အမေရိကန်၏ ပထမဦးဆုံးသော Moderna ကိုဗစ်ကာကွယ်ဆေး ပထမအဆင့် အောင်မြင်

အမေရိကန်၏ ပထမဦးဆုံးသော Moderna ကိုဗစ်ကာကွယ်ဆေး ပထမအဆင့် အောင်မြင်
ရန်ကုန်၊ ဇူလိုင် ၁၅
အမေရိကန်Moderna ကုမ္ပဏီက စမ်းသပ်ထုတ်လုပ်နေသည့် ကိုဗစ်ရောဂါကာကွယ်ဆေးသည် ပထမအဆင့်တွင် ကိုယ်ခံအားလှုံ့ဆော်ထုတ်လုပ်နိုင်သော ရလဒ်များရရှိထားကြောင်း CNN သတင်းဌာနက သတင်းဖော်ပြသည်။
Moderna ကုမ္ပဏီသည် အမေရိကန်အမျိုးသားကျန်းမာရေးအင်စတီကျူနှင့် တွဲဖက်၍ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်နေခြင်းဖြစ်ပြီး ပထမအဆင့် စမ်းသပ်မှုတွင် ရလဒ်ကောင်းများ ထွက်ရှိလာကြောင်း၊ ပထမအဆင့် ဆေးကို စမ်းသပ်လက်ခံ သုံးစွဲသူများအားလုံးတွင် ကိုဗစ်ကို ကာကွယ်နိုင်သည့် ခုခံအား ဖြစ်ပေါ်လာကြောင်း သိရှိရသည်။
အဆိုပါစမ်းသပ်မှု ရလဒ်များကို New England Journal of Medicine တွင် ဖော်ပြထားပြီး ကိုဗစ်ကာကွယ်ဆေးသည် ခုခံအားတုံ့ပြန်မှု များရရှိသော်လည်း ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ဆေးထိုးသည့်နေရာတွင် နာခြင်း ကဲ့သို့သော မပြင်းထန်သည့် ဘေးဥပုဒ်တချို့ရှိနေကြောင်း၊ အဆိုပါ ကိုဗစ်ကာကွယ်ဆေးသည် ရလဒ်ကောင်းများ ထွက်ပေါ်လာသည့် အမေရိကန်၏ ပထမဦးဆုံးသော ကာကွယ်ဆေးဖြစ်ကြောင်း သိရှိရသည်။
Moderna ကိုဗစ်ကာကွယ်ဆေးကို ယခုလအတွင်း တတိယအဆင့် စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ယင်းအဆင့်သည် နောက်ဆုံး စမ်းသပ်မှုဖြစ်ကာ ဆေးဝါးကြီးကြပ်မှု အာဏာပိုင်များက ကာကွယ်ဆေးနှင့် ပတ်သက်၍ စဉ်းစားဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။
Moderna က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် အနာဂတ်စမ်းသပ်မှုတွေမှာ အဆင်ပြေ ချောမွေ့သွားမည်ဆိုပါက ကုမ္ပဏီအနေဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ နှစ်စဉ် ကာကွယ်ဆေး သန်း ၅၀၀ ထုတ်လုပ်မည်ဖြစ်ပြီး ကာကွယ်ဆေး ၁ ဘီလီအထိလည်း တိုးမြှင့် ထုတ်လုပ်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။
“ပထမအဆင့် စမ်းသပ်မှုမှာ အဓိက ကြည့်ရမှာက ဘေးကင်းရဲ့လား၊ ခုခံအား တုံ့ပြန်မှု ရှိရဲ့လား ဆိုတာကိုပါ။ အခု ကျမတို့ မျှော်လင့်ထားသလိုပဲ ခုခံအားတုံ့ပြန်မှု ရှိနေပါတယ်။ ဒါပေမယ့် ဒီခုခံအား ရောဂါ ကူးစက်ခံရမှုကို ဘယ်လောက်အတိုင်းအတာအထိ ကာကွယ်နိုင်သလဲဆိုတာကိုပါ။ ဆေးရဲ့ အစွမ်းသိဖို့က မြေပြင်အခြေအနေ စမ်းသပ်မှုတွေ ထပ်လုပ်ရပါဦးမယ်” ဟု ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မှုတွင် ပါဝင်နေသော Dr. Lisa Jacksonက ဆိုသည်။
ပထမအဆင့်စမ်းသပ်မှုတွင် အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ ကျန်းမာသန်စွမ်းသူ ၄၅ ဦးတွင် စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအဆင့် စမ်းသပ်မှုအနေဖြင့် ကာကွယ်ဆေးသည် ဘေးကင်းမှု ရှိ၊ မရှိ၊ ခုခံအား တုံ့ပြန်မှု ရ၊ မရ လူအနည်းငယ်တွင်သာ စမ်းသပ်ခြင်းဖြစ်ကြောင်း၊ ဒုတိယအဆင့် စမ်းသပ်မှုတွင်မူ ဆေးဝါးစမ်းသပ်မှုကို တိုးချဲ့ပြီး လက်တွေ့ ပြင်ပတွင် စမ်းသပ်ခြင်းဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် ကာကွယ်ဆေးကို လူထောင်ချီတွင် စမ်းသပ်ခြင်းဖြင့် ဆေး၏ အစွမ်းထက်မှုနှင့် ဘေးကင်းမှုကို စမ်းသပ်စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။
Moderna က တတိယအဆင့် ကာကွယ်ဆေးစမ်းသပ်မှုကို ဇူလိုင် ၂၇ တွင် စတင်မည်ဖြစ်ပြီး အဆိုပါ စမ်းသပ်မှုသည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ ထောင်ချီကို ကာကွယ်ဆေးဖြင့် စမ်းသပ်သော ပထမဦးဆုံးသော ကာကွယ်ဆေး တတိယအဆင့် စမ်းသပ်မှု ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။
မူရင်းသတင်း အသေးစိတ်ကို https://edition.cnn.com/2020/07/14/health/moderna-coronavirus-vaccine-phase-1-study/index.html တွင် ဖတ်ရှုနိုင်ပါသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ