All News Local News

NLD အာဏာရလာချိန်တွင် ဗကသစင်ပြိုင်သမဂ္ဂဖွဲ့စည်းပြီး ကျောင်းသားထုကို နှိပ်ကွပ်ရန်ကြိုးပမ်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နကသ နိုင်ငံရေးဇတ်ခုံပေါ်တက်လာဟုဆို

NLD အာဏာရလာချိန်တွင် ဗကသစင်ပြိုင်သမဂ္ဂဖွဲ့စည်းပြီး ကျောင်းသားထုကို နှိပ်ကွပ်ရန်ကြိုးပမ်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နကသ နိုင်ငံရေးဇတ်ခုံပေါ်တက်လာဟုဆို

ရန်ကုန်၊ ဇူလိုင် ၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ အာဏာရရှိလာချိန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) စင်ပြိုင် ကျောင်းသားသမဂ္ဂ မွေးမြူပြီး ကျောင်းသားထုကို နှိပ်ကွပ်ရန် ကြိုးပမ်းနေကြောင်း ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုက ပြောဆိုလိုက်သည်။

ယမန်နေ့က ဆဲဗင်းဂျူလိုင် ၅၈ နှစ်ပြည့် အထိမ်းအမှတ် အွန်လိုင်းတိုက်ရိုက် ဆွေးနွေးပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

NLD အစိုးရတက်လာချိန်တွင် နိုင်ငံလုံးဆိုင်ရာကျာင်းသားသမဂ္ဂ (နကသ)ကို ဖွဲ့စည်းပြီး စင်ပြိုင်ကျောင်းသားသမဂ္ဂတစ်ရပ်ဖွဲ့စည်းဆောင်ရွက်လာကြောင်း၊ ယခင်အတိတ်သမိုင်းကို ပြန်ကြည့်လျှင်လည်း ယင်းကဲ့သို့ သော ဖြစ်ရပ်များရှိကြောင်း ၎င်းက ဆိုသည်။

” လက်ကိုင်တုတ် ကျောင်းသားသမဂ္ဂ မွေးချင်တယ် ။ အဲ့ဒါက ခင်ဗျားလည်း သိတယ်။ သမိုင်းလေ့လာဖူးတဲ့ သူတော်တော်များများလည်း သိတယ် ။ ဟိုတုန်းကဒီထက်ပိုဆိုးတာရှိတယ်။ Democratic Student Organization ဆိုပြီးတော့ ဖဆပလ ခေတ်က ဦးကျော်ငြိမ်း တို့ကမွေးထားတဲ့ ကျောင်းသားသမဂ္ဂတစ်ခုရှိခဲ့တယ် ။ အဲ့ကျောင်းသားတွေက ဗကသ ကိုစင်ပြိုင်ထောင်မယ် ။ DSO ကျောင်းသားသမဂ္ဂလုပ်မယ် ။ တစ်နည်းအားဖြင့်ပြောရရင် ရွေးကောက်ပွဲမှာ မဲလိမ်မယ် ၊ မဲခိုးမယ် ။ ဒီလိုနည်းနဲ့တက်လာတာဗျာ ။ အဲ့ဒီ့တော့ အဲ့လိုကျောင်းသားသမဂ္ဂမျိုးကိုပဲ ဒီအစိုးရက လိုချင်တယ် ။ သမိုင်းကြောင်းအရပြောလို့ရှိရင် ဒီလိုဖောက်ပြန်တဲ့ လူတန်းစားတွေက ကြီးစိုးလာပြီဆိုလို့ရှိရင် အာဏာရလာပြီဆိုလို့ရှိရင် ဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင် ကျောင်းသားထုကိုနှိပ်ကွပ်ဖို့ ကြိုးစားလာတာ တောက်လျှောက်ပဲ ။ အခုလည်းကျွန်တော်တို့ကအဲ့သမိုင်း တကျော့ပြန်လည်လာပြီလို့ ကျွန်တော်မြင်တယ် ။ ဦးကျော်ငြိမ်း နဲ့ DSO တွဲရက် ဇာတ်ခုံ ၊ နိုင်ငံရေးဇာတ်ခုံပေါ်တက်လာသလိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နကသ တွဲရက် နိုင်ငံရေးဇာတ်ခုံပေါ်တက်လာတယ်” ဟု ကိုကျော်ကိုကိုက ပြောဆိုသည်။

ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပယ်ချလိုက်ပြီး NLD လက်ထက်တွင် ကျောင်းသားသမဂ္ဂများ ရုံးခန်းနေရာများ ရကာ လွတ်လပ်စွာ လှုပ်ရှားနိုင်လာကြောင်း တုံ့ပြန်ပြောဆိုသည်။

“ကျနော်ကတော့ ဒီဟာကို ပယ်ချတယ်။ အဲဒီအဆိုကိုတော့ ။ NLD အစိုးရလက်ထက်မှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ပေးထားတယ်။ ကျောင်းသားသမဂ္ဂတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ရုံးခန်းတွေတောင် ထားပေးထားတာပဲ။ နောက်ဆုံးပြောရရင် ဖြိုချခံရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးတ ည်ဆောက်ဖို့ အတွက်တောင်မှ အစိုးရအကူအညီပေးမယ်ဆိုပြီး ဆောင်ရွက်ခဲ့ဖူးတယ်။ ဘယ်နှာ့ကြောင့် အဲဒီလို စွပ်စွဲမှုတွေ လုပ်ရလဲ ကျနော် နားမလည်ဘူး။ ဒီကိစ္စမှာ။ ကျနော်တို့ အစိုးရလက်ထက်မှာ ကျောင်းသားအဖွဲ့အစည်းတွေ စည်းရုံးခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် ဆန္ဒ ဖော်ထုတ်ခွင့်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်တက်တဲ့ အခမ်းအနားတစ်ခုမှာတောင်မှ ဒီလိုပဲ လွတ်လွတ်လပ်လပ် ဆန္ဒဖော်ထုတ်ခဲ့ကြတာပဲ။ ဘာမှတောင် အရေးယူခဲ့တာမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းပြောဖူးတယ်။ နိုင်ငံရေး မလွတ်လပ်ရင် ပညာရေးမလွတ်လပ်ဘူးပြောတယ်။ အခု နိုင်ငံရေးက အတော်အသင့် လွတ်လပ်ခွင့်ရနေပြီပဲ။ ဘာဖြစ်လို့ ဒီလို စွပ်စွဲတာတွေလုပ်တာကို နားမလည်ဘူး” ဟု မုံရွာအောင်ရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် ( န.က.သ )သည် ၂၀၁၆ ခုနှစ် မေလ ၂၅ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ( တ.က.သ ) များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ( မြေလတ်ဒေသ )ပူးပေါင်းပြီး ကော်မတီဝင်၂၇ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ၊ ဒီမိုကရေစီပညာရေးစနစ်ဖြစ်ပေါ်လာရေး ၊ ကျောင်သးားထုအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ၊ ကျောင်းသားထုစွမ်းရည်မြှင့်တင်ရေးနှင့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာရပ်တည်လှုပ်ရှားခွင့် ရရှိရေးတို့ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဦးဆောင်သော အစိုးရအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ ပြောဆိုချက်နှင့်ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ( န.က.သ )၏ သဘောထားမေးမြန်းရန် ရန်ကန်ုခေတ်သစ်သတင်းဌာနက ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts