All News Local News

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို ဥပဒေ ဖောက်ဖျက်ဟုဆိုကာ စွပ်စွဲပြစ်တင်မှု လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစုံစမ်း

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို ဥပဒေ ဖောက်ဖျက်ဟုဆိုကာ စွပ်စွဲပြစ်တင်မှု လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစုံစမ်း

ရန်ကုန်၊ ဩဂုတ် ၂၀

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သဖြင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ လေးပုံ တစ်ပုံက အရေးယူပေးရန် စွပ်စွဲပြစ်တင်မှု လာသဖြင့် လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ စည်းပြီး စုံစမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုသည် အခြေခံဥပဒေ အခန်း ၅ ၊ ပုဒ်မ ၂၆၃ (က) ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါသဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ လေးပုံ တစ်ပုံမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ (ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ လက်မှတ်ရေးထိုး၍ တင်ပြလာကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ (က) တွင် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်(သို့မဟုတ်) ဝန်ကြီး တစ်ဦးဦးသည် နိုင်ငံတော်၏ ကျေးဇူး သစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ အရည်းအချင်္ငး ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်ကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါ ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃ (ဂ) အရ အဖွဲ့ဝင် ၅ ဦးဖြင့် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး နှစ်ပတ်အတွင်း တိုင်ကြားမှုများနှင့်ပတ်သက်၍ စုံစမ်စစ်ဆေးပြီး ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ထံ ဩဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထား၍ တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့် စုံစမ်းရေးအဖွဲ့တွင် ကယားပြည်နယ် လွှတ်တော်အမတ် ဦးသဲရယ် က ဥက္ကဋ္ဌ ၊ ဦးစိုးရယ်၊ ဦးရန်နိုင်ဆွေ၊ ဗိုလ်မှူးအောင်ခိုင်စိုးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ဦးခင်မောင်ထွန်း(ခ) နော်အီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကြောင်း သိရှိရသည်။

ကယားပြည်နယ် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှုသည် ၂၀၁၈ ခုနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲရုံး လွိုင်ကော်မြို့၏ စက်ယန္တရားများ ဝယ်ယူမှု ငှားရမ်းမှုနှင့် ပြင်ဆင်စရိတ် သုံးစွဲမှု စစ်ဆေးတွေ့ရှိချက် ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာ၊ ၂၀၁၈ခုနှစ် အောက်တိုဘာလတွင် ကယားပြည်နယ် လွှတ်တော်က နှစ်စဉ် ကယားပြည်နယ်နေ့ ကျင်းပသည့် မြေနေရာအား ကယားပြည်နယ်နေ့ ကျင်းပရေး အတွက် အများပြည်သူပိုင်မြေအဖြစ် ထားရှိရေး တိုက်တွန်းကြောင်း အဆို အောင်မြင်ခဲ့သော်လည်း ပြည်နယ်အစိုးရက ယင်းနေရာတွင် ဟိုတယ်အဆောက်အဦ၊ ရေလွှာလျှောစီးလုပ်ငန်း ဆောက်ခွင့်ပြုခဲ့သည့်ကိစ္စများနှင့်ပတ်သက်ကြောင်း သိရှိရသည်။

ကရင်နီလူငယ်ခေါင်းဆောင် ကိုဒီးဒီက “ကယားပြည်နယ် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကယားပြည်နယ် လွှတ်တော်မှာ ဖွဲ့လိုက်တယ်ဆိုတာတော့ ကျွန်တော်တို့ ကြားသိရတယ်။ အစိုးရ ယန္တရားတွေကို သူတို့ အငှားချတာတွေရှိတယ်။ အဲမှာ အငှားခ ပြဿနာတွေရှိတယ်။ နောက်ဒီတော့ အလုပ်မလုပ်ဘဲနဲ့ ဆီတွေဘာတွေထုတ်နေတဲ့ ပြင်ထိန်းခတွေ ထုတ်နေတဲ့ ပြဿနာတွေရှိတယ်။ စုံစမ်းရေးအဖွဲ့တွေက တွေ့ရှိချက်တွေရှိတယ်လို့ သိရတယ်။ လေယာဉ်ကွင်းနားမှာ ဟိုတယ်ဆောက်လုပ်တဲ့ကိစ္စတွေ အဲပြဿနာတွေရှိတယ်။ သူတို့ လွှတ်တော်မတင်ပြဘဲနဲ့ အစိုးရဆုံးဖြတ်ချက်တွေနဲ့ လုပ်တော့ လွှတ်တော်မှာ ပြန်ပြီးတော့ တားလိုက်တဲ့ ကိစ္စလည်းရှိခဲ့တယ်။ ကယားပြည်နယ်နေ့ကျင်းပပြုလုပ်သည့် မြေနေရာပေါ်မှာ တခြားအသုံးပြုဖို့ အကွက်ရိုက်တာတွေရှိတယ်။ ပြည်နယ်လွှတ်တော်ဘက်က အများပွဲလမ်းသဘင်လုပ်စရာဆိုလို့ လွိုင်ကော်မြို့ထဲမှာ ဒီနေရာလေးပဲ ကျန်တော့တာဆိုတော့ အဲပြဿနာရှိတယ်။ သူတို့ အကွက်ရိုက်ပြီးတော့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ လုပ်နေတာရှိတယ်။ အဲတာတွေလည်း ပြဿနာတက်ကြတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ကယားပြည်နယ်လွှတ်တော်နှင့် ကယားပြည်နယ်အစိုးရအကြား ပွတ်တိုက်မှုများ ရှိနေသည်ကို သိရှိထားပြီး လွှတ်တော်က ဆုံးဖြတ်ထားသည်များကို အစိုးရက လုပ်ဆောင်ခြင်းမရှိသည်ကို သိရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“သူ့(ဦးအယ်ဖောင်းရှို) ကို စုံစမ်းစစ်ဆေးနေတဲ့ Document တွေကို လိုင်းပေါ်မှာ တွေ့လိုက်တယ်။ အဲဒါတော့ သိလိုက်တယ်။ ထဲထဲဝင်ဝင်တော့ မသိဘူး။ ဒါပေမယ့် အဲလိုမျိုးတွေတော့ ကြားနေတာ။ လွှွတ်တော်က မဲခွဲဆုံးဖြတ်တာတွေက အသက်မဝင်ဘူးဆိုတာ ကြားနေရတာ။ လွှတ်တော်က မဲခွဲဆုံးဖြတ်နိုင်တဲ့ဟာတွေကိုပေါ့။ ပွတ်တိုက်တာတော့ ရှိနေတယ်။ ထောက်ပြတယ်။ မလုပ်ဘူး ပြောင်းပြန်ဖြစ်ပြီးတော့ ဘယ်သူနဲ့ ဘာညာ အမှားဘက်မှာ ဆက်ပြီး ရပ်တည်တယ်ပေါ့။ အဲဒါတွေကို ကြားရပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts