင်အဖွဲ့မှန်သမျှသည် ယုတ်ညံ့သော သမိုင်းမှတ်တမ်းဆိုး ရေးထိုးခံရမည်မှာ အသေအချာပင်ဖြစ်သည်။

ကိုဗစ်ကပ်ဘေးကာလ သမိုင်းမှတ်တမ်းဆိုး မကျန်ရစ်စေရန် ရခိုင်တွင် နှစ်ဖက်တိုက်ပွဲများရပ်၍ အင်တာနက်အပြည့်အ၀ ဖွင့်ပေးချိန်တန်ပြီဖြစ်သည်။ ထိုသို့မဟုတ်လျှင် သမိုင်းစာမျက်နှာတွင် အကျဉ်းတန် ဆိုးဝါးလှသော ခေါင်းဆောင်များ၊ လက်နက်ကိုင်အဖွဲ့များအဖြစ် ရာဇဝင် မှတ်တမ်းဆိုး တင်ကျန်ရစ်မည်ဖြစ်ပါကြောင်း။

ဓာတ်ပုံ-ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာတွင် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ရခိုင်တိုင်းရင်းသူ အမျိုးသမီးတစ်ဦး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts