Election interview political news

COVID-19 ကန့်သတ်ကာလ သက်တမ်းတိုးမှု အာဏာရပါတီကို အသာရစေပြီး အခြားပါတီများအတွက် ရွေးကောက်ပွဲမဲဆွယ်မှု လုပ်ခွင့်နည်းလာနေ

COVID-19 ကန့်သတ်ကာလ သက်တမ်းတိုးမှု အာဏာရပါတီကို အသာရစေပြီး အခြားပါတီများအတွက် ရွေးကောက်ပွဲမဲဆွယ်မှု လုပ်ခွင့်နည်းလာနေ

By ရန်ကုန်ခေတ်သစ်

အစိုးရက ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးအတွက် လူစုလူဝေး စုဝေးခွင့်၊ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း အပါအဝင် ကန့်သတ်ချက်များကို ၁၅ ရက်တစ်ကြိမ် သက်တမ်းတိုးလျက်ရှိရာ ယင်းသို့ သက်တမ်းတိုးနေမှုသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု လုပ်ပိုင်ခွင့် နည်းပါးလာကြောင်း နိုင်ငံရေးပါတီများက ပြောဆိုကြသည်။ လက်ရှိ မဲဆွယ်စည်းရုံးခွင့် နည်းပါးလာခြင်း သည် အာဏာရပါတီက ရွေးကောက်ပွဲတွင် အသားစီးရစေသည်ဟု သုံးသပ်မှုများလည်းရှိလာနေသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးစိုင်းညွန့်လွင်
ဒုဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)

မျှတတာ၊ မမျှတတာတော့ မသိဘူးလေကွာ ။ ဒါကတော့ ကျန်းမာရေးရှုထောင့် ကလည်းရှိသေးတာကိုး ။ ကျန်းမာရေးရှုထောင့်ရှိမယ် ။ ဒီကြားထဲမှာတော့ အစိုးရက မဲဆွယ်တဲ့ လုပ်ငန်းတွေပေါ့နော် ။ လူယောင်ပြလို့လုပ်ငန်းတွေလုပ်လို့ရမယ် ။ ကျန်တဲ့သူတွေက လုပ်လို့မရဘူးဆိုတော့ သိပ်တော့မမျှတဘူးပေါ့နော် ။ ဒါလည်းတောင်းဆိုလို့မှမရပဲ ။

တကယ်လို့ ရောဂါဖြစ်လာပြီဟေ့ဆိုရင် ဒီကိစ္စကိုဘယ်သူတာဝန်ယူမလဲ အကြောင်းကိစ္စရှိနေတာကို ။ အဲ့ဒီတော့ ဒီအပေါ်မှာ ကျွန်တော်ကတော့ ဘာမှသိပ်ပြီးတော့ သုံးသပ်မှတ်ချက်မပေးချင်ဘူး။

နောက်ထပ် ၁၅ ရက်ထပ်တိုးတာနဲ့ပတ်သက်ပြီးတော့ ။ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ကျန်းမာရေးဝန်ထမ်းတွေရော ကျန်းမာရေးအရာရှိတွေရော ဆုံးဖြတ်ချက်ပဲဒါက ။ တိုးသင့်တယ်လို့ သူတို့က ထင်လို့ တိုးတာပေါ့ ။ နိုင်ငံရေးရှုထောင့်ကကြည့်ရင်တော့ အလုပ်မဖြစ်ဘူးပေါ့ဗျာ ။

နိုင်ငံရေးရှုထောင့်ကကြည့်ရင်တော့ ဘာမှလုပ်လို့မရဘူးပေါ့ ။ ရွေးကောက်ပွဲလည်း နီးလာပြီပေါ့ ။ အဲ့တော့ ရှုထောင့်ခြင်းက မတူဘူး ။ နိုင်ငံရေးပါတီ ရှုထောင့်ကကြည့်ရင် တစ်မျိုးဖြစ်မယ် ။ ကျန်းမာရေးဘက်ကကြည့်ရင်တစ်မျိုးဖြစ်မယ် ။ ကျွန်တော်က ဘယ်လိုပြောရမလဲ ။

ဦးတင်ဆွေ
ဒုတိယဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ( မြန်မာ)

အဲ့ဒါကတော့ သူက Covid 19 မှာ ဘဘတို့ ကျန်တဲ့ပါတီပေါ့နော် ။ လက်ရှိ သူတို့ပါတီကလွဲရင် ကျန်တဲ့ပါတီက အများကြီး အခက်အခဲရှိတာပေါ့နော် ။ ဒါက ပြောစရာမလိုဘူးလေနော် ။ တစ်ခါ ပြီးတုန်းကလည်း ဟိုကော်မရှင်ကကြေညာချက်ကလည်း ဝိဝါဒ ကွဲစေတယ်ပေါ့နော် ။

ပြီးတုန်းကလေ ကော်မရှင်ကဘာပြောလဲဆိုတော့ နိုင်ငံတော်သမ္မတရယ် ဝန်ကြီးတွေရယ် ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်တယ်ဆိုပြီး ဒီနေ့ကပဲ လုပ်လိုက်တယ်။ လုပ်ပြီးတဲ့အခါကျတော့လည်း နေပြည်တော်မှာ NLD ပါတီ ပါတီအနေနဲ့ ယာယီရုံးခွဲဖွင့်တယ်လေ ။

ရုံးခွဲဖွင့်တဲ့အခါကျတော့ သမ္မတလည်းတက်တယ် ။ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံ လည်းတက်တယ် ။ ပါတီဥက္ကဌတွေလည်းတက်တယ် ။ ဒေါက်တာဇော်မြင့်မောင်ဆိုရင် မန္တလေး တိုင်းက ဒုဥက္ကဌလည်းတက်တယ် ။ ဝန်ကြီးချုပ် လည်းတက်တယ်ဆိုတော့ အဲ့ဒါကိုကြည့်ခြင်းအားဖြင့် ငါတို့က သူတို့တစ်ဘက်သတ် လုပ်တယ်လို့ ငါကိုယ်တိုင်က အဲ့လိုယုံကြည်ထားတယ် ။

ဘာလို့လဲဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက ရွေးကောက်ပွဲ ကာလမှာတောင်မှ ပါထားတယ်လေ မဟုတ်ဘူးလား ။နိုင်ငံတော်အသုံးစရိတ်နဲ့ နိုင်ငံတော်အဆောင်အယောင်နဲ့ ဒီရွေးကောက်ပွဲကာလမှာ မလုပ်ရဘူးပေါ့နော် ။ ဆိုတဲ့အခါကျတော့ သူက အဲ့ဒါကြီးကျူးလွန် ပြီး လုပ်တဲ့အခါကျတော့ သူကိုယ်တိုင်ကအခု ပြောချင်တာကတော့ကွာ နေပြည်တော်မှာ ထပ်ပြီးတော့ သမ္မတလည်းပါတယ် ။

ပါတီဥက္ကဌ ဒါမှမဟုတ်ဘူးဆိုရင် နိုင်ငံတော်အတိုင်ပင်ခံဆိုရင်လည်း ဝန်ကြီးပဲလေမဟုတ်ဘူးလား ။ သူတို့ကျတော့လုပ်ပြီးတော့ မငြိ ပဲနဲ့ တို့ကျတော့ အမတ်တွေ နော်ဒီအမတ်တွေ စာရင်းတင်ပြီးတော့မှ အတည်ပြုပြီးတော့မှ Campaign ကာလကို သတ်မှတ်ပြီးတဲ့အခါကျတော့ အဲ့ကတည်းကိုက သူက မမျှတတော့ဘူးပေါ့နော် ။

အဲဒီတော့ တို့ ကိုဗစ်ကာလမှာ နိုင်ငံရေးပါတီတွေက အများကြီးအခွင့်အရေး ဆုံးရှုံးနေတယ် ။ ဘဘတို့အနေနဲ့နော် ဒီကိစ္စကတော့ မတရားဘူးလို့ ဘဘတို့ မြင်တယ် ။ ကော်မရှင်က တည်ဆဲဥပဒေဆိုတာပြောပြမယ် ။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက Mother Law အဲဒီဥပဒေနဲ့ ဘယ်ဥပဒေမှ ဆန့်ကျင်လို့မရတာကို ပြည်ထောင်စုဥပဒေက လုပ်လို့ရတဲ့အခါကျတော့ ဒီနှစ်ခုက ကွန်ဖာဖြစ်ရင် တို့က ဘာကိုအတည်ယူရမလဲ မဟုတ်ဘူးလား ။

ဖွဲ့စည်းပုံကပြောထားတာက ပုဒ်မ ၆၄ မှာ နိုင်ငံတော်အကြီးအကဲ သမ္မတတို့က ဒီလိုမလုပ်ရဘူးလို့ ပါတီတစ်ခုရဲ့ပေါ့နော် သူတို့ပါတီရဲ့ရုံးခွဲလုပ်တယ်လေ ။ သူ့ရဲ့ရုံးခွဲကို သမ္မတကိုယ်တိုင်တက်တယ် ။ ဒါငြိနေတာပဲလေ ။ အဲ့တော့ ကော်မရှင်ကိုယ်တိုင်က လျစ်လျူရှုလိုက်တဲ့အတွက် ကော်မရှင်ကိုယ်တိုင်က ဒီလွတ်လပ်တဲ့မျှတတဲ့ ရွေးကောက်ပွဲရယ် ကော်မရှင်ကိုယ်တိုင်က ဒီကိုဗစ်ကာလမှာ လက်ရှိအာဏာရပါတီက အခွင့်အရေးရခဲ့တယ် ။

ကျန်တဲ့နိုင်ငံရေးပါတီတွေကေတာ့ ကိုဗစ်ကိုအကြောင်းပြပြီး အခွင့်အရေးမရတာတော့ တို့က စိတ်မကောင်းဘူးပေါ့နော် ။ ဒါက လက်ရှိ Social Distancing အရကိုယ်က တို့မှာ လက်ရှိအမိန့်တွေ ညွှန်ကြားချက်တွေ ရတဲ့အခါကျတော့ ဘာမှလုပ်လို့မရတေ့ာဘူုးလေနော် ။ နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ ကိုဗစ်ကာလကို ရှေ့တိုးတိုးလာကတော့ တို့အတွက် အများကြီးဆုံးရှုံးတယ်လို့ တို့က မြင်ပါတယ် ။

ဦးထွန်းအောင်ကျော်
ရခိုင်အမျိုးသားပါတီ(ANP)

ကျွန်တော်တို့ကတော့ အရင်ကနဲ့တော့ မတူဘူးပေါ့ဗျာ ။ အရင်တုန်းကတော့ ပါတီ လှုပ်ရှားဆောင်ရွက်ရတာတွေ ဒါပြည်သူ့ရင်ခွင်ထဲကို လွယ်လွယ်ကူကူနဲ့ အရောက်ဝင်ပြီးတော့မှ ကျွန်တော်တို့ စွဲဆောင်ရတယ် ဆွေးနွေးရတယ် ၊ တင်ပြခွင့်ရခဲ့တယ် ။ အခုကတော့ ကိုဗစ် က ၁၅ ရက်ပြီး ၁၅ ရက်ပြီး ၁၅ ရက် အခုထိ ဒါကန့်သတ်ထားတာတွေရှိတယ် ။

အဲဒါကြောင့် ကျွန်တော်တို့ လုပ်ရကိုင်ရတာ အရင်အခြေအနေထက် အခုအခြေအနေက အင်မတန် ခဲယဉ်းသွားတာပေါ့ ။ ခက်ခဲသွားတာပေါ့ ။ အဓိက ကတော့ဗျာ သမ္မတလည်းရွေးကောက်ပွဲဝင်ခွင့်ရှိတယ် ။ ဘယ်အဆင့်က ပုဂ္ဂိုလ်တွေမဆို ရွေးကောက်ပွဲဝင်ခွင့်ရှိတာပေါ့ ။

ဒါပေမဲ့ နိုင်ငံတကာအမြင် နိုင်ငံတကာမှာလုပ်တဲ့လုပ်ထုံးလုပ်နည်း အတိုင်းပဲပေါ့ ။ ကိုယ်ရထားတဲ့ အခွင့်အရေးနဲ့ အဆောင်အယောင် ကိုအသုံးမချဖို့တော့လိုတယ် ။ ရွေးကောက်ခံမယ့်ကိုယ်စားလှယ်တစ်ယောက်ဆိုတာ အား လုံး နဲ့တစ်ပြေးညီ အားလုံးနဲ့ အခွင့်တူညီတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ချက်တွေ ရှိဖို့တော့လိုတယ် ။

ကိုယ့်ရဲ့လက်ရှိရှိနေတဲ့ အဆောင်အယောင်နဲ့ အနေအထားကို အခုစပြီးတော့မှ လုပ်ဆောင်တယ်ဆိုရင်တော့ ဒါ ဥပဒေနဲ့လည်း မညီဘူး ။ လူအများအမြင်မှာလည်း တခြားသူတွေထက် အခွင့်အရေးပိုယူတယ်ဆိုတာထက် အမြင်က အားလုံး အဲ့လိုပဲ မြင်လာမှာပဲ ။ အဲ့ဒါကြောင့် အခွင့်အရေးယူဖို့ကတော့ မသင့်တော်ဘူးလို့က ကျွန်တော်မြင်တယ် ။

ဦးတင်မောင်ဦး
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

အဲ့တော့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အမိန့်တွေ၊ ညွှန်ကြားချက်တွေထုတ်မှာပဲ ။ ဒါကတော့ငါတို့က နိုင်ငံရေးပါတီတွေကလည်း နိုင်ငံသားဖြစ်တော့ အစိုးရထုတ်တဲ့ အမိန့်တွေ ၊ ညွှန်ကြားချက်တွေကိုတော့ မဖြစ်မနေလိုက်နာရမှာပဲ ။ မလိုက်နာရင်လည်း ဥပဒေချိုးဖောက်တယ်ခေါ်တာကိုး ။ ဒါကြောင့်လိုက်နာရမယ် ။

လိုက်နာပြီးတော့ ဦးတို့ပါတီလုပ်ငန်းက တကယ်တမ်းတော့ ခုနကလို အဲ့လို လူဦးရေကန့်သတ်လိုက်တဲ့အခါ အခက်အခဲရှိတာလည်း အမှန်ပဲ ။ ဒါပေမဲ့ ပါတီအောင်နိုင်ရေးအတွက် မဖြစ်မနေ လုပ်ဖို့လိုတယ် ။ ဒီ့အတွက်ကြောင့် UBP ပါတီအနေနဲ့ ကတော့ ဥပဒေဘောင်ထဲကနေ အစိုးရ ညွှန်ကြားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာရင်းနဲ့ပါတီအောင်နိုင်ရေးအတွက် မဖြစ်မနေကြိုးစားရမှာပါပဲ ။

တရားမျှတမှုရှိခြင်း ၊ မရှိခြင်းကတော့ ငါတို့ကမှတ်ချက်မပြုလိုဘူး ။ ယနေ့အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးအရ သူလိုအပ်လို့ လုပ်တယ်လို့ပဲ မှတ်ယူပါတယ် ။

ဦးခွန်ဘီထူး
ဥက္ကဋ္ဌ၊ ကယန်းအမျိုးသားပါတီ( KNP )

ရွေးကောက်ပွဲဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ပါတီတွေ အားလုံးက သိထားပြီးသားပေါ့နော် ဆိုတော့ နိုင်သလောက်စည်းရုံးရေးတွေ နိုင်သလောက် ပါတီကိုမိတ်ဆက်တဲ့ဟာတွေနဲ့ ကိုယ့်ရဲ့ ပါတီတွင်းပေါ့နော် ၊ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနိုင်ရတဲ့ဟာတွေကို ကျွန်တော်တို့လုပ်ကြရတယ်ပေါ့နော် ။

သို့သော် အခုက ကိုဗစ်ကို အကြောင်းပြပြီးမှပေါ့နော် လူထုနဲ့ မတွေ့ဆုံရဘူးဆိုတဲ့ဟာကို ထုတ်ပြန်တယ်ပေါ့ ။ ဇွန်လမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာပေါ့နော် ပထမရက်မှာ ထုတ်ပြန်ပြီးကာမှ ပြီးခဲ့တဲ့ ၁၅ ရက်ကလည်း လူထုတွေ့ဆုံပွဲတွေ ၊ လူစူလူဝေးတွေ မလုပ်ရဘူးလို့ တားမြစ်ထားတယ်ပေါ့ ။

တစ်ဘက်မှာကလည်း နောက်ထပ် ၁၅ ရက်တိုးမြှင့်လိုက်ပြန်ပြီပေါ့ ။ ဆိုတော့ အစိုးရပါတီတွေကတော့ သူတို့ရဲ့ကိုယ်စားလှယ်လောင်းတွေကို ကယားပြည်နယ်ကတင်တာ ။ ဇွန်လကတည်းကပေါ့အပြီးသတ်နိုင်ကတည်းက ဇွန် ၂၆ ရက် ၂၈ ရက်ကတည်းကပေါ့ သူတို့အပြီးသတ်နိုင်သွားတယ် ။ သူတို့ကိုယ်တိုင်က ပါတီတွင်း တွေ့ဆုံမှုတွေ လုပ်နိုင်သွားတယ် ။

ဒါပေမဲ့ ကျန်တဲ့ နိုင်ငံရေးပါတီတွေတော့ မလုပ်နိုင်တဲ့ အနေအထားပေါ့ ၊ လုပ်ခွင့်မရှိတဲ့ အနေအထားဖြစ်နေတယ်ပေါ့။ ဆိုတော့ ကျွန်တော်တို့ တော်တော်လေး Upset ဖြစ်နေတယ်ပေါ့ ။ ဒီညွှန်ကြားစာတွေနဲ့ ပတ်သက်ပြီးမှ ဒါအကန့်အသတ်ရှိနေတယ်ပေါ့နော် ။ ကျွန်တော်တို့က မလိုက်နာဘဲပေါ့နော် ကိုယ့်ပါတီတွင်းတွေ့ဆုံမှုတွေလုပ်ရင် ခံရမယ့်ဟာတွေ တရားစွဲခံရမယ့်ဟာတွေ ကျွန်တော်တို့ ကြုံရနိုင်တယ်ပေါ့နော် ။

ဆိုတော့ ဒါတော်တော်လေးကို မညီမျှတဲ့ ကိစ္စဖြစ်နေတယ်ပေါ့နော် နံပါတ် တစ်က ။ နံပါတ် ၂ ကတော့ ကျွန်တော်တို့ အခုဆိုရင် တစ်ချို့ UEC ကိုသွားတွေ့တယ်ပေါ့နော် ။ တွေ့ဆုံမှုတွေကို အကန့်အသတ်နဲ့လုပ်ဖို့လိုတယ်ပေါ့နော် ။ ဥပမာဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးမှ လူတစ်ယောက်နဲ့တစ်ယောက် ပေဘယ်လောက်အကွာ နောက်ဘယ်လိုဆောင်ရန်ရှောင်ရန်ပေါ့နော် ။

ဒါတွေလုပ်ရမယ်ဆိုပြီးတော့ စသည်ဖြင့် ညွှန်ကြားပြီးမှ ခွင့် ပြုလိုက်ရင်လည်း သင့်တော်တဲ့ လူထုတွေ့ဆုံမှုတွေ လုပ်လို့ရတာပေါ့နော် ။ ဒါပေမဲ့ အဲ့ဒါတွေ အားလုံးကိုလည်းညွှန်ကြားထားခြင်း ၊ ခွင့်ပြုပေးခြင်း အဲ့ဒါမျိုးတော့ မရှိဘူးပေါ့နော် ။ အဲ့ဒီဟာတွေအားလုံးကို အကန့်အသတ် လုံးဝဖြစ်စေတယ် ။ ကျွန်တော်တို့ရဲ့ အခက်ခဲဆုံးအရာက ဘာလဲဆိုတော့ လူထု ကိုတွေ့တဲ့အချိန်မျိုးမှာ ဒီလိုအစည်းအဝေးလုပ်မယ်လို့ စဉ်းစားတိုင်း စဉ်းစားတိုင်း အခါမျိုးမှာ ဒီညွှန်ကြားမှုနဲ့ ဒီပုဒ်မတွေနဲ့ ကျွန်တော်တို့ကတရားစွဲခံရမယ်လို့ နောက်ပါတီဖျက်သိမ်းခံရမယ်လို့ စိုးရိမ်မှုတွေက ကျွန်တော်တို့ ဒေသမှာတော့ အကြီးအကျယ်ပြဿနာဖြစ်နေတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts