All News Election Local News

အလုပ်သမားနှင့်လယ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၁ ဦး တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်မည်

အလုပ်သမားနှင့်လယ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၁ ဦး တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်မည်

ရန်ကုန်၊ဇူလိုင်လ ၇

၂၀၂၀ ရွေးကောက်ပွဲတွင် အလုပ်သမား ၊ လယ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၁ ဦးသည် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အလုပ်သမား ၊ လယ်သမား ကိုယ်စားပြု တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁၁ ဦး က လှိုင်သာယာမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ကြောင်း၊ လက်ရှိ အာဏာရပါတီက အလုပ်သမား ၊ လယ်သမား အရေးကိစ္စများတွင် ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိသော ကြောင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ တရားလွှတ်တော်ရှေ့နေဦးဌေးကပြောဆိုသည် ။

“ အာဏာရပါတီဟာ ကျွန်တော်တို့ကိုယ်တိုင်မဲပေးခဲ့ပေမယ့် အလုပ်သမားအရေး ၊ လယ်သမားအရေး ဆောင်ရွက်ပေးမှုတွေဟာ အလွန်ကို အားနည်းပါတယ် ။ အားနည်းတဲ့အတွက် ကျွန်တော်တို့ကိုယ်တိုင် အလုပ်သမား ၊ လယ်သမားတွေအတွက် လွှတ်တော်ထဲမှာ တသီးပုဂ္ဂလအနေနဲ့ရပ်ဖို့ ဆုံးဖြတ် လိုက်တာပါ ။ ကျွန်တော်တို့ တသီးပုဂ္ဂလဟာ သာမန်အားဖြင့် တစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးအရ ရပ်တဲ့ဟာ မဟုတ်ပါဘူး ။ အလုပ်သမားအဖွဲ့ချုပ်တွေ ၊ လယ်သမားအဖွဲ့ချုပ်တွေနဲ့ အလုပ်သမားအရေး ၊ လယ်သမားအရေးလုပ်ကြတဲ့ CSO တွေနဲ့ ကိုယ်စားပြုပြီးတော့ ကျွန်တော်တို့က တစ်သီးပုဂ္ဂလအနေနဲ့ လူထုဘက်က လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ပွဲဝင်ကြမှာဖြစ်ပါတယ် ”ဟု ဦးဌေးကပြောဆိုသည်။

အလုပ်သမား ဥပဒေများရှိသော်လည်း မြေပြင်အခြေအနေရှိ အလုပ်သမားများ၏ အခြေအနေနှင့် ကွဲလွဲနေကြောင်း၊ လက်ရှိလွှတ်တော်တွင်းရှိကိုယ်စားလှယ်များကို အလုပ်သမား ၊ လယ်သမားအရေးကိစ္စ များတင်ပြရန် ချဉ်းကပ်သော်လည်း အရေးတယူပြုခြင်းမရှိသည့်အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သွားရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဦးရဲကျော်သူကဆက်လက် ပြောဆိုသည်။

“ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ အဲ့ဒီမှာကျွန်တော်တို့က အလုပ်သမားရေးရာ ကိစ္စရပ်တွေကို လွှတ်တော်မှာရောက်နေတဲ့ ကိုယ်စားလှယ်တွေကို ကျွန်တော်တို့က ချဉ်းကပ်ပြီးတော့ ကျွန်တော်တို့ကတင်ပြတယ် ။ ကျွန်တော်တို့ရဲ့အခက်အခဲတွေကို တင်ပြတယ် ။ အဲ့ဒီမှာ ကျွန်တော်တို့ အခက်အခဲတွေ ကြုံတွေ့ရတယ် ။ အရေးစိုက်ခြင်းမခံရဘူး ။ မခံရတဲ့အခါမှာ မြေပြင်မှာ သန်းနဲ့ချီတဲ့ အလုပ်သမားတွေ ခံရတာ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ပဲလေ ။ ဒီလိုအလုပ်သမားဥပဒေကိုပြင်ဆင်ရေးဆွဲတဲ့အခါမှာ အလုပ်သမားတွေရဲ့ အသံတွေကို ထင်ဟပ်စေချင်တာပေါ့နော် ။ ကိုယ့်ကိစ္စကိုကိုယ်ကိုတိုင် ဝင်ရောက်ပြီးမှ လုပ်ကိုင်လို့ရမယ်ဆိုတဲ့ အတွေးကြောင့် တသီးပုဂ္ဂလကိုယ်စားလှယ် အဖြစ် ဝင်ရောက်ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ် ခင်ဗျာ ” ဟု ဦးရဲကျော်သူက ရှင်းပြသည်။

လွှတ်တော်တွင် အလုပ်သမားများ၏ အသံများကို ထင်ဟပ်စေရန်အတွက် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ချမ်းမင်းအထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမားအဖွဲ့အစည်း ဥက္ကဌ ဒေါ် သဉ္ဇာထက်ကပြောသည်။

“ ကျွန်မတို့အနေနဲ့ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တဲ့ အကြောင်းကတော့ ဒီလက်ရှိ အလုပ်သမားတွေရဲ့ ဥပဒေ တွေပေါ့နော် ၊ လျော့နည်းနေတဲ့ ကိစ္စတွေ ၊ ပြင်ဆင်ရမယ့် ကိစ္စတွေပေါ့နော် ။လက်ရှိကိုဗစ်ကာလမှာ အလုပ်လက်မဲ့ တွေပေါ့နော် ။ အလုပ်လက်မဲ့ နဲ့ ပတ်သက်လို့ ရှိရင် ကျွန်မတို့က အလုပ်လက်မဲ့တွေကို လူမှုဖူလုံရေး အာမခံစနစ်တွေမှာ ပံ့ပိုးမှုတွေမရှိဘူး ။ ဒီအတွက်ကြောင့် ကျွန်မတို့က အလုပ်သမားအရေးပေါ်မှာ ၊ လယ်သမားအရေးပေါ်မှာ အဓိကထားပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တာပေါ့နော် ကျွန်မတို့က ဥပဒေကိုပြင်ဆင်ဖို့ပေါ့နော် ”ဟု ဒေါ်သဉ္ဇာထက်က ရှင်းပြသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဦးဌေး က လှိုင်သာယာမြို့နယ် ( အရှေ့) တွင် ပြည်သူ့လွှတ်တော် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၊ ဒေါ်စုစုနွေးက ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၊ ဦးရဲကျော်သူ က လှိုင်သာယာမြို့နယ် ( အနောက် ) ပြည်သူ့လွှတ်တော် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၊ ဦးအောင်ကျော်ထွန်းနိုင်ဦး က လှိုင်သာယာမြို့နယ် (အနောက် ) အမျိုးသားလွှတ်တော် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၊ ဦးအောင်ကျော်မြင့်က ထန်းတစ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၊ ဦးရဲဝင်းထွန်း က လှိုင်သာယာမြို့နယ် (အနောက် (၁) ) တိုင်းဒေသကြီးတသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အလားတူ ဦးဝင်းဇော် က လှိုင်သာယာမြို့နယ် ( အနောက် (၂ )) တိုင်းဒေသကြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၊ ဦးရဲသူရ က လှိုင်သာယာမြို့နယ် (အရှေ့(၂)) တိုင်းဒေသကြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၊ ဒေါ်သဉ္ဖာထက်က လှိုင်သာယာမြို့နယ် (အရှေ့(၁) ) တိုင်းဒေသကြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၊ ဦးစိုင်းမြတ်ကျော်ထွေးက ထန်းတပင်မြို့နယ် တိုင်းဒေသကြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း နှင့် ဦးခြူးကို ထန်းတပင်မြို့နယ် တိုင်းဒေသကြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း အဖြစ် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts