All News Local News Peace

၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်လိုပြီး ရွေးကောက်ပွဲ တရားမျှတမှုရှိစွာ ကျင်းပပေးရေး AA ၊ MNDAA နှင့် TNLA တို့ ပူးပေါင်းတောင်းဆို

၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်လိုပြီး ရွေးကောက်ပွဲ တရားမျှတမှုရှိစွာ ကျင်းပပေးရေး AA ၊ MNDAA နှင့် TNLA တို့ ပူးပေါင်းတောင်းဆို

ရန်ကုန်၊ ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ခုအဖြစ် ကျင်းပပေးရန် AA ၊ MNDAA နှင့် ပလောင်TNLA မဟာမိတ်ညီနောင် ၃ ဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ခုအဖြစ် ကျင်းပရန် မိမိတို့အနေဖြင့် တိုက်တွန်းကြောင်း၊ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်သော အမတ်များ၊ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်သော အစိုးရသစ်ပေါ်ပေါက်လာနိုင်ရန် မျှော်လင့်ကြောင်း မဟာမိတ်ညီနောင် ၃ ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ပြန်လည်ကျင်းပနိုင်ပါက မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ FPNCC ၏ ဦးဆောင်မှု ၊ လမ်းညွှန်မှု၊ လုံခြုံရေး အာမခံချက်ရှိသော အခြေအနေတစ်ခုအောက်တွင် တက်ရောက်ရန် ဆန္ဒအပြည့်အ၀ ရှိကြောင်း လည်း မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA အပေါ် အကြမ်းဖက်အသင်းနှင့် မတရားအသင်းအဖြစ် ကြေညာခြင်းသည် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ရရှိပြီးဖြစ်သော ယုံကြည်မှုကိုလည်း နောက်ဆုတ်စေနိုင်ကြောင်း၊ မဟာမိတ်ညီနောင် ၃ ဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်ကို ဆန့်ကျင်ပြီး မည်သည့် အကြမ်းဖက်အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိဘဲ မိမိတို့ လူမျိုးအသီးသီး၏ တန်းတူအခွင့်အရေး ရရှိရေးအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့သာဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး စတင်စေလိုပါကြောင်း မဟာမိတ် ၃ ဖွဲ့က သဘော ထား ကြေညာထားသည်။

လတ်တလော ရခိုင်ပြည်နယ်တွင် AA နှင့်တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး တပ်မတော်၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း မင်းပြားမြို့မှ ကမ်းနီဘက်သို့ သင်တန်းသား အရာရှိ၊ စစ်သည်များ စီးနင်းလာသော တပ်မတော်အုပ်ချုပ်မှုယာဉ်တန်း တစ်ခုကို AA အဖွဲ့က နေရာ ၆ နေရာမှ အလစ်အငိုက် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုကဲ့သို့ တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းအား ချောင်းမြောင်းပစ်ခတ်ခဲ့သည့်အတွက် တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts