All News Business Local News

အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၁၃ သိန်းဝန်းကျင်အထိ မြင့်တက်

အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၁၃ သိန်းဝန်းကျင်အထိ မြင့်တက်

ရန်ကုန်၊ ဇူလိုင် ၂၂

ပြည်တွင်းရွှေစျေးကွက်တွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၃ သိန်းဝန်းကျင်အထိ ယနေ့ မြင့်တက်လာကြောင်း ရန်ကုန်ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ နံနက်ပိုင်း ရန်ကုန်ရွှေစျေးကွက်ဖွင့်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၁၂၉၇၀၀၀ ဖြင့် စျေးဖွင့်ပြီး ၁၃ သိန်းအထိ စျေးတက်သွားခဲ့ကြောင်း၊ ယင်းနောက် မွန်းလွဲ ၁၂ နာရီကျော်ချိန်တွင် ၁၂၈၇၀၀၀ စျေးဝန်းကျင်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှ စုံစမ်းသိရှိရသည်။

“အဓိကက ကမ္ဘာ့ရွှေစျေးက တအားကို တက်နေတာ။ ပြည်တွင်းမှာလည်း ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုန်းထားမှာ ဒေါ်လာတန်ဖိုး တက်နေတာ ။ အဲဒါကြောင့် ရွှေစျေးက တက်နေတာပါ။ အရောင်းအဝယ်ကတော့ ပါးပါတယ်။ ရောင်းတဲ့သူများတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၅၈ ဒေါ်လာ ရှိပြီး ပြည်တွင်းငွေလဲစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ၁၃၉၉ ကျပ်စျေးဝန်ကျင်တွင် စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။

ကမ္ဘာရွေစျေးနူန်းသည် ဇူလိုင်လ နှောင်းပိုင်းမှစတင်ပြီး တရိပ်ရိပ်မြင့်တက်လာခြင်းဖြစ်သည်။

“ကမ္ဘာ့စျေးနဲ့ ကျွန်တော်တို့က ချိန်ပြီးတော့ရောင်းတဲ့ အခါကျတော့ တက်နေတဲ့သဘောပါပဲ။ နောက်တစ်ခါ ဒါတာတောင်မှပဲ ကမ္ဘာစျေးနဲ့ မြန်မာစျေးနဲ့ ရှစ်သောင်းကိုးသောင်းတစ်သိန်း ​လောက်ကွာတယ်ဗျာ ဒီနေ့ဆိုရင် ကမ္ဘာစျေးထက် တစ်သိန်းလောက်လျော့တယ်။ကမ္ဘာစျေးထက် ပြည်တွင်းပေါက်စျေးက။ အကုန်လုံးက စီးပွားရေးက အကုန်မကောင်းတော့ဘူးလေ။ တစ်ကမ္ဘာလုံး စီးပွားရေးအရ မကောင်းတော့ဘူးလေ။ အဲဒီလိုဖြစ် ဒေါ်လာစျေးတွေလည်း ဒေါ်လာစျေး အားပျော့ပြီး ရွှေအားပြန်ကောင်း လာတာပါ” ဟု ရန်ကုန်တိုင်းရွေလုပ်ငန်းရှင် ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts