Election interview political news

NLD ကန့်ကွက်ခဲ့သော သမ္မတဦးသိန်းစိန်လမ်းစဉ်အတိုင်း သမ္မတနှင့် အတိုင်ပင်ခံ မဲဆွယ်မည်ဟု ကြေညာမှု အခြေခံဥပဒေချိုးဖောက်နေပြီလား

NLD ကန့်ကွက်ခဲ့သော သမ္မတဦးသိန်းစိန်လမ်းစဉ်အတိုင်း သမ္မတနှင့် အတိုင်ပင်ခံ မဲဆွယ်မည်ဟု ကြေညာမှု အခြေခံဥပဒေချိုးဖောက်နေပြီလား

By ရန်ကုန်ခေတ်သစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ဇူလိုင်လ ၂ ရက်နေ့မှ စတင်ပြီး သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အထူးကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက သမ္မတဦးသိန်းစိန် ပါတီစည်းရုံးရေး ဆောင်ရွက်သောအခါ NLD က သမ္မတဦးသိန်းစိန် ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ ကိုချိုးဖောက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် စာပေးပို့ ကန့်ကွက်ခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ တွင် နိုင်ငံတော်သမ္မတ (သို့မဟုတ်) ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေမှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက်ကို သမ္မတဦးသိန်းစိန်က ချိုးဖောက်ကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံသို့ လိပ်မူထားသည့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ပေးစာတွင် ဖော်ပြခဲ့သည်။

အာဏာမရခင်က အာဏာရှိသူကို ဝေဖန်ခဲ့သော်လည်း အာဏာရရှိလာချိန်တွင်မူ ယခင် အာဏာရှိသူများ ကျင့်သုံးသည့် လမ်းစဉ်ကို တစ်ချပ်တည်း ထပ်ချပ်မကွာ ဆောင်ရွက်မှုအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်လျက်ရှိသည်။

ဒေါက်တာဒေါ်ညိုညိုသင်း
ဥပဒေပညာရှင်

နိုင်ငံ တစ်နိုင်ငံမှာဖွဲ့စည်းပံ ုအခြေခံဥပဒေက အမြင့်ဆုံးပဲလေ ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက သမ္မတက ပါတီစည်းရုံးရေးလုပ်ငန်းတွေကို သမ္မတတာဝန်ထမ်းဆောင်နေချိန်ကာလတွေမှာ မလုပ်ရဘူးလို့ ပြောထားတယ်ပေါ့နော် ။ ဒါပေမဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ ဥပဒေမှာက ကော်မရှင်ကြေငြာတဲ့နေ့မှာ ပေါ့နော် နယ်မြေစည်းရုံးရေးလုပ်ငန်းတွေလုပ်နိုင်တယ်ဆိုတော့ ကော်မရှင်က သူလုပ်ပိုင်ခွင့်ရှိတယ်လို့ ကြေငြာလိုက်တာပေါ့နော် ။ ဒါပေမဲ့ အန်တီတို့က ကော်မရှင်မှာလည်း ဥပဒေပြဌာန်းထားတဲ့သူတွေ အများကြီးပဲ ရှိတယ်လေနော် ။

ဥပဒေတစ်ရပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ဆန့်ကျင်လို့ မဖြစ်ဘူးပေါ့နော် ။ ဘာလို့လဲဆိုတော့ နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်က အမြင့်ဆုံးပေါ့နော် ။ အဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဂရုမစိုက်ပဲနဲ့ လုပ်ကြမယ်ဆိုလို့ရှိရင် ဒီအစိုးရလက်ထက်မှာ ဒီအစိုးရအတွက် သာတဲ့ ဥပဒေပြဌာန်းမယ် ။ နောက်အစိုးရလက်ထက်မှာ နောက်အစိုးရအတွက် သာတဲ့ ဥပဒေတွေ ပြဌာန်းမယ်ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံ နိုင်ငံမှာ ရှိတယ်ဆိုတာအလကားဖြစ်သွားမယ် ။

တရားဥပဒေစိုးမိုးမှုကိုလည်း အရမ်းကိုထိခိုက်တယ်ပေါ့နော် ။ အဲ့ဒီတော့ အန်တီတို့က ဒီမှာ NLD ကိုတိုက်တွန်းချင်တာက ဒီ NLD အနေနဲ့က သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် စည်းရုံးရေးမဆင်းရင်လည်းပဲ ရသင့်တဲ့နေရာကိုရမှာပဲလေနော် ။စည်းရုံးရေးဆင်းတာနဲ့ မဆင်းတာနဲ့ အထူးတလည် ကွာသွားမှာလည်း မဟုတ်ဘူးလေ ။

ဒါကြောင့်မိုလို့ လူထုကို ယုံယုံကြည်ကြည်နဲ့ တရားဥပဒေကိုလေးစားလိုက်နာဖို့ တိုက်တွန်းချင်တယ် ။ အခုကြေငြာချက်ဟာ တရားဥပဒေနဲ့ အညီ လုပ်တယ်လို့ ဆိုသော်လည်းပဲ အဲ့ဒီဥပဒေနဲ့ အညီဆောင်ရွက်ချက်ဟာ တခြားသော နိုင်ငံရေးပါတီများအတွက် ဆိုလို့ရှိရင် တရားမျှတမှု သယ်ဆောင်လာရာ မရောက်ဘူးပေါ့နော် ။ အဲ့တော့ တခြားသော နိုင်ငံရေးပါတီများက မတရားဘူးလို့ ယူဆထားတာ ဖြစ်တဲ့အတွက်ကြောင့် ဥပဒေနဲ့ ညီရင်တောင်မှ ဒီလိုကိစ္စမျိုးကို အာဏာရပါတီအနေနဲ့က နိင်ငံရေးကျင့်ဝတ်အရ မလုပ်သင့်ဘူးပေါ့နော် ။

အဲဒါကို အရပ်သားအစိုးရလက်ထက်မှာ အဲ့ဒီလိုမတရားမှုတွေ ဥပဒေနဲ့အညီ ဖန်တီးတဲ့ အစဉ်အလာဖြစ်သွားရင် တကယ်လို့များ မပြောကောင်းမဆိုကောင်း တပ်မတော်အစိုးရတို့ USDP အစိုးရတို့ ဖြစ်လာခဲ့တဲ့အခါကျရင် ဒီအခြေအနေထက် အများကြီးပိုဆိုးရွားတဲ့ အခြေအနေကို အဲ့ဒီအစိုးရက ဖန်တီးလာမှာကို အန်တီတို့က စိုးရိမ်တယ်လေ ။ မင်းတို့အရပ်သားလက်ထက်မှာတောင်မှ ဒီလိုမျိုးတရားမမျှတမှုတွေကို ဥပဒေနဲ့ ညီရင်ပြီးရောဆိုပြီးတော့ ဖန်တီးခဲ့ကြတယ် ။

အဲ့ဒီတော့တို့လည်းလုပ်မယ် ဆိုပြီးတော့ တခြားသော နောင်လာမယ့် အစိုးရတွေက တရားမျှတမှုကို ရှေ့တန်းမတင်တော့ဘူးဆိုရင် ဒီနိုင်ငံမှာ တရားမျှတမှုတွေက ဆိတ်သုန်းသွားလိမ့်မယ် ။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်လည်း ခဏခဏ ပြောတယ် ။ ဒီနိုင်ငံမှာ မတရားတဲ့ ဥပဒေတွေ ရှိနေတယ် ။ လူထုအကျိုးစီးပွားကို မရှေးရှုတဲ့ ဥပဒေတွေ ရှိနေတယ် ။ လွှတ်တော်တွေက ဒီ ဥပဒေတွေကို ပြင်လို့ရတယ် ။

လွှတ်တော်ကပြင်လို့မရတာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ် ။ တခြားသော ပြည်သူလူထူ ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ ဥပဒေတွေကို လွှတ်တော်က ပြင်နိုင်တာဖြစ်တဲ့အတွက် ကြောင့်မို့လို့ အခုလိုမျိုး မတရားတဲ့ ဥပဒေကိုပြင်သင်တယ်ပေါ့နော် ။

ဦးကျော်ဇေယျ
ပြည်သူ့ရှေ့ဆောင်ပါတီ

ဥပဒေကို အာဏာရအဖွဲ့အစည်းဆိုတော့ လိုသလိုဆွဲပြီးတော့ ပြောလို့ရတဲ့ သဘောမျိုးဖြစ်နေတာပေါ့ ။ ကိုယ်အာဏာမရခင်တုန်းက အဓိပ္ပါယ်တစ်မျိုးဖွင့်တယ် ။ အာဏာရတော့လည်း အဆိုပါ ဥပဒေကအတူတူပဲ ။ အဓိပ္ပါယ်တစ်မျိုးဖွင့်ပြီးတော့ လိုရာဆွဲပြီးတော့ လုပ်တယ် ။ ဒါလေးတွေကျတော့ ကျွန်တော်တို့ ဥပဒေစိုးမိုးမှု အပိုင်းမှာ အဲ့ဒါလေးတွေပေါ့ ။ ဥပဒေလိုက်နာဖို့ကျတော့ ကိုယ်လိုရာဆွဲပြီးတော့ လုပ်တာကြတော့ မကောင်းပါဘူး ။

ကျွန်တော်အဓိက ထားပြောချင်တာကတော့ ဒီနိုင်ငံတော် အတိုင်ပင်ခံတို့ နိုင်ငံတော် သမ္မတကြီးတို့ဆိုတာ ကိုယ့်ရဲ့ပြည်သူလူထုကနေ ပြည်သူလူထု အကျိုးအတွက် လုပ်ခဲ့တဲ့ ဟာပဲ ။ ပါတီအကျိုးနဲ့ ပြည်သူ့အကျိုးကိုတော့ လောလောဆယ်ပေါ့ နိုင်ငံအကျိုးကိုပဲ ဦးစားပေးလုပ်သင့်ပါတယ် ။ ဒီကပ်ဘေးကာလမှာ ပါတီအကျိုး ပါ ပါတီစည်းရုံးရေးပါလုပ်တယ်ဆိုတော့ ပါတီအကျိုးကို လုပ်တဲ့ သဘောမျိုးပါ ။ အဲ့ဒီ့ဟာလေး ကျလည်း ကျွန်တော်တို့ သဘောမကျပါဘူး ။

ဖြစ်ချင်တော့ တစ်ပြိုင်နက်တည်းပဲ ညကလည်းထုတ်လိုက်တဲ့အချိန်မှာပဲ ဖားကန့်မှာ မမျှော်လင့်ပဲနဲ့ လူတွေအများကြီးအသက်အန္တရာယ်ဆုံးရှုံးခဲ့တယ် ။ ကိုဗစ်မှာတောင် ခြောက်ယောက်ပဲသေတာဗျာ လူတစ်ရာကျော်သေသွားတယ်ဆိုတော့ ဒီကိစ္စမျိုးဟာ တကယ့်ကို နိုင်ငံ့အတွက် လုပ်ရမယ့် ဟာတွေပေါ့ ။ အများကြီးရှိပါတယ် ။ ဒါ ဥပမာ အနေနဲ့ ပြောတာ ။ အဓိကပြောချင်တာကတော့ ဥပဒေကို လိုရာဆွဲပြီးတော့ မဖွင့်သင့်ပါဘူး ။ လိုရင်လိုသလိုဆွဲပြီးတော့ အဓိပ္ပါယ်ဖွင့်တာလည်းမကောင်းပါဘူး ။ ဒီအချိန်မှာ နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံတို့က နိုင်ငံ့အကျိုး ၊ ပြည်သူ့အကျိုးကိုပဲ ဦးစားပေးလုပ်သင့်ပါတယ် ။ ပါတီအကျိုးကို ဒီလောက်ကြီးဦးစားမပေးသင့်ပါဘူး ။

ဒေါ်နော်အုန်းလှ
နိုင်ငံရေးနှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ

ဒီဥစ္စာကတော့လေ သူတို့ ကတော့ အရင်လူတွေကဒီ ထုတ်ခဲ့တဲ့ဟာ ပေါ့နော် ။ နောက်ကော်မရှင်က ထုတ်တဲ့ဟာ သူလိုက်လုပ်တယ် ။ ဒီဥစ္စာကတော့ သူတို့ သူများထက်ပိုပြီး အခွင့်ထူးခံလုပ်တယ်လို့ အန်တီကမြင်ပါတယ် ။ ဒါကအရင် NLD ကလုပ်ခဲ့တာပေါ့ ။ ၂၀၁၅ တုန်းကတော့ ရွေးကောက်ပွဲ ဝင်ဖို့ လုပ်ခဲ့တုန်းကတော့ မှန်ကန်ခဲ့တယ်ပေ့ါနော် ။

အခုဒီအတိုင်းလုပ်တဲ့အခါကျတော့ သူတို့က အဲဒီရဲ့ အရင် အာဏာရပါတီလမ်းစဉ်ကို သူတို့လိုက်သွားတာလေ ။ သူတို့ကတော့ သူတို့လုပ်တဲ့လုပ်ငန်းစဉ်ကို မှန်တယ်လို့ သတ်မှတ်ရင်တော့ အန်တီလည်းမပြောတတ်ဘူးနော် ။ ဒါကတော့ ကိုယ့်စကားနဲ့ကိုယ် ကိုယ့်ဘာသာကို ပြန်ချည်တာပေါ့နော်တကယ်တမ်းကျတော့ ။ ပါတီတစ်ခုလုံးက ဒီဥစ္စာကို ထုတ်ပြန်တဲ့အတွက် ဒီအတိုင်းလုပ်နေရင်တောင်မှ ဘာမှ မဖြစ်ဘူး ၊

ပါတီကထုတ်ပြန်တဲ့အတွက်ဒါလုပ်သင့်လားဆိုတာ သူတို့ဘက်က စဉ်းစားရမယ့်အပိုင်းပေါ့ ၊ အန်တီကတော့ အမြင်ကိုပြောရရင်တော့ ဒါကလုပ်သင့်တဲ့ ကိစ္စမဟုတ်ဘူးလေ ။ နဂိုကတည်းက အန်တီတို့တိုင်းပြည်က မင်းမဲ့တိုင်းပြည်ပုံစံဖြစ်ခဲ့တဲ့အတွက် Demonstration တွေ လုပ်ခဲ့တဲ့အပေါ်မှာ ကိုယ်ကိုတိုင်ကပါ ကြံ့ကြံ့ခံလာခဲ့ပြီးတော့မှ နောက်ဆုံးတော့ ဒီလိုမျိုး ရှိလာခဲ့တော့ ဒီလိုမျိုးမဖြစ်စေချင်ဘူးလို့ အန်တီကမြင်ပါတယ် ။

ဦးကြီးမြင့်
တရားလွှတ်တော်ရှေ့နေ

သူကတော့ အခြေခံဥပဒေမှာကတော့ အဲ့လိုပေါ့ဗျာ အစိုးရတာဝန်ကိုလုပ်နေတဲ့ သူတွေပေါ့နော် အဲ့လိုလူတွေကတော့ အဲ့လိုအလုပ်တွေကိုလွှဲပြီးတော့ ပါတီ အလုပ်တွေ မလုပ်ရဘူးပေါ့ဗျာ ။ အဲ့လိုတော့ တားထားတာပေါ့ဗျာ ။ သို့သော်လည်းတစ်ဘက်မှာလည်း အဲ့ဒီအခြေခံဥပဒေမှာလည်းကော်မရှင်ရဲ့ လွတ်လပ်ခွင့်တွေကို အသိအမှတ်ပြုထားတယ် ။

အဲဒီတော့ အဲ့ဒီနှစ်ခုကလည်း အခြေခံဥပဒေမှာ ဝိရောဓိ ဖြစ်နေတာပေါ့ဗျာ ။ နောက်တစ်ချက်ကတော့ ကော်မရှင်က ဥပဒေကျတော့ ကော်မရှင်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ်ပဲ ။ ကော်မရှင်ကနေတစ်ဆင့် ဘယ်မှသွားလို့မရတော့ဘူး ။ ကော်မရှင်တွေကလည်း အာဏာရပါတီတွေကခန့်တဲ့ ကော်မရှင်တွေဖြစ်နေတယ် ။ အာဏာရပါတီတွေကခန့်တဲ့ ကော်မရှင်တွေကလည်း သူတို့နောက်အစိုးရမတက်မချင်း အကန့်အသတ်မရှိ အာဏာကယူထားတာ ။ သူတို့ကော်မရှင်ကပဲ ရွေးကောက်ပွဲအမှုတွေ ဆုံးဖြတ်တယ် ။ ဟိုးတုန်းက ဖဆပလ ခေတ်တုန်းက အဲ့လိုမဟုတ်ဘူးဗျ ။

ဖဆပလခေတ် ဒီမိုကရေစီခေတ် အင်္ဂလိပ် လက်ထက်မှာကိုက သူက ဥပဒေတွေပြဌာန်းထားတယ် ။ အမှုတွေ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အမှုတွေကို တရားရုံးကို တင်ရတာ ။ တရားရုံးကဆုံးဖြတ်တာ ။ အဲ့တော့ ဘယ်လိုဖြစ်နေသလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေအရဆိုရင် ကော်မရှင်က အာဏာပိုင်လိုဖြစ်နေတယ် ။ ဖြစ်နေတဲ့ ကော်မရှင်ရဲ့အဆုံးအဖြတ်ကို ဘယ်မှကိုတက်မရဘူး ။

ပြီးတော့ကော်မရှင်တွေကလည်း အာဏာရပါတီတွေကခန့်တယ်ဆိုတော့ အဲ့ဒါကို အတိုက်အခံတွေကလည်း ထောက်ပြတာကိုမတွေ့ရဘူးဗျာ ။ ဘာလို့လဲဆိုတော့ ပထမဆုံး ဦးသိန်းစိန်လက်ထက်မှာ အစိုးရလုပ်တယ် ။ NLD ကထောက်မပြခဲ့ဘူး ။ NLD အစိုးရတက်တယ် ၊ USDP က ထောက်မပြခဲ့ဘူး ။ ဘာလို့ထောက်မပြသလဲဆိုတော့ သူတို့လုပ်ခဲ့တဲ့ဟာကိုဗျ ။ အဲ့လိုဖြစ်နေတဲ့အခါကျတော့ အဲ့ဒါကလုံးထွေပြီးတော့ နေတဲ့အခါမှာ အခုကျမှ ကော်မရှင်ကနေပြီးတော့ NLD ကိုစည်းရုံးခွင့်ပြုလိုက်တဲ့အခါကျတော့မှ သူတို့က ထပြီးကန့်ကွက်တာတွေ ပြောတာတွေ တွေ့ရတယ်ပေါ့လေ ။

အဲ့ဒါကြောင့်မို့လို့ အတိုက်အခံတွေက အတိုက်အခံအလုပ်ကို သေချာမလုပ်ခဲ့တဲ့ အခါကျတော့ အခုြ့ပသာနာတွေ တက်တာပေါ့ဗျာနော် ။ အဲ့လိုဖြစ်တာပေါ့ ။ အဲ့လိုဖြစ်တဲ့အခါကျတော့ ကျတော့် သဘောထားပြောရမယ်ဆိုရင်တော့ အခြေခံဥပဒေမှာကတော့ တစ်ပိုင်းကတော့ ဒီလိုဟာမျိုးတွေကို အစိုးရတာဝန်ယူထားတဲ့ သူတွေက မလုပ်ရဘူးလို့ တားထားတာကို သွားတွေ့ရတယ်လေ ။ ဥပဒေအရတော့ အဲ့လိုတွေ့ပါတယ် ။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts