interview Peace political news

ကာ/လုံ မခေါ်ဘဲ တစ်ဦးတည်း ဆုံးဖြတ်မှု အမှန်နှင့် ဝေးဟု ဗိုလ်ချုပ်မှူးကြီး ပြောဆိုမှု သမ္မတလုပ်ပိုင်ခွင့်ကို ဗြောင်ကျကျ စွက်ဖက်ပြီလား

ကာ/လုံ မခေါ်ဘဲ တစ်ဦးတည်း ဆုံးဖြတ်မှု အမှန်နှင့် ဝေးဟု ဗိုလ်ချုပ်မှူးကြီး ပြောဆိုမှု သမ္မတလုပ်ပိုင်ခွင့်ကို ဗြောင်ကျကျ စွက်ဖက်ပြီလား

By ရန်ကုန်ခေတ်သစ်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ)သည် နိုင်ငံတော်၏ အသက်ဝိဉာဉ်ဖြစ်ပြီး ကာ/လုံ အစည်းအဝေး မခေါ်ဘဲ တစ်ဦးတစ်ယောက် တည်း ဆုံးဖြတ်နေခြင်းက အန္တရာယ်ကြီးကြောင်း၊ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ရန် အလှမ်းဝေးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားမီဒီယာတစ်ခုသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါ ပြောဆိုချက် အပြည့်အစုံမှာ “ကမ္ဘာ့နိုင်ငံတွေအားလုံးလောက်နီးပါးမှာ ဒီ “ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” ကို ဒီနာမည်နဲ့ပဲဖြစ်ဖြစ်၊ အခြားနာမည်နဲ့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။ အသက်ဝိညာဉ်မရှိတဲ့လူကို လူလို့ဆက်ပြီးခေါ်လို့ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျွန်တော်မကြာခဏပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorry ဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာ အာဏာဆုံးရှုံးပြီးဖြစ်နေပါလိမ့်မယ်။ ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းကဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေဖြစ်ဖို့အလွန် အလှမ်းဝေးလှ ပါတယ်။ ဒီအစည်းအဝေးတွေခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာခေါ်ယူလုပ်ဆောင်ရန် တာဝန်ရှိသူတွေရဲ့အပိုင်းသာဖြစ်ပြီး ကျွန်တော်တို့က မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလုပ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်” ဟု ဖြစ်သည်။

အဆိုပါ ပြောဆိုချက်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် သမ္မတ၏ လုပ်ပိုင်ခွင့်ကို ဗြောင်ကျကျ ချိုးဖောက်ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်တွင်းနိုင်ငံရေးလေ့လာသုံးသပ်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးမြအေး

ကျွန်တော်မြင်တာကတော့ နိုင်ငံတော်ရဲ့ အကြီးအကဲက နိုင်ငံတော်သမ္မတဖြစ်တယ်။ ဒါကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲအတိုင်းပဲ ရှိပါတယ်။ နိုင်ငံတော် သမ္မတ အနေနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့အချိန်မှာ သူကာလုံကိုခေါ်ခြင်းမခေါ်ခြင်းဆိုတာက ခေါ်သင့်မခေါ်သင့်ဆိုတာက နိုင်ငံတော်သမ္မတရဲ့ စဉ်းစားတွေးခေါ်မှုအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်မြင်ပါတယ်။

နိုင်ငံတော် သမ္မတအနေနဲ့ မဖြစ်မနေ ကာလုံခေါ်ပြီး လုပ်ရမယ်ဆိုရင် နိုင်ငံတော် အကြီးအကဲဆိုတဲ့ ဂုဏ်ပုဒ်က ဘယ်လိုလုပ်ညီတော့မလဲ။ ကျွန်တော်မြင်တာကတော့ နိုင်ငံတော်သမ္မတ ဆုံးဖြတ်ချက်ကိုပဲ တသွေမသိမ်း လိုက်နာသင့်တယ်လို့မြင်တယ်။ ကာလုံမခေါ်ဘဲ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်မှုတွေနဲ့ အလှမ်းဝေးနေတယ်လို့ မမြင်ဘူး ။

နိုင်ငံတော် ဦးစီးဦးဆောင် ပြုနေတဲ့ သူတွေအကုန်လုံးဟာ သာမန်ပုဂ္ဂိုလ်တွေမှ မဟုတ်ပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ အစိုးရပိုင်းဆိုင်ရာ institution တွေအကုန်လုံးဟာ နိုင်ငံတော် သမ္မတရဲ့ အောက်မှာပဲရှိရမှာပဲ။ နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ရှိတယ်လို့ပဲ ကျွန်တော်နားလည်တယ်။

ဒါအစိုးရ ယန္တရားကိုပြောတာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်တော်ပြောတာ အဲအတွက်ကြောင့်မို့ အစိုးရတစ်ရပ်မှာ မှန်တာလည်းရှိနိုင်တယ်။ မှားတာလည်းရှိနိုင်တယ်။ သို့သော် အနည်းငယ် တိမ်းစောင်းသွားခဲ့သည် ရှိသော်လည်းပဲ နိုင်ငံတော်ရဲ့ Institution တွေအကုန်လုံးဟာ နိုင်ငံတော် သမ္မတ အောက်မှာပဲ ဆက်သွားရမှာပဲလို့ ကျွန်တော်မြင်တယ်လေ။ ဟိုလူမခေါ်လို့ ဒီလိုမခေါ်လို့ဆိုတာတော့ မဟုတ်သေးဘူးထင်တယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်

ဒီကာလုံက ၂ဝဝ၈ အောက်က ကာလုံပဲ ။ ၂ဝဝ၈ဆိုတာက ပြည်သူလူထုဆီက မဲကို အမှန်မဟုတ်ဘဲနဲ့ သန်းခေါင်စာရင်းတွေ လိမ်ယူ အတည်ပြုသွားတဲ့ အခြေခံဥပဒေနဲ့ ယူသွားတဲ့ ကာလုံပဲ။ အဲဒီကာလုံမှာကလည်း စစ်တပ်ကလူတွေပဲ အပေါ်စီးယူထားတာပဲ။ အဲဒီ ကာလုံမျိုးကတော့ ကျွန်တော်တို့လို နိုင်ငံမျိုးတွေအတွက် အသုံးမဝင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကာလုံဆိုတာဟာ ဦးစီးချုပ်က ကာကွယ်ရေးဝန်ကြီးထက် မြင့်နေတယ်။ ဒီကာလုံမှာ ကာကွယ်ရေးဦးစီးချုပ် ပြောသမျှကို ခေါင်း ငြိမ့်ရမယ့် လူတွေက ၅ယောက်ပါနေတယ်။ ကာကွယ်ရေးဦးစီးချုပ် ပြောသမျှ ခေါင်းငြိမ့်ရမယ့် သူက ၅ယောက်ပါနေတယ်။

ကာကွယ်ရေးဦးစီးချုပ်က တကယ်တော့ ကာကွယ်ရေးဝန်ကြီး အောက်မှာ နေရမှာ။

စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာတာ ဦးနေဝင်းလက်ထက်ထဲကနေပြီးတော့ အခုဦးသိန်းစိန် လက်ထက်ထိ အဲလိုမျိုး စစ်တပ်က အုပ်ချုပ်လာတာ ဘာများ တိုင်းပြည်တိုးတက်လို့လည်း ဘာများ ငြိမ်းချမ်းရေးရသွားလို့လည်း အဲတာကြောင့် အဲလိုပြောကြားချက်ကို သဘောမတူဘူး။ ကာလုံက သူ့ဟာသူ သမ္မတတွေ လွှတ်တော်တွေ ဝန်ကြီးဌာနတွေရှိတယ်။ အဲကာလုံကနေပြီးတော့ တိုင်းပြည်ကိစ္စတွေကို ဆုံးဖြတ်စရာဘာမှမလိုဘူး။

သူကလုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စကိုသာ အဓိကဆောင်ရွက်ရမှာလေ။ အစိုးရက မှားယွင်းခဲ့တာမရှိပါဘူး။ ရှိရင်လည်းပဲ အစိုးရတာဝန်ယူသွားမှာပါ။ ကျွန်တော်တို့ကတော့ အစိုးရက ကာလုံမခေါ်ဘဲ မှားတယ်ဆိုတဲ့ဟာ ကျွန်တော်တို့ မတွေ့ဘူး။

သူ့လုပ်ပိုင်ခွင့်နဲ့ ပြည်သူလူထုရွေးချယ်တင်မြှောက်တဲ့အစိုးရ လုပ်ပိုင်ခွင့်နဲ့ လုပ်တာပဲလေ ဒါကမှားတာတွေလည်း ရှိကောင်းရှိမှာပေါ့။ ကာလုံမခေါ်လို့ ကာလုံက မဆုံးဖြတ်လို့ ကာမလုံနဲ့ မတိုင်ပင်လို့ မှားတယ်ဆိုတာကတော့ လုံးဝလက်မခံပါဘူး။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး

ကာလုံက ၅နှစ်အတွင်း ခေါ်တာမခေါ်တာကတော့ ငါတို့လည်းမသိဘူး။ ကာလုံက ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကာလုံခေါ်ခွင့်ရှိတယ်။ သမ္မတက ခေါ်ခွင့်ရှိတယ်။ ကာလုံခေါ်တာ၊ မခေါ်တာထက် အစိုးရ အဖွဲ့ တစ်ဖွဲ့လုံးခေါ်ဖို့လိုမယ်။ အခုရင်ဆိုင်နေရတဲ့ ပြဿနာတွေက ကြီးပါတယ်။ တိုင်းပြည်ရင်ဆိုင်နေရတာ ကိုဗစ်ကိစ္စတို့ ICJ တို့ အခုဖြစ်တဲ့ ကိစ္စတွေက ကာလုံရယ်လို့ မဟုတ်ဘူး။ ကာလုံက ဘယ်နှစ်ယောက်မှ မပါဘူးလေ။

အစိုးရ တစ်ဖွဲ့လုံး ပါဝင်ပြီးတော့ ဆောင်ရွက်ဖို့လိုတာက ပိုအရေးကြီးတယ်။ သို့သော်လည်း ကာလုံခေါ်တာက ကန့်ကွက်စရာမရှိဘူး။ ငါတစ်ယောက်တည်း အမြင်ကတော့လေ။ ကာလုံခေါ်တော့လည်း နှစ်ဖက်ဖြစ်နေတဲ့ အခြေအနေတွေကို နီးနီးစပ်စပ် ထိတွေ့ခွင့်ရတာပေါ့။ တပ်ဖက်က ဘယ်လိုသလောထားလဲ။

တပ်မတော်က အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ရှိနေတဲ့အခါကျတော့ ကာလုံခေါ်တာတော့ ကန့်ကွက်စရာမရှိဘူး။ ကာလုံခေါ်တာ ကောင်းတယ်လို့ထင်တယ်။ တစ်ဖက်နဲ့တစ်ဖက် အခက်အခဲတွေ နီးကပ်စေချင်တယ်။ ခေါ်တယ်မခေါ်ဘူးဆိုတာတော့ ကိုယ်လည်းမသိဘူး။

သူကဘယ်ဆုံးဖြတ်ချက်ဆိုတာ မပြောလို့ အစိုးရအဖွဲ့ တစ်ဖွဲ့လုံးရဲ့ ဆုံးဖြတ် ချက်ကို ပြောချင်တာလား။ ၅နှစ်တာ ကာလအတွင်းက ဟာတွေကို ပြောတာလား။ ICJ ကိစ္စ ရခိုင်ကိစ္စ တိုင်းရင်းသားရေးရာကိစ္စ စီးပွားရေးကိစ္စ အဲလိုမပြောတဲ့အခါကျတော့ ပြောဖို့ နည်းနည်းခက်တယ်။ ဥပမာအားဖြင့်က ဘယ်ကိစ္စမှာ အစိုးရ ဘယ်လိုပြောလိုက်တယ်ဆိုတာမပြောဘူး။ အခုသူပြောတာက General ပေါ့။

ယေဘုယျအားဖြင့် ပြောတဲ့ သဘောမျိုးဖြစ်တယ်။ အစိုးရအဖွဲ့ဟာ ကာလုံမှာ ဘယ်သူတွေပါလည်း ပြန်ကြည့်ရမယ်။ ကာလုံမှာ သမ္မတရယ် ဒုတိယသမ္မတ ၂ယောက်ရယ် လွှတ်တော်ဥက္ကဋ္ဌ ၂ယောက်ရယ် အရေးကြီးတဲ့ ဝန်ကြီးဌာန ဝန်ကြီးတွေပါတယ်။ အစိုးရအဖွဲ့မှာ အဲထက်များတယ်လေ။ အစိုးရအဖွဲ့မှာ ကာလုံအဖွဲ့က လူတွေထက်သာတယ်။ ကာလုံအဖွဲ့ထက် ပိုများတယ်။ ပိုများတဲ့အတွက် အစိုးရအဖွဲ့ ဆုံးဖြတ်တာက အမှန်နဲ့ ပိုနီးဖို့များတာပေါ့။ လူအနည်းအများအရပြောတာမဟုတ်ဘူး။ လူပေါင်းများတော့ ပိုစဉ်းစားနိုင်တာဖြစ်တာပေါ့။

ယေဘုယျ သူကတိတိကျကျမပြောတဲ့အတွက် သူတို့ပဲ သိတဲ့အချက်လေးတွေ ရှိမယ်။ ဥပမာ ကာကွယ်ရေးဆိုင်ရာကိစ္စတွေ ဆုံးဖြတ်တဲ့ကိစ္စမျိုး ကာလုံမခေါ်ဘဲ ဆုံးဖြတ်တာမှားတယ်။ အဲကိစ္စတော့ ကျွန်တော်တို့ မသိဘူး။ ဘယ်လိုဆုံးဖြတ်တယ်။ ဘယ်ဆုံးဖြတ်ချက်ဆိုတာမသိဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ ကာကွယ်ရေးနဲ့ ပတ်သက်လို့ ပိုများတာပေါ့။ ပိုဖြစ်နိုင်ခြေရှိတာပေါ့။

Generally ပြောမယ်ဆိုရင်တော့ အစိုးရ တစ်ဖွဲ့လုံးသွားနေတဲ့ ကိစ္စမှာ ယေဘုယျ အကဲဖြတ်ပြီးတော့ ပြောမယ်ဆိုရင် ဥပမာ ကိုဗစ်ကိစ္စမှာ အစိုးရ ရပ်တည်ချက် အလွန်ကောင်းတယ်လို့ ပြောရမှာ ကျွန်တော်တစ်ယောက်တည်း အနေနဲ့ ထောက်ခံတယ်။ အဲလိုပြောလို့ ကျွန်တော်က အကုန်လုံး လက်ခံတာမဟုတ်ဘူး။ ကျွန်တော် သဘောမတူတာတွေ အများကြီးရှိတယ်။

စီးပွားရေးကိစ္စမှာ စီးပွားရေးက ကိုဗစ်ကြောင့်မို့ ချိနဲ့ သွားတဲ့အပြင် ကိုဗစ် မတိုင်ခင်မှာလည်းပဲ စီးပွားရေးဟာ တကယ့်ကို ခန့်ခန့်ညားညား ခိုင်ခိုင်မာမာ မလုပ်နိုင်ဘူး။ ဒါအမှန်ပဲ အဲလိုအချက်တွေရှိတယ်။ နောက် လူတွေနဲ့ ဒီမိုကရေစီအခွင့်အရေး အခြေခံရပိုင်ခွင့် အခွင့်အရေးနဲ့ ပြောမယ်ဆိုရင် တချို့အချက်အလက်တွေမှာ ဦးသိန်းစိန် အစိုးရထက် ပိုဆိုးလာတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အဲတာအစိုးရ တစ်ခုတည်း ပြောလို့မရဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားလို့ တရားစွဲခံရတာမှာ တပ်မတော်က တရားစွဲတာ တော်တော်များများနေတယ်။ သံဃာတော်တွေကို တရားစွဲထားတာ မန္တလေးက မြဝတီဆရာတော်တို့ ဒါမျိုးတွေ စွဲထားတော့ အစိုးရမဟုတ်တာတွေ ပါနေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ စွဲတာလည်းများတယ်။ အဲဒီလိုအချက်အလက်တွေမှာ မကောင်းဘူး။ စီးပွားရေးမှာ ကောင်းတယ်လို့ပြောလို့မရဘူး။ လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံတကာ ကျန်းမာရေး၊ ပညာရေး ဒါတွေကတော့ ကောင်းတယ်လို့ပြောလို့ရမယ်။

အဲတော့ ကျွန်တော် နားလည်တာကတော့ ကာချုပ်ကပြောချင်တာက အမှန်တရားနဲ့ အလှမ်းဝေးစေတယ်ဆိုတာ ကာကွယ်ရေးနဲ့ သက်ဆိုင်တဲ့ အပိုင်းဖြစ်လိမ့်မယ်။ ကာကွယ်ရေးနဲ့ သက်ဆိုင်တဲ့အပိုင်းတွေကျတော့ ကျွန်တော်တို့ မသိရတဲ့အတွက် အလှမ်းဝေးတယ် မဝေးတယ်ပြောလို့မရဘူး။

ကျွန်တော် ယေဘုယျအားဖြင့် အစိုးရအဖွဲ့ ဆုံးဖြတ်ချက်တွေပြောမယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ ICJ ကိစ္စတွေ ကိုဗစ်ကိစ္စတွေမှာတော့ မှန်ကန်ကန် ရပ်သွားနိုင်တယ်။ ခိုင်ခိုင်မာမာ ရပ်သွားနိုင်တယ်။ တိုင်းပြည်ထဲမှာ ဘာပဲပြောပြော မီးလင်းတာနဲ့ ပတ်သက်ရင် အရင်တုန်းက ၃၄၊ အခု ၅၄ ဖြစ်သွားပြီး လမ်းတွေ အများကြီးကောင်းနေပြီ ကျန်းမာရေးစောင့်ရှောက်မှုတွေ အများကြီးကြိုးစားနေပြီ အဲလိုအချက်တွေတွေ့ရတဲ့အတွက် ယေဘုယျအားဖြင့်တော့ အစိုးရအဖွဲ့ ဆောင်ရွက်ချက်တွေဟာ ကောင်းတယ်လို့ပြောရမယ်။ စီးပွားရေးမှာတော့ အောင်မှတ်မရဘူး။ ကျွန်တော်တစ်ဦးချင်းအမြင်အပြောရရင် နောက်တစ်ခါ သွေးစည်းညီညွတ်ရေးနဲ့ ပတ်သက်တဲ့ တိုင်းရင်းသားရေးရာကိစ္စတွေမှာတော့ အောင်မြင်မှုမရှိဘူးလို့ ကျွန်တော်ထင်တယ်။

ပင်လုံ ငြိမ်းချမ်းရေးက သိပ်အရေးကြီးတာကို ဒါကတော့ အစိုးရတစ်ဖက်တည်း တာဝန်မဟုတ်ပါဘူး။ အဲဒီမှာပါဝင်တဲ့ Stakeholder အားလုံးက တကယ်ငြိမ်းချမ်းချင်မှ ငြိမ်းချမ်းရေးရချင်မှ စစ်ပွဲကို အမှီပြုပြီးမှ ကြီးပွားချမ်းသာနေတဲ့သူတွေကတော့ ငြိမ်းချမ်းချင်မှာ မဟုတ်ဘူး။ အဲတစ်ခုတည်းကတော့ အစိုးရကို အပြစ်ပုံချလို့ မရဘူး။ အစိုးရက ငြိမ်းချမ်းရေးမှာ အလှမ်းဝေးတယ်လို့ပြောရမှာပဲ။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုး

အဲဒီလိုမျိုးကြီးတော့ တစိုက်မတ်မတ် ပြောလို့မရဘူးထင်တယ်။ ဘာလို့လည်းဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ပဲ တချို့ဟာတွေမှာ ပြောခဲ့တာရှိတယ်လေ။ သမ္မတကြီးရဲ့ လမ်းညွှန်မှုနဲ့ပဲ လုပ်တာပါဆိုတဲ့ဟာတွေရှိတယ်လေ။ သူပြောခဲ့တာတွေရှိတယ်။ အဲတော့ သမ္မတကြီးရဲ့ လမ်းညွှန်မှုအရ လုပ်တယ်ဆိုကတည်းကိုက ဒါဟာ ကာလုံပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သမ္မတကြီးရဲ့ လမ်းညွှန်ချက်တွေဟာ မှန်ကန်လို့ သူလိုက်နာ လုပ်ဆောင်တယ်လို့ ကျွန်မကတော့ မြင်တယ်။ နေရာတိုင်းမှာတော့ မဟုတ်ဘူးပေါ့။

တချို့နေရာမှာ စစ်မက်ဖြစ်ပွားတဲ့ နေရာတွေနဲ့ ပတ်သက်ရင်တော့ ကာလုံပါဖို့လိုတယ်။ အရပ်သားကြီးပဲ နိုင်ငံတည်ဆောက်ရေးတို့ ဘာတို့ဆိုရင်တော့ အဲလိုဟာမျိုးတွေမှာတော့ ကာလုံမပါဘဲ ဆုံးဖြတ်ချက်တွေဟာ လွဲမှားတယ်လို့ ကျွန်မတော့မမြင်မိဘူး။ အဲတော့ ၂ပိုင်းခွဲလိုက်မယ်ဆိုရင် ကျွန်မတို့က စစ်ရေးနဲ့ ဆိုင်တဲ့ဟာတွေ စစ်ဖြစ်နေတဲ့ နေရာဒေသတွေ အဲဒီနေရာတွေမှာ ဆိုရင်တော့ ကာလုံပါဖို့လိုပါတယ်။ ကျန်တဲ့အရပ်ဘက် သီးသန့်ပေါ့။ ဆိုင်တဲ့ ကိစ္စတွေမှာဆိုရင်တော့ ကာလုံပါခြင်း မပါခြင်းဟာ အဓိကမဟုတ်ဘူးလို့ မြင်ပါတယ်။

မုံရွာအောင်ရှင်

အဲတာကတော့ သူ့သဘောထားပါဗျာ။ ကျွန်တော်တို့က ကာလုံဘာဖြစ်လို့မခေါ်လဲဆိုတာ အကြိမ်ကြိမ် ရှင်းထားပြီးသားပါ။ ကာလုံခေါ်တဲ့ကိစ္စက တရားဝင်ကာလုံမခေါ်တာကလွဲရင် ကာလုံနဲ့ဆိုင်တဲ့ ခေါင်းဆောင်တွေ အချင်းချင်းတွေ့ကြ၊ ဆုံကြတာလည်း အများကြီးရှိပါတယ်။ အဓိကကတော့ ပြဿနာဖြေရှင်းနိုင်ဖို့ပါပဲ ပြဿနာပြေလည်ဖို့ပါပဲ။ ကာလုံခေါ်မှ ပြဿနာဖြေရှင်းမယ်လို့ ပြောလို့မဖြစ်ပါဘူး။

အားလုံးကတော့ ပြဿနာဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒီကနေ့ အစိုးရ လုပ်ကိုင်နေတာတွေက ဘာတွေများ ချို့ယွင်းအားနည်းချက်ရှိနေလို့လဲ။ အဲဟာပေါ်မှာပဲ အကဲဖြတ်ဖို့လိုလိမ့်မယ်ထင်ပါတယ်။ ဒီကနေ သူလုပ်ရမယ့် လုပ်သင့်လုပ်ထိုက်တာတွေ မှန်မှန်ကန်ကန် လုပ်နေတာပါပဲ။ ကာလုံမခေါ်လို့ မမှန်မကန်ဘူးလို့ပြောလို့မရပါဘူး။

Photos Credit – MOI

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts