All News Election interview

“သဘောထားကွဲလွဲတာနဲ့ဒီလူက စစ်တပ်ဘက်ကလူ ဒီလူက ကြံ့ခိုင်ရေးကလူ ဟိုလူက အမျိုးသားရေးအစွန်းရောက် အစရှိသဖြင့် တံဆိပ်တွေကပ်ပြီးတော့ နိုင်ငံရေးသတ်တာ”

“သဘောထားကွဲလွဲတာနဲ့ဒီလူက စစ်တပ်ဘက်ကလူ ဒီလူက ကြံ့ခိုင်ရေးကလူ ဟိုလူက အမျိုးသားရေးအစွန်းရောက် အစရှိသဖြင့် တံဆိပ်တွေကပ်ပြီးတော့ နိုင်ငံရေးသတ်တာ”

ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးနှင့်တွေ့ဆုံ မေးမြန်းခြင်း အပိုင်း (၂)

By ရန်ကုန်ခေတ်သစ်
၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။  ။ လက်ရှိ နိုင်ငံရေးမှာ ပါတီငယ်တွေရဲ့ အလားအလာ ဘယ်လိုရှိလဲ။

ဖြေ။    ။နိုင်ငံရေးသဘောကကတော့ တစ်လျှောက်လုံးမှာ နိုင်ငံရေးလွတ်လပ်ခွင့် လုပ်ပိုင်ခွင့်မရတဲ့ အခါကျတော့ ပါတီစုံ ဒီမိုကရေစီလုပ်လို့ရပြီဆိုတဲ့အခါမှာ သူကိုယ့်ကိုယ် လုပ်ကြည့်ချင်တာပေါ့ အဲဒီအတွက်လည်း နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တာဆိုတာက  ၁၉၉၀ရွေးကောက်ပွဲတုန်းကဆိုရင် ၂၀၀ကျော်တယ်။

အဲဒါ ကျွန်တော်တို့ ဘာမှစိတ်ပျက်စရာမဟုတ်ဘူး သူတို့လုပ်ကြည့်ချင်တယ် နိုင်ငံရေးဆန္ဒရှိ လို့လုပ်ကြည့်တယ်။ တကယ်ရေရှည်ဖြတ်သန်းမိတဲ့အခါကျေတာ့ တို့ ငွေရေးကြေးရေးအရရော နိုင်ငံရေးအရရော စည်းရုံးရေးရော ပါတီငယ်လေးတွေ သီးခြားနေလို့မဖြစ်တော့ဘူး။

ပါတီငယ်အချင်းချင်း စု သွားပြီးတော့ တပ်ပေါင်းစုဖြစ်သွားတာ  မဟာမိတ်အင်အားစုဖြစ်သွားတာရှိနိုင်တယ်။ တစ်ချို့လည်း ဆက်လက်မရပ်တည်နိုင်တော့လို့  ပြုတ်သွားတာတွေလည်းရှိနိုင်တယ်။ ဒီဟာက ကာလတစ်ခုဖြတ်ပြီး သူဘာသူ နိုင်ငံရေးဖြတ်သန်းမူက ဇကာတင်သွားမယ့်ကိစ္စ။

အဲဒါကြောင့်မို့လို့  ကျွန်တော်ကတော့ ပါတီ ၉၇ပါတီဖြစ်တဲ့ ကိစ္စ အဲဒါပြဿနာမရှိဘူး။ တချို့ကျတော့ သူပြောချင်တာပြောနိုင်ဖို့အတွက် ပါတီထောင်ထားတာ နိုင်ငံရေးအရ သူပြောချင်ဆိုချင်စိတ်ရှိလို့ ပြောရေးဆိုခွင့်အတွက် သူကထောင်ထားတာ နဂိုတည်းက သူကိုယ်သူသိတယ် အာဏာရဖို့ မဟုတ်ဘူး မရနိုင်ဘူး သို့သော် သူပြောစရာရှိတာ ပြောနေမယ်။

ပါတီတစ်ခုအနေနဲ့  ကျွန်တော်တို့ကတော့ အားပေးရမယ့်ကိစ္စ ကြိုဆိုရမယ့်ကိစ္စလို့ မြင်ပါတယ်။ တချို့ကလည်း ပါတီကြီးတွေနေကနေပြီးတော့ စိတ်သဘောထားကွဲလို့ နှစ်ခုဖြစ်သွားတာရယ် ရှိနိုင်တယ်။ အဲဒါလည်း ကျွန်တော်တို့ နိုင်ငံမှ မဟုတ်ဘူး၊ နိုင်ငံတကာမှာ နိုင်ငံရေးဖြတ်သန်းမှု ဖြစ်ရိုးဖြစ်စဉ်ပဲ သဘောထားကွဲလွဲမူကို ထစ်ကနဲရှိရင် လက်မပါဖို့ပဲလိုတယ်။

နိုင်ငံရေးသူရဲ့ဘောင်ထဲမှာ ဆောင်ရွက်ကျတာ စုစည်းသွားတာရှိမယ်။ကွဲသွားတာရှိမယ်၊ပြန်ပေါင်းသွားတာရှိမယ်။ ဒါက နိုင်ငံရေးမှာ ဒါက နိုင်ငံတကာမှာဖြစ်ရိုးဖြစ်စဉ်ကိစ္စ အဓိကတော့ ပြောရေးဆိုခွင့် လွတ်လပ်စွာထုတ်ဖော်ခွင့် အဲဒါကို ကျွန်တော်တို့က ဥပဒေအရ အခိုင်အမာ အကာကွယ်ရှိဖို့လိုတယ်။ပြောရေးဆိုခွင့်ကို အားပေးဖို့လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။

မေး။     ။အတိုက်အခံဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

ဖြေ။    ။အတိုက်အခံဆိုတာ စကားလုံးကို  ကျွန်တော်တို့ နိုင်ငံမှာ နားလည်မှုက လွဲနေတယ်။ အတိုက်ခံဆိုတာ အာဏာမရလို့  အနိုင်မရလို့ အလာကားနေ ဘေးကနေ ပြဿနာရှာနေတာကို ပတ်မကြီးထိုးဖောက်တယ်တို့ ဘာတို့ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တယ်တို့ ဘာတို့ ဒီလိုမျိုးလုပ်လိုက်တော့ အတိုက်အခံကို သတ်တာဖြစ်နေတယ်။

တကယ်က ဒီမိုကရေစီက အတိုက်အခံကို အားပေးရမယ်။နောက်တစ်ခုက အတိုက်အခံဆိုတာကိုယ်၌ကလည်းဘာလုပ်လုပ် ဆန့်ကျင်နေတာမဟုတ်ဘူး။ သူက အစိုးရလုပ်တာကောင်းတယ်။ထောက်ခံမယ်။သို့မဟုတ် မဝေဖန်ဘူး ကောင်းနေတယ်လေ ကောင်းရင်ပြောစရာမလိုဘူး။  လိုအပ်တယ်လိုမြင်တဲ့အခါကျရင် သူက အဲဒီနေရာမှာတော့ သူသဘောထားကိုပြောတယ် သူအစိုးရလုပ်တာကို သဘောမတူဘူး။

သူတို့ဆိုရင် ဘယ်လိုလုပ်မလဲ အစိုးရက ဘယ်လိုပြုပြင်သင့်တယ်လို့ သူကဝေဖန်မယ် သူအယူအဆကိုပြောမယ် အဲဒါမျိုးကိုခွင့်ပြုမှလည်း ဒီမိုကရေစီက အားကောင်းမယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ကိစ္စကတော့ တကယ်နိုင်ငံရေးအရ ပြောရရင်တော့ အဆင့်မြင့်မြင့် အကျိုးနဲ့ အကြောင်းနဲ့ အောက်လုံးထိုးတာတွေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ကိစ္စမျိုးကတော့ ဖြစ်နိုင်ရင် ဥပဒေအရကိုရ ကာကွယ်ပေးသင့်တယ်။

ပုဂ္ဂိုလ်ရေးတိုက်ခိုက်လာပြီဆိုရင် အရေးယူပေါ့ ဂုဏ်သိက္ခာထိခိုက်အောင်လုပ်တယ်ဆိုလည်း ဂုဏ်သိက္ခာညှိနွမ်းမှုပေါ့။  အသရေဖျက်မှုပေါ့။ တရားစွဲချ ကျွန်တော်ပြောတာက လက်လွတ်စပယ်လုပ်တဲ့ကိစ္စကို ကျွန်တော်လည်းမကြိုက်ဘူး အားလည်းမပေးဘူး။ အဲဒီတော့ ပုဂ္ဂိုလ်တိုက်ခိုက်မှုဖြစ်လာတယ် အခုဟာလွတ်လပ်လက်ကြီး Facebookမှာ ဆဲလို့ရတယ် တိုက်လို့ရတယ်။ဖြစ်နေတယ်ဆို၌က ဥပဒေစိုးမိုးမှုအားနည်းတာကိုပြတယ်။

ဘာကြောင့်ခွင့်ပြုထားလဲ ဥပမာ အားဖြင့် Facebookမှာ ပရိုဖိုင်းအမှန်မတင်ဘူး နောက်တစ်ခါ ပရိုဖိုင်းအတုတွေနဲ့ တင်တယ်။ပြီးတော့ ပြောချင်တာပြော ဆဲချင်တာဆဲ လုပ်နေတယ်။ဘာလို့ လွတ်လပ်လပ်ကြီး လုပ်ခွင့်ရနေတာလဲ။ သူတို့က ဒါကို မထိန်းကျောင်းတော့ဘူးလားဆိုလိုတာက ဒါကြောင့်မို့လို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကိစ္စဟာ လုပ်ရင်အရေးယူ ကျွန်တော်လည်း လက်မခံဘူး မကြိုက်ဘူး။

သို့သော် နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါမှာကတော့ ဥပဒေအထောက်အထားအကိုးအကားနဲ့ အကျိုးအကြောင်းနဲ့ ဝေဖန်မယ်ထောက်ပြမယ်။ဆွေးနွေးမယ်ဆိုရင် နိုင်ငံရေးက တဖြည်းဖြည်းနဲ့ ရင့်ကျက်လာတယ်ပေါ့ ။အဆင့်မြင့်လာတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ လူချတဲ့ နိုင်ငံရေးပေါ့။ တံဆိပ်ကပ်တဲ့နိုင်ငံရေး ဒီနိုင်ငံမှာ အယူအဆမတူဘူးဆိုရင် ဒါက ဘယ်သူလူ ဘယ်ဝါလူ ဘယ်သူအောက်ဆွဲတို့ ဘယ်သူဘောမတို့ အစရှိသဖြင့် တစ်ခါတည်းတန်းပြီး တံဆိပ်ကပ်တော့တာပဲ။

 ဒီဘက်မှာလည်းပြောကြဆိုရင် အတင်းလော်ဘီလုပ်နေတဲ့ကိစ္စတွေက အကျိုးအကြောင်းဆီလျှော်မှုမရှိတော့ဘူး။  အဲဒီအခါကျတော့ ကယကံရှင်လည်းနစ်နာတယ်။ သူတို့လော်ဘီလုပ်တာနဲ့ကို အလုပ်ခံရတဲ့ပုဂ္ဂိုလ်က နေရင်းထိုင်ရင်းနဲ့သိက္ခာကျတယ်။ဒါက အဖွဲ့အစည်းအသီးသီးကခေါင်းဆောင်တွေက တားသင့်တားထိန်းသိမ်းသင့်တာထိန်းလုပ်ဖို့တော့ လိုတယ်။

ဥပဒေအရလည်းအရေးယူသင့်တာအရေးယူ အဲဒီလိုလုပ်မဟုတ်ဘဲနဲ့ ဒီမိုကရေစီဆိုတာ ပုံပျက်ပန်းပျက်ခံရပြီးတော့ ဒီနိုင်ငံဒီလူမျိုးတွေက ဒီမိုကရေစီနဲ့ မတန်ဘူးဆိုတဲ့ဟာမျိုး သိပ်နာတယ်။ဒါကြောင့်မို့လို့ ဒီမိုကရေစီနဲ့တန်တယ်ဆိုတာကို ပြသဖို့က တစ်ဦးချင်းက ကျင့်ဝတ်အရရောထိန်းသိမ်းဖို့လိုတယ်မြင်တယ်ပေါ့ ခေါင်းဆောင်တွေကလည်း ဒါတွေကို ရှိတယ်။

ကိုယ့်ဘက်ကလော်တိုင်း မြှောက်ပေးလို့မရဘူး။ ခွင့်ပြုလို့ မရဘူး ဒါဘက်အသီးသီးကိုပြောတာ အဲဒီလိုမှ မထိန်းကျောင်းရင် ကြာရင် ဒီမိုကရေစီနဲ့ မတူဘူးဆိုတဲ့ အယူအဆပိုပြီး ကျယ်လောင်လာလိမ့်မယ်။

မေး။   ။ လူငယ်တွေ နိုင်ငံရေး အသိပညာတွေ ကြွယ်ဝလာအောင် တိုးတက်လာအောင်ရော ဘယ်လိုလုပ်မလဲ။

ဖြေ။    ။ကြောက်တာနှစ်မျိုးရှိတယ်ဗျ ကျွန်တော်တို့ နိုင်ငံရေးလုပ်တဲ့ခေတ်တုန်းက လူတော်တော်များများနိုင်ငံရေးမလုပ်ရဲဘူးကြောက်တယ်။ဘာကြောင်လဲဆိုတော့ နိုင်ငံရေးလုပ်တဲ့သူဆိုတာက ထောင်နဲ့ နီးတယ်ပေါ့ ထောင်စော်နံတယ်ပေါ့ နိုင်ငံရေးလုပ်လို့ ဘယ်သူတော့ အဖမ်းခံလိုက်ရတယ်။ဘယ်သူတော့ ခဏဆိုပြီးခေါ်သွားတာပျောက်သွားတယ်။

အစရှိသဖြင့် ဒီလိုဇာတ်လမ်းတွေနဲ့ပဲ ကြီးခဲ့ရတော့  ထောင်ကျတိုင်းရိုက်နှိက်ညှင်းပန်းခံရတာကိုကြောက်တယ်။အဲဒါက ကျွန်တော်တို့ခေတ်က ကြောက်တဲ့စိတ်တစ်ခုပေါ့ ဒီဘက်ခေတ်ကျတော့ နိုင်ငံရေးကို သဘောထားကွဲလွဲမှု ဖြစ်တာနဲ့ ဝိုင်းပြီး ဆွမ်းကြီးလောင်းတာပေါ့ တစ်ခါတည်း လူတစ်ယောက်ကို အကောင့် ၁၄ခုဖွင့်ထား အုပ်စုလိုက်ဝိုင်းပြီးတော့ ဆော်ကျနှပ်ကျဖြစ်တော့ ကိုယ့်သဘောထားကို ကိုယ့်မပြောရဲလောက်အောင် ခြိမ်းခြောက်ခံရတဲ့ အခြေအနေတစ်ခုပေါ့ ပြီးတော့ သူက နိုင်ငံရေးပါသတ်ဖြစ်တာ ။

သဘောထားကွဲလွဲတာနဲ့ဒီလူက စစ်တပ်ဘက်ကလူ ဒီလူက ကြံ့ခိုင်ရေးကလူ ဟိုလူက အမျိုးသားရေးအစွန်းရောက် အစရှိသဖြင့် တံဆိပ်တွေကပ်ပြီးတော့ နိုင်ငံရေးသတ်တာသဘောကတော့ ဒါလည်းကြောက်အောင်လုပ်တာ မပြောရဲ မဆိုရဲဖြစ်အောင်  အကြောက်တရားသွပ်သွင်းတာပေါ့ဆိုတော့ အဲဒီအခြေအနေတွေကိုကျော်လွှားဖို့အတွက်ကတော့ ကျွန်တော်တို့ လူအဖွဲ့အစည်းက ပိုပြီး ရင့်ကျက်လာဖို့လိုတယ်။

ပြောတဲ့ အချက်အလက်တွေကို အကြောင်းအရာအကြောင်းအကျိုးနဲ့ ဆက်စပ်ပြီး စဉ်စားနိုင်ဖို့လိုတယ်။ အဲဒီလိုယဉ်ကျေးမူထွန်းကားလာမှပဲ  ခုကန အကြောက်တရားကင်းသွားမှာပါ အခုဟာကျွန်တော်တို့က အဖမ်းခံရမှာကြောက်တာထပ်ကို အုပ်စုလိုက်ဝိုင်းပြီးတော့ ဆွမ်းကြီးလောင်းတဲ့ မိုးပေါ်မှာပေါ့ Facebook ပေါ်မှဝိုင်းပြီးတော့ မပြောရဲ မဆိုရဲအောင် ပိတ်ဆို့တာကို ကြောက်နေရသလိုဖြစ်လာတယ်။ဒီအြေခအနေဖောက်ထွက်ဖို့ လိုပြီလိုထင်တယ်။

မေး။   ။ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးတော့ ပြည်သူ့ပါတီ အနေနဲ့ ဘယ်လိုမျိုးတွေ စီမံချက်တွေ စီမံကိန်းတွေ ချပြီးဆောင်ရွက်မလဲ။

 ဖြေ။   ။ တစ်ခုကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးနိုင်မယ့် ရင်းနှီးမြုပ်နှံမူတွေ အဲဒါတွေကို ကျွန်တော်တို့ အားပေးဖို့လိုတယ်။တွေးခေါ်ဖို့လိုတယ်။ဆိုတော့ အခြေခံကတော့ ကျွန်တော်တို့ နိုင်ငံက ကျေးလက်က ၇၀ ရာခိုင်နူန်းပတ်ဝန်းကျင်လောက်အခုချိန်ထိ စိုက်ပျိုးရေး မွေးမြူရေးပါတာပေါ့ အဲဒီနယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဒီထက်အများကြီး တိုးချဲ့နိုင်တယ်။

နောက်တစ်ခု စိုက်ပျိုးရေးအခြေခံ စက်မူထွက်ကုန်ပေါ့ ဆိုလိုတာက ဆန်ပဲဖြစ်ဖြစ် ပဲဖြစ်ဖြစ် ဒီအတိုင်း ကုန်ကြမ်းအတိုင်းရောင်းတာမဟုတ်ဘဲနဲ့ သူ့ကို အဆင့်မြင့်ပြီးတော့ ထုတ်လုပ်တာမျိုး လုပ်ငန်းတွေကို ကျွန်တော်တို့ ဒီစိုက်ပျိုးရေးအခြေခံ စက်မူလုပ်ငန်းတွေ ရင်းနှီးမြှပ်နှံမူတွေကို အားပေးမယ်ဆိုရင် အဲဒီနယ်ပယ်တွေမှာ ဥပမာ မွေးမြူရေးပဲဖြစ်ဖြစ်ပေါ့။

ပြောကျဆို ကျွန်တော်တို့ဒါ City martတို့ ဘာတို့ စူပါမားကတ်ကြီးတွေ သွားလို့ရှိရင် ကိုယ်နိုင်ငံမှာလည်း ထွက်တဲ့ ပစ္စည်းတွေကို အကုန်လုံးသူများနိုင်ငံက ဝယ်သွင်းနေရတယ်။ အဲဒီလိုကစပြီးတော့ ပြောရရင်တော့ အေးခဲကြက်သားတို့ဘာတို့တောင်မှ ကိုယ့်ထက်ဈေးပေါပြီးတော့ သူများကရောင်းနိုင်တယ်။

နောက်ဆုံးအသီးအရွက်တောင်မှ  သွင်းကုန် တင်သွင်းတဲ့ အသီးအရွက်ဖြစ်တယ်။ အဲဒီဟာက ပြည်တွင်းမှာ ကိုယ်မှာ မြေတွေ အလုံအလောက်ရှိတယ်။လုပ်အားတွေရှိတယ်။နောက်ဆုံးပြောကျဆိုရင် ကိုယ်ပြည်တွင်းမှာ အလုပ်သမားက သူများနိုင်ငံမှာ စိုက်ပျိုးရေးသွားလုပ်တယ်။

ဆိုလိုတဲ့ဟာက ဒါဟာတွေသေသေချာချာလေ့လာပြီးတော့ ကိုယ်နိုင်ငံထဲမှာ အလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်လာအောင် ကျွန်တော်တို့က တိုးမြှင့်ဖို့ မြှင့်တင်ဖို့လိုတယ်လို့မြင်တယ်။ ဥပမာအသားငါး ကဏ္ဍ ဆိုပါတော့ မြန်မာနိုင်ငံက ငါးနဲ့ရေထွက်ပစ္စည်းနဲ့ မြန်မာနိုင်ငံအလုပ်သမားနဲ့  ထိုင်းမှာသွားပြီးတော့ အလုပ်လုပ်နေတယ်။

ဒါဧရာမကျွန်တော်တို့ရဲ့ဝင်ငွေရနိုင်တဲ့ လုပ်ငန်းကြီး ကိုယ်နိုင်ငံမှာတင် ရေထွက်ပစ္စည်း ဆီသွပ်ဗူးအထိ ငါးအသားလုံးတို့ဘာတို့ အစရှိစသဖြင့်ပေါ့နော်။ ထွက်ကုန် အချောတွေအထိ ထုတ်နိုင်အောင် ရောင်းနိုင်အောင်လုပ်နိုင်တဲ့ ဒီမှာကျွန်တော်တို့ လုပ်ငန်းအခွင့်အလမ်းတွေ အများကြီးဖော်ထုတ်နိုင်တယ်။နောက်တစ်ခုကတော့ အခြေခံအဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းတွေ အများကြီး တိုးချဲ့ဖို့လိုသေးတယ်။

အဲဒီလိုလုပ်ငန်းတွေ ဆောက်လုပ်ရေးနဲ့ ပတ်သတ်တဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်တယ်။ပြောရင်တော့  စီးပွားရေးလို့ပြောရင် အင်မတန်ကျယ်ပြန့်ပါတယ်။ပြောရရရင်တော့ အခြေခံအကျဆုံးဖြစ်တဲ့ လျှပ်စစ်မှန်မှန်ကန်ကန်နဲ့ စဉ်ဆက်မပြတ် ပုံမှန်ရရှိနိုင်ဖို့ကိစ္စမျိုး နောက်တစ်ခါ ရင်းနှီးမြှပ်နှံပတ်သက်တဲ့ ဘဏ်စနစ်တွေ  အခုကိုဗစ်ကို အကြောင်းပြုပြီးတော့ အတိုးနူန်းလျှော့ချတာတွေဘာတွေ လုပ်တယ်ဆိုတော့ ဒီထက်မက ပြုပြင်ပြောင်းလဲဖို့ အများကြီးလိုတယ်။

ဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်ဖို့ဟာ ဆင်းရဲနွမ်းပါးမူလျော့ချနိုင်ဖို့ကိစ္စက နိုင်ငံရဲ့ တကယ်ဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်။ အဲဒါကြောင့် ပြည်သူ့ပါတီအနေနဲ့ကတော့ အလုပ်အကိုင်အခွင့်လမ်းဖန်တီးနိုင်ဖို့နဲ့ တစ်ဦးချင်းနေ့စဉ်ဝင်ငွေတိုးမြှင့်နိုင်ဖို့ ကိစ္စတွေက ကျွန်တော်တို့ရဲ့ ဦးစားပေးရည်ရွယ်ချက်လည်းဖြစ်ပါတယ်။

မေး။    ။ ပါတီအနေနဲ့ အနိုင်ရရှိသွားပြီဆိုလို့ရှိရင် လွှတ်တော်ထဲမှာနေရာရသွားပြီဆိုလိုရှိရင် ဘယ်ဥပဒေ ဘယ်ပုဒ်မကို အရင်ဆုံးပြင်မလဲ။

ဖြေ။    ။အဓိကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ခေါင်းစိုက်မှာပေါ့ ဒါအဓိက သူကတော့ အချုပ်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကတော့ မဖြစ်မနေဆောင်ရွက်ရမှာဖြစ်တယ်။အဲဒီလိုဆောင်ရွက်တဲ့နေရာမှာလည်းပဲ ကာလအကန့်လိုက် ပြင်ဆင်ဖို့လိုတယ်။ ဖြစ်ချင်တာတွေအားလုံး တစ်ထိုင်တည်းလုပ်ဖို့ဆိုတာက လက်တွေ့လုံးဝမဖြစ်နိုင်ဘူး။

အဲဒီတော့ ဘယ်ဟာတွေကို ဦးစားပေးပြင်ဆင်မလဲ တကယ်တကယ် တိုင်းရင်းသားဒေသတွေမှာလုပ်လာပိုင်ခွင့်တိုးမြှင့်ရရှိဖို့အတွက်နောက်တစ်ခုက ကိုယ်ဒေသမှာ ကိုယ်ဘာကိုယ့်ရပ်တည်နိုင်ဖို့ဆိုတာကည ဘတ်ဂျက် ခွဲဝေဖို့ကိစ္စပဲ အဲဒါမျိုးတွေက ကျွန်တော်တို့ အဓိက ဦးစားပေးဆောင်ရွက်လို့ရတယ်လို့ မြင်တယ်။နောက်တစ်ခုကတော့ ပညာရေး ကျန်းမာရေး  လျှပ်စစ် လမ်းတံတား ရင်းနှီးမြှပ်နှံမူ အစရှိတဲ့ ကိစ္စတွေဟာ ဖွဲ့စည်းပုံ မပြင်ဘဲနဲ့ လုပ်လို့ရတဲ့ကိစ္စတွေအများကြီးရှိတယ်။ အဲဒီလိုဟာမျိုးတွေကို ကျွန်တော်တို့က လက်တွေ့အကျိူးဖြစ်ထွန်းမယ့်ကိစ္စတွေကို ဦးစားပေးဆောင်ရွက်သင့်တယ်လို့မြင်ပါတယ်။

ဒါကြောင့်မို့လို တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့  မဟာမိတ်ဆွေးနွေးတဲ့ အခါမှာလည်းပဲ  ပထမအဆင့်က မူဝါဒဆိုင်ရာ မဟာမိတ် ဆွေးနွေးညှိနိူင်းမှုတွေလုပ်နေတာတွေရှိပါတယ်။ဒါကြောင့်ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးတည်ဆဲဥပေဒများကို ပြုပြင်ရေးကိစ္စဟာ ၇၅ကျော်စရာမလိုဘူး။ ၅၀ ရာခိုင်နူန်းကျော်နဲ့ လုပ်လို့ရတဲ့ ကိစ္စတွေ နယ်ပယ်တွေ အများကြီးရှိပါတယ်။ဒါကြောင့် နယ်ပယ်အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်ရေးအမြင်နဲ့ နောက်ပြီးတော့ တိုင်းရင်းသားတွေ လုပ်ပိုင်ခွင့် အခန်းကဏ္ဍတိုးမြှင့်ရရှိဖို့ကိစ္စတွေ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး   ။ရွေးကောက်ပွဲကာလရောက်လို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြည်သူလူထုကြားထဲကို ဆင်းတယ် မဲဆွယ်စည်းရုံးတယ်။ပြီးတော့ ရွေးကောက်ပွဲကတိကဝတ်တွေပြောတယ်ပေါ့နော်။ တကယ်တကယ်ရွေးကောက်ခံပြီးသွားတော့လွှတ်တော်ကိုယ်စားလှယ်ဘယ်ရောက်သွားမှန်းမသိဘူးပျောက်သွားတာတို့ မဖြစ်အောင် ဘယ်လိုလုပ်မလဲ။

 ဖြေ။    ။တစ်ခုကတော့ အခြေခံက မြို့နယ်ပါတီရုံးခွဲပေါ့။ မြို့နယ်ပါတီရုံးတွေက ရွေးကောက်ပွဲရှိမရှိ သူက မြို့နယ်နဲ့ ထိတွေဆက်စပ်မှုတွေအားကောင်းအောင်လုပ်ဖို့လိုမယ်။ သူတို့ကတစ်ဆင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကို  ဒီဒေသခံတွေသဘောထားနစ်နာမှုဆိုတာတွေကို တင်ပြနိုင်ဖို့ ဆွေးနွေးဖို့အတွက် မြို့နယ်ရုံးတွေ အသက်ဝင်ဖို့လိုတယ်။

ကျွန်တော်တို့ လိုတယ်။နောက် လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော်နားတာနဲ့ အခြေခံကို ပြန်သွားဖို့လိုတယ်။မဲဆန္ဒရှင်တွေထိတွေ့မှု  လွှတ်တော်အတွေအကြုံတွေရှင်းလင်းတာတွေ ဒီဒေသခံတွေရဲ့ အမြင်သဘောထားတွေ သူတို့ရဲ့ ပြောဆိုချက်တွေကို နားထောင်ဖို့လိုတယ်။ အခုက ကျွန်တော်တို့ နိုင်ငံရေးသမားဆိုရင် ယေဘုယျအားဖြင့်က ပြောမယ်ဆိုတာကြီးပဲ တကယ်က နားထောင်ဖို့လိုတယ်။

ဒါကြောင့် နားထောင်တဲ့အလေ့အကျင့်ကို ပြုစုပျိုးထောင်ဖို့လည်း ကျွန်တော်တို့ ပါတီဝင်တွေကို အတက်နိုင်ဆုံး တိုက်တွန်းအားပေးတာတွေလုပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း ငါးနှစ်တစ်ခါ ပေါ်လို့လာလို့တော့ မဖြစ်ဘူးပေါ့။ သူက ဒေသခံနဲ့ ထိတွေ့ဖို့ မြို့နယ်ပါတီရုံးတွေ တစ်ဆင့် ထိတွေ့တာရှိတယ်။သူကိုယ်တိုင်ထိတွေ့တာရှိတယ် အဲဒါတွေ ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်ဖို့ ကျွန်တော်တို့ကတော့ အမြဲတမ်းလည်းတိုက်တွန်းထားပါတယ်။

မေး။   ။လာမယ့်ရွေးကောက်ပွဲမှာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLDပါတီက  ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာနဲ့ အနိုင်ရဖို့ အလားအလာရှိလား။

ဖြေ။   ။ဒေါ်အောင်ဆန်းစုကြည်က ပြောကျဆိုလိုရှိရင် သူနောက်မှာလည်း သူလောက် လူထုထောက်ခံမှုရတဲ့ ခေါင်းဆောင်မျိုးပေါ်လာဖို့ဆိုတာလည်း မလွယ်ပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့က ဖြစ်စေချင်တာပေါ့ တကယ်ကို ဖြစ်စေချင်တဲ့ဇောနဲ့လည်း ပြောနေတာ တိုက်တွန်းနေတာ သူလက်ထက်မှာ မတော်မတရားဖြစ်နေတဲ့ ဥပဒေတွေ နောက်တစ်ခုကတော့ ခုကန နိုင်ငံရေးပါတီအချင်းချင်း တန်းတူညီတူ မဖြစ်တဲ့ ဥပဒေတွေကိုပြင်သွား ဖို့လို တယ်။

သူလက်ထက်မှာ အရင်လက်ထက်ကသုံးလို့ အခုလည်းသုံးလို့ ထားခဲ့ရင် သူမရှိရင် နောက်လူကလည်း အဲဒါတွေ ဆက်သုံးနေမယ် အဲဒါဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီအလားအလာအတွက် အင်မတန် အန္တရာယ်ရှိတယ်။ဒါကြောင့်မို့လို့ ကျွန်တော်တို့က လူပုဂ္ဂိုလ်ကျော်ကြားမှုဆိုတာက ဒါကဒေါ်အောင်ဆန်းစုကြည်မို့လို့ရတာလေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်ဖြစ်နေတာကိုရော ပြီးတော့လည်း ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေအားလုံးက ဒီစစ်အာဏာရှင်နဲ့ ရင်ဆိုင်ဖို့အတွက် တစ်ဦးခေါင်းဆောင်သဘောဖြစ်အောင်လို့  အားလုံးက ဝိုင်းပြီးပံ့ပိုးပေးထားတာ ပြည်တွင်းကရော ပြည်ပနိုင်ငံတကာအသီးသီးမှာရောက်နေတဲ့ ဒီမိုကရေစီအင်အားစုတွေအစ သက်ဆို င်ရာနိုင်ငံတွေမှာ လော်ဘီလုပ်တာပေါ့။

အကြီးအကျယ်တည်ဆောက်ထားတာ ဒါကြောင့်မို့လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောကျဆိုရင်တော့ ကျွန်တော်တို့ ဒီမိုကရေစီအရေးမှာ  တပ်ဦးသဘောမျိုး ဒါဟာ နှစ်ပေါင်း ၃၀ကျော်ကြာ အာလုံးက ဝိုင်းပြီးတည်ဆောက်ထားတာ သူကိုယ်တိုင်ကလည်း နေအိမ်အကျယ်ချုပ်ဘဝ အစရှိသဖြင့် သူ့ရဲ့ဆောင်ရွက်မူတွေ နစ်နာခံမှုတွေ  ရှိတဲ့အတွက်ကြောင့် အခုလိုမျိုး ပုဂ္ဂိုလ်ရေးသြဇာကြီးနေတာ  သို့သော် အဲဒါသည် ရေရှည်အတွက် မကောင်းဘူး။

ဘာကြောင့်လဲဆိုတော့ ရေရှည်ချန်ထားခဲ့ရမယ့်အမွေ အဲဒါကတော့ စနစ်ပေါ့ တကယ်စံပြုလောက်တဲ့ ပြုပြင်ပြောင်းလဲမူတွေ မူတွေချန်ထားခဲ့ဖို့လိုတယ်လို့ ကျွန်တော်တို့တွေက တိုက်တွန်းနေရတာဖြစ်ပါတယ်။

မေး။ ။ တပ်မတော်ကို ပါတီအနေနဲ့ ကာကွယ်ရေးအင်အားစု အနေနဲ့ သဘောထားလား ၊ နိုင်ငံရေးအင်အားစုအနေနဲ့ သဘောထားလား။

ဖြေ။ ။ ဒီမိုကရေစီစံအရကတော့ တပ်မတော်ဆိုတာ ကာကွယ်ရေးပဲ ။ သူ့ရဲ့လုပ်ငန်းက ဒါပဲ ။ သို့သော်ပကတိအခြေအနေအရကတော့ ၁၉၆၂ အာဏာသိမ်းပြီးကတည်းက တကယ့်တကယ်ပြောရရင် ၁၉၅၈ အိမ်စောင့်အစိုးရ လက်ထက်ကစပြီးတော့ နိုင်ငံရေးမှာပါလာခဲ့တာမှာ ပါဝင်တာတောင် မဟုတ်ဘူး ။ သူက ဦးဆောင်တာ ။

တစ်လျှောက်လုံးမှာလည်း ဟို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖွဲ့တော့ တပ်ကိုအခြေခံပြီးတော့ ဖွဲ့တာပဲ ။ အဲ့တာ ပြီးတော့ ဒီဘက် ၈၈ အာဏာသိမ်းတော့လည်း ဒီစစ်အစိုးရအဖြစ်နဲ့တောက်လျှောက်ဖြစ်ခဲ့တော့ သူကနိုင်ငံရေးဦးဆောင်မှု  အောက်မှာ တောက်လျှောက်ပါလာခဲ့တာဖြစ်တော့ အရှိတရားအရ သူဟာနိုင်ငံရေးအင်အားစုတစ်စိတ်တစ်ပိုင်းဖြစ်နေတယ် ။

ဆိုတော့ အဲ့ဒါသည် ၂၅ ရာခိုင်နှုန်းတို့ ဝန်ကြီး ၃ နေရာတို့ ဖြစ်နေတာဟာ နိုင်ငံရေး အုပ်ချုပ်ရေးထဲမှာ သူက တရားဝင်ဖြစ်အောင် တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် မူအားဖြင့် သူဟာ ကာကွယ်ရေးအင်အားစုပဲ ဖြစ်ရမယ် ။

သို့သော် ပကတိတရားအနေနဲ့ နိုင်ငံရေး အင်အားစု အစိတ်အပိုင်းဖြစ်နေတယ် ။ ဆိုတော့ ဒါကြောင့်ကျွန်တော်တို့က နိုင်ငံရေး ကိုစဉ်းစားတဲ့အခါမှာ မူဆိုတာက တစ်ချိန်မှာ မလွဲမသေ အဲ့ဒီအခြေအနေဖြစ်အောင် ကျွန်တော်တို့ သွားရမယ်ဆိုတဲ့ ဦးတည်ချက် သို့သော် လက်ရှိအခြေအနေ မှာတော့ လက်ရှိပကတိတရားကို ကျွန်တော်တို့က ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မလဲဆိုတာ ကို စီ မံခန့်ခွဲရတာ ဆုံးဖြတ်ရတာဟာ ဒါအနုပညာမြောက်တဲ့ နိုင်ငံရေးဖြစ်တယ် ။

ဒါကြောင့်ကျွန်တော်တို့က နှုန်းစံတန်ဘိုးတွေလည်း ဆုပ်ကိုင်ရင်း လက်တွေ့ရလဒ်ကောင်းထွက်တဲ့ အခြေအနေကိုဆောင်ရွက်ရတာဟာ တကယ့်နိုင်ငံရေးဖြစ်ပါတယ် ။

မေး။ ။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရွေးကောက်ပွဲ ကတိကဝတ်တွေထားတယ် ။ပါတီအနေနဲ့ကရော ရွေးကောက်ပွဲ ကတိကဝတ်ကို ဘယ်လိုမျိုးထားရှိလဲ ။

ဖြေ။ ။ ပါတီရဲ့မူဝါဒဆိုတာ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်ကိုတင်သလိုကျွန်တော်တို့ လည်းစာအုပ်ငယ်လေးအဖြစ်နဲ့ ကျွန်တော်တို့ပါတီဝင်တွေကို ဖြန့်ဝေထားပြီးဖြစ်ပါတယ် ။ အဲ့တော့ မူဝါဒရည်ရွယ်ချက်တွေကတော့ ကျွန်တော်တို့အရှည် သဖြင့်ပေါ့ ။ ရှိထားပြီးသားဖြစ်တယ် ။ သို့သော် ရွေးကောက်ပွဲကတိကဝတ်တို့ ရွေးကောက်ပွဲ ကြေငြာစာတမ်းတို့ဆိုတာ ဒါကတော့ လာမယ့် ရွေးကောက်ပွဲအတွက် ဦးတည်ပြီးတော့ ရွေးကောက် ပွဲ ၅ နှစ်ပေါ့ ။

လာမယ့် ၅ နှစ်အတောအတွင်းမှာ ဘာတွေဆောင်ရွက်မယ်ဆိုတဲ့ ကတိကဝတ်တွေဖြစ်ပါတယ် ။ အဲဒါကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ ကြေငြာစာတမ်းထုတ်ပြန်တဲ့ အခါကျရင် တရားဝင်အားလုံးထုတ်ပြန်သွားမှာဖြစ်ပါတယ် ။ အဲဒီတော့ ပြောနိုင်တာကတော့ ပါတီရဲ့ရည်ရွယ်ချက်တွေထဲမှာ အခြေခံမူတွေထဲမှာ တန်းတူခြင်း ၊ လွတ်လပ်ခြင်း ၊ တရားမျှတခြင်း ဆိုတဲ့ လောကပါလတရား ထွန်းကားဖို့ ၊ အဲ့တော့ လောကပါလတရားကို အဟန့်အတားဖြစ်နေတဲ့ အတားအဆီးတွေ ကျွန်တော်တို့ပြင်ဆင်ဖို့ ၊ ဖျက်သိမ်းဖို့လိုတယ် ။

ဒါတွေကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ် ။ ဒါကြောင့် ဒါဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ ဖယ်ဒရယ်နိုင်ငံတော်တည်ဆောက်ရေးတို့ဆိုတာ ကျွန်တော်တို့ရေရှည် ဆက်ဆောင်ရွက်သွားရမယ့် ကိစ္စတွေဖြစ်ပေမယ့် နိုင်ငံသားတစ်ဦးချင်းရဲ့ ဝင်ငွေတိုးတက်ရေး ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေဟာ ဒါပြည်သူတစ်ဦးချင်းအတွက် လက်တွေ့ တန်ဘိုးရှိတဲ့ ကိစ္စတွေကို ဦးစားပေးဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ် ။

မေး – အခုဒီလာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီကို မဲထည့်တဲ့ အခါမှာ ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရနိုင်မလဲ။

ဖြေ – အရင်ဆုံးကတော့ ကျွန်တော်တို့က မဲထည့်ဖြစ်အောင်ထည့်ပါ ။ အဲ့တာကတော့ ကျွန်တော်က ပြည်သူတိုင်းကို တစ်ဦးချင်းစီကို တိုက်တွန်းချင်တယ် ။ ကျွန်တော်ကြားနေရတာပေါ့ ။

ဆိုတော့ စိတ်ပျက်လက်ပျက် အသံတွေလည်း ကျွန်တော်တို့ အများကြီးကြားနေရတယ် ။ တော်ပါပြီကွာ မဲထည့်လည်းဘယ်သူနိုင်နိုင် မထူးပါဘူးဆိုတာမျိုးပေါ့ဗျာ ။ ထူးပါတယ် ။ အဲ့ဒါကို ကျွန်တော်က တကယ် အားပေးချင်တယ် ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီလိုမျိုးမဲပေးရွေးချယ်ခွင့်ရဖို့ဆိုတာ အသက်ပေါင်းများစွာ ၊ ဘဝပေါင်းများစွာ ပေးခဲ့ရတာ ။ ဒါကြောင့်မို့လို့ လွယ်လွယ်ကူကူနဲ့ ဒီမဲပေးခွင့်ရလာတာမဟုတ်ဘူး ။

ဒါကြောင့်မို့လို့ မဲပေးခွင့်ကိုတန်ဘိုးထားပြီးတော့ ဘယ်သူ့ကိုပေးမယ်ဆိုတာထက် ပထမအဆင့်က မဲပေးဖြစ်အောင်ပေးပါနော် ဒါလေးကျွန်တော်တိုက်တွန်းချင်တယ် ။ နောက်တစ်ခုကတော့ ဒီမိုကရေစီကိုယုံပါ ။ ကျွန်တော်တို့က ဒီမိုကရေစီကိုတောင်းဆိုတယ် ။ တန်ဘိုးထားတယ်ဆိုတာ ဥပမာအားဖြင့် အာဏာရှင်ပဲဖြစ်ဖြစ် သို့မဟုတ် ရွေးကောက်ပွဲတုန်းက မစားရဝမခန်းတွေပြောသွားလို့ မဲပေးခဲ့တယ်ပဲ ဆိုပါစို့ ။

ကျွန်တော်တို့နိုင်ငံမှ မဟုတ်ဘူး ။ ဘယ်နိုင်ငံဖြစ်ဖြစ် ဆိုတော့ ပြီးလည်းပြီးရော မကျေနပ်ဘူး ၊ မကြိုက်ဘူးဆိုရင် ပြုပြင်ပြောင်းလဲခွင့် အဲ့ဒါပြည်သူတွေလက်ထဲမှာရှိတယ် ။ ၅နှစ်မှာ တစ်ရက်ပဲရတဲ့အခွင့်အရေး နော် ။ အဲ့တော့ ကိုယ်မကြိုက်ဘူး စိတ်ပျက်နေတယ် အဲ့ဒါဆိုရင် ဒီ့ထက်ကောင်းတာတစ်ခုခုကို ထပ်ပြီးရွေးချယ်နိုင်တဲ့ ပြောင်းလဲနိုင်တဲ့ အခွင့်အလမ်း ပြည်သူတွေမှာရှိတယ် ။

ဒါကြောင့်မို့လို့ ပြီးပြီးရောမဲထည့်လိုက်တာတို့ ဒါမှမဟုတ်ရင်လည်း မပေးတော့ပါဘူးကွာဆိုတာကတော့ သေသေချာချာစဉ်းစား ပြီးတော့ မဲထည့်ခြင်းအားဖြင့် ရလဒ်ကိုပြောင်းပစ်နိုင်တယ် ။ ကိုယ့်မျှော်လင့်ချက်ကိုနောက်တစ်ကြိမ်ထပ်ပြီးတော့ တည်ဆောက်နိုင်တယ် ။ ဆိုတော့ ဒါကြောင့်မို့လို့ ဒီမိုကရေစီကိုယုံပါ ။

၅ နှစ်မှာ ၁ ရက်ပဲရတဲ့အခွင့်အရေးကို အဆုံးရှုံးမခံပါနဲ့ ကျွန်တော်တို့လက်ထဲမှာ ပြောင်းလဲနိုင်တဲ့ အခွင့်အာဏာဆိုတာ ဒီတစ်ကြိမ်ပဲရတာ ။ နောက်ထပ် ၅ နှစ်စောင့်ရမယ် ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က မဲပေးဖြစ်အောင်ပေးပါ ။ ငါတို့လက်နဲ့ ပြုပြင်ပြောင်းလဲနိုင်တယ် ရွေးချယ်နိုင်တယ်ဆိုတာကို ယုံယုံကြည်ကြည်နဲ့ ကျင့်သုံးပါလို့ ကျွန်တော်ပြောချင်ပါတယ် ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts