All News Local News Peace

ကယားနှင့်ကရင် ပါတီမှ ခေါင်းဆောင် ၂ ဦး ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံမှု ပါတီ ပုံရိပ်ကျ၊ ဝေဖန်ခံရပြီး လူထု ဒေါသ တားဆီးရန်ပြန်ဖြေရှင်းနေရဟုဆို

ကယားနှင့်ကရင် ပါတီမှ ခေါင်းဆောင် ၂ ဦး ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံမှု ပါတီပုံရိပ်ကျပြီး ဝေဖန်ခံရသည့်အပြင် လူထု ဒေါသ တားဆီးရန်ပြန်ဖြေရှင်းနေရဟုဆို

ရန်ကုန်၊ သြဂုတ် ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီတို့တွေ့ဆုံပွဲတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့်ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင် ၂ ဦး တက်ရောက်မှုသည် ပါတီသဘောထားမဟုတ်ဘဲ ကိုယ်စားပြုမပါကြောင်း၊ လူထု၏ အထင်အမြင်လွဲမှားမှုနှင့် ဒေါသထွက်မှုကို တားဆီးရန် ပြန်လည်ဖြေရှင်းကြောင်း ပါတီနှစ်ခုမှ တာဝန် ရှိသူများက ထုတ်ပြန်ပြေဆိုလိုက်သည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ နာယက ဦးစောထွန်းကြည်တို့နှစ်ဦးသည် ဩဂုတ်လ ၁၄ ရက်နေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံပွဲ တက်ရောက်မှုသည် ပါတီကိုယ်စားပြု မပါဘဲ ၎င်းတို့ ၏ သဘော ထားဆန္ဒအတိုင်း သွားရောက်ခြင်းဖြစ်သည်ဟု ပါတီနှစ်ခုမှ တာဝန် ရှိသူများက ထုတ်ဖော်ပြောဆိုသည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က ပါတီဥက္ကဋ္ဌ ဦးဖိုးရယ်၏ တပ်ချုပ်နှင့် သွားရောက်တွေ့ဆုံမှုသည် ဗဟိုအလုပ်အမှုဆောင် ဆုံးဖြတ်ချက်ဖြင့် တက်ရောက်ခြင်းမဟုတ်ကြောင်း၊ ပါတီတွင်း ရွေးကောက်ပွဲအလုပ်ကိစ္စများဖြင့် အလုပ်ရှုပ်နေသည့်အချိန်တွင် ဥက္ကဌနှင့် အလုပ်အမှုဆောင်များ အချိတ်အဆက်မရှိသောကြောင့် ဥက္ကဌက ၎င်း၏ ဆုံးဖြတ်ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ ပါတီက ဆုံးဖြတ်ချက်ကို မယူဘဲနဲ့ကို ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ပြီးသွားတဲ့ အခါကျတော့ ဒီအပေါ်မှာ ကျွန်တော်တို့ကယားဒေသခံလူထုကြီးကပေါ့နော် ။နောက်ပြီး ဒီပြင်တခြားလူတွေရော ပါတီဥက္ကဌ ဒီလိုတက်သွားတယ်ဆိုတဲ့ဟာက ဒါမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ် ။ ဒါတွေက တပ်မတော်နဲ့ ဘာတွေအပေးအယူလုပ်ပြီးမှ တခြားပါတီနဲ့ ဒီလိုမဟာမိတ်ပြုလုပ်တယ်ဆိုတဲ့ဟာ မျိုးတွေလည်း ဒါဝေဖန်မှုရှိလာတဲ့အခါကျတော့ ဒါတွေက ကျွန်တော်တို့ပါတီရဲ့ဆုံးဖြတ်မှု သဘောတူညီချက်နဲ့ သွားတာမဟုတ်တဲ့အတွက် ဒါတွေကို လက်မခံနိုင်ပါဘူး။ လူထုတွေ ရှင်းရှင်းလင်းလင်းသိအောင် ဒါတွေကလည်း ထုတ်ပြန်ချက်တွေနဲ့ ပြန်လုပ်ရတာဖြစ်တယ်ပေါ့နော် ” ဟု ဦးသဲရယ်ကပြောသည် ။

ကယားပြည်နယ်အတွင်း တပ်သိမ်းမြေများနှင့်ပတ်သက်၍ တရားစွဲဆိုခံရသော မြေသိမ်းခံကရင်နီတောင်သူများ ကိစ္စ ဖြေရှင်းပေးနိုင်ရေး ကာကွယ် ရေး ဦးစီးချုပ်ထံသို့ တင်ပြရန်ုဆွေးနွေးပွဲ တက်ရခြင်းဖြစ်သည်ဟု ဥက္ကဌဦးဖိုးရယ်က ရှင်းလင်းချက်ပေးထားကြောင်း သိရှိရသည်။

“ သူကအဲ့လိုရည်ရွယ်ပြီးတက်သွားတယ်ဆိုပေမယ့်လည်း ဒါဆွေးနွေးခွင့်လည်း မရခဲ့ဘူး ။နောက်ပြီးကြားထဲမှာ ကာချူပ်နဲ့ သွားတွေ့မယ်ဆိုတဲ့ ရည်ရွယ်ချက် တစ်က ကြားထဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ တခြားပါတီတစ်ချို့က ကြားမှာဝင်ပြီးတော့မှ ဆွေးနွေးပွဲတစ်ခုလုပ်ပြီးတော့မှ မဟာမိတ်ကိစ္စတွေ နောက်ပြီးတော့မှ တချို့ကိစ္စတွေ ဆွေးနွေးခဲ့တာတွေရှိတယ်လို့ပြောတယ် ဒါပေမယ့် ကျွန်တော်တို့ပါတီဥက္ကဌ ကဘာမှတ်ချက်မှ မပေးဘူး ” ဟု ဦးသဲရယ်ကပြောသည် ။

တပ်ချုပ်နှင့်ဆွေးနွေးပွဲသွားတက်သည့်အတွက် ကယားလူထုက ဒေါသထွက်နေကြပြီး လက်ရှိမီဒီယာများတွင် ဖော်ပြနေသည့် အချက်သုံးချက်ပါ ကိစ္စများမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ နှင့်သက်ဆိုင်ခြင်းမရှိဟု ဦးသဲရယ်ကပြောသည် ။

“ ကျွန်တော်တို့ကယားပြည်နယ်မှာရှိနေတဲ့ ပြည်သူလူထုကဆိုရင် အဲ့ကိုသွားတက်တယ်ဆိုတာ ဘာကိစ္စနဲ့ သွားတက်သလဲပေါ့နော် ။ နောက်သတင်းမှာပါလာတဲ့ မဟာမိတ်ကိစ္စတွေ ၊ နောက်ကာချုပ်နဲ့သွားတွေ့မှ ပြောတဲ့အချက်သုံးချက်ပေါ့နော် ။ အဲ့လို သတင်းထဲမှာ ပါလာတဲ့အခါကျတော့ ဒါက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကနေပြီးတော့ တကယ်တမ်းအဲ့တာတွေ သွားလုပ်တယ်ဆိုပြီးတော့ တအားဒေါသထွက်ကြတဲ့သူတွေ ရှိသလို ဒီလိုဝေဖန်မှုတွေလည်း အများကြီးမြင့်တက်လာတာပေါ့နော် ။ ဆိုတော့ ကျွန်တော်တို့ကလည်း အဲ့ဒီအပေါ်မှာ ပြည်သူလူထုကို ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ် ။ နောင် ၂၀၂၀ ရွေးကောက်ပွဲလည်း နီးလာပြီဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့နဲ့ပြိုင်ဘက်ဖြစ်တဲ့ တခြားပါတီ လော်ဘီတွေကလည်း သတင်းတွေကို လိုက်ချတာပေါ့နော်ပြည်သူလူထုကြားမှာ ။ ဒါပေမဲ့ ကျွန်တော်တို့ပြောချင်တာကတော့ ပြည်သူလူထုအနေနဲ့ ဒီလိုဝေဖန်တယ်ဆိုတာကိုလက်ခံတယ် ” ဟု ဦးသဲရယ်ကပြောသည် ။

အလားတူ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနာယက ဦးစောထွန်းကြည်က တပ်ချုပ်နှင့် သွားရောက်တွေ့ဆုံမှုသည် ဝေဖန်မှု အကြီးအကျယ် ရင်ဆိုင်နေရကြောင်း ပါတီဗဟိုအတွင်းရေးမှူး ၁ စောမြင့်ထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဦးစောထွန်းကြည်သည် ဗဟိုအလုပ်အမှုဆောင်နှင့် ဥက္ကဌ ၏သဘောတူခွင့်ပြုချက်မပါဘဲ အထွေထွေအတွင်းရေမှုးနှင့် နာယက တချို့ ဆွေးနွေးဆုံးဖြတ်ပြီး တပ်ချုပ်နှင့် သွားရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု ၎င်းက​ ဆိုသည်။

“ အဓိကကတော့ ဒီဟာ ကလေ ကာချုပ်ရဲ့ အစည်းအဝေးတက်ဖို့ကျွန်တော် တို့ဥက္ကဌပြောတာပေါ့နော် ။ ဖုန်းနဲ့ ဆက်သွယ်လာတယ် ။ လာတဲ့ဟာကို ဒီအတွင်းရေးမှူးက ဥက္ကဌကို အကြောင်းကြားတယ် ။ ဥက္ကဌကတော့ စစ်တပ်ဖိတ်တဲ့ဟာဆိုတော့ ကျွန်တော်တို့နိုင်ငံရေးပါတီများနဲ့ အဆက်အစပ်မရှိဘူးပေါ့နော် ။ အဲ့ဒါကြောင့်မို့လို့ ဥက္ကဌက မတက်ဘူးလို့ပြောလိုက်တယ် ။ ဒါပေမယ့် ခက်တာက အဲ့ဒီ အထွေထွေအတွင်းရေးမှုးနဲ့ နာယက တချို့နဲ့ပေါ့ အဲ့မှာ သူတို့ဆွေးနွေးပြီးတော့မှ သူတို့သဘောနဲ့သူတို့သွားလိုက်တဲ့သဘောမျိုးဖြစ်သွားတယ် ။ ဒါဗဟိုအလုပ်အမှုဆောင်ရဲ့ အစည်းအဝေးဆုံးဖြတ် ချက်နဲ့ သွားတာလည်း မဟုတ်ဘူး ” ဟု စောမြင့်ထွေးကပြောသည် ။

တပ်ချုပ်နှင့် တွေ့ဆုံမှု ကြောင့် ပါတီအပေါ် လူထု၏ ဝေဖန်မှု ခံနေရပြီး ပါတီပုံရိပ်ကျဆင်းသည့်အပြင် ရွေးကောက်ပွဲ အောင်နိုင်ရေးကို ပါထိခိုက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ပါတီအောင်နိုင်ရေးကတော့ ဘယ်လိုပဲဖြစ်ဖြစ်တော့ ထိခိုက်မှုတော့ရှိတာပေါ့ ။ ဘယ်လိုပြောမလဲ ကျွန်တော်တို့က ဒီလောက် ဒီဟာက ဘယ်လိုပြောမလဲ ဒီဟာက ကျွန်တော်တို့ပါတီရဲ့ သဘောမဟုတ်ဘူး ။ ဒါပေမဲ့ နာယကတစ်ချို့နဲ့ အတွင်းရေးမှုးတချို့က ဖန်တီးလိုက်တဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့ ကရင်နိုင်ငံရေးလုပ်တဲ့နေရာမှာ အနည်းဆုံး ပုံရိပ်လေးတော့နည်းနည်း ကျသွားတာပေါ့ ။ ကရင်လူမျိုးဖြစ်ပြီးနောက် ဖာပွန် ဒေသမှာက စစ်တပ်နဲ့ပတ်သက်ပြီးတော့မှ ပြဿနာတက်နေတဲ့အချိန်မှာ ကရင့်နိုင်ငံရေးပါတီက ဒီအစည်းအဝေးပွဲတက်လိုက်တဲ့အခါ ကရင့်လူမှုအဖွဲ့အစည်းတွေက အများကြီး ဝေဖန်တိုက်ခိုက်မှုတွေ ဖြစ်တာပေါ့ဗျာ ။ ဒါကိုတော့ ကျွန်တော်တို့ အချိန်နဲ့တပြေးညီ ကျွန်တော်တို့ ပြန်လည်ဖြေရှင်းနေရတာပေါ့ ” ဟု ၎င်းက ရှင်းပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဩဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံရေးပါတီ ၃၄ ခုမှ ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများအပါအဝင် နိုင်ငံရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်က တရားဝင်သတင်းထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts