All News Local News

ဝန်ကြီးများ ဦးဆောင်သော ဖားကန့်မြေပြိုမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ပါ့မလား

ဝန်ကြီးများ ဦးဆောင်သော ဖားကန့်မြေပြိုမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ပါ့မလား

ရန်ကုန်၊ ဇူလိုင် ၉

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ဇူလိုင် ၂ရက်နေ့က ဖြစ်ပွားခဲ့သည့် မြေစာပုံပြိုကျမှုဖြစ်စဉ်ကြောင့် လူ ၁၇၄ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ လက်မှတ်ဖြင့် ဖွဲ့စည်းပေးခဲ့သည့် ကော်မရှင်အဖွဲ့တွင် ဝန်ကြီးများသာပါဝင်ပြီး ကျွမ်းကျင်ပညာရှင်များ ပါဝင်မှုမရှိသောကြောင့် မြေစာပုံပြိုကျရခြင်းအကြောင်းအရင်းနှင့် တာဝန်ရှိသူများအား မဖော်ထုတ်နိုင်မည်ကို စိုးရိမ်ကြောင်း Kachin Peace Network က ဒေါ်ခွန်ဂျာကပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၉ရက်နေ့တွင် Kachin Youth Movement ကဦးဆောင် စီစဉ်ပြုလုပ်သည့် “ကျောက်စိမ်းမြေသည် လူသေကွင်းဖြစ်နေပြီလား” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းြဖစ်သည်။

“ ကျွန်မအနေနဲ့ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ကို စပြီးတော့မှ ပါဝင်တဲ့သူတွေကို ဝေဖန်ရမယ်ဆိုရင် ဝန်ကြီးအဆင့်တွေဖြစ်နေတယ် အကုန်လုံးက ဝန်ကြီးအဆင့်ဖြစ်တဲ့အခါမှာ တကယ်တမ်းအောက်ခြေအဆင့်မှာရှိေနတဲ့ အရာတွေကို သူတို့ကိုယ်တိုင် သိကျွမ်းနားလည်ပါ့မလားပေါ့။ အဲတာကို ကျွန်မအနေနဲ့ စိုးရိမ်ပူပန်ပါတယ်။ နောက်ပြီးတော့ ဒီထဲမှာ ဘူမိဗေဒနဲ့ ပတ်သက်ပြီးတော့ မြေအနေထားနဲ့ ဘယ်လိုပုံစံမျိုးမှာ ဘယ်နေရာမှာ ဘယ်လိုလုပ်ရင် ဘယ်လိုပြိုနိုင်မယ်ဆိုတဲ့ ကဏ္ဍဖက်ကနေပြီးတော့မှ ကျွမ်းကျင်သူများက တကယ်တမ်းပါဝင်ပါသလား။ ဒီအဖွဲ့ထဲမှာ ဆပ်ကော်မတီဖွဲ့လားဆိုတာလည်း မတွေ့ရပြန်ဘူး။ ပြီးရင် နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့မှ အဟာတွေဆိုရင် အတိုင်းဆိုရင် ဘယ်လောက်အတိုင်းအတာထိ ဘယ်နှစ်နှစ်ထိပျက်စီးနိုင်မလဲ။ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည်ပြီးတော့ ပြုပြင်မွမ်းမံနိုင်မယ်ဆိုတဲ့အပိုင်း ကျွမ်းကျင်သူများလည်း မတွေ့ရပါဘူး။ နောက်တစ်ကတော့ လူမှုရေးကဏ္ဍကနေပြီးတော့မှ ကျွမ်းကျင်သူများပေါ့။ အဲတာလည်းမတွေ့ရဘူး။ တခြားသော ကဏ္ဍမျိုးစုံကနေပြီးတော့ ပါဝင်နိုင်တဲ့သူတွေ စီးပွားရေးအရသော်လည်းကောင်း ဒီလိုပြိုကျမှုတွေဟာ ငွေကြေးအားဖြင့် တန်ဖိုးဘယ်လောက်အတိုင်းထိ နစ်နာသွားတယ်။ လူ့အသက်တွေဟာ ဘယ်လောက်အတိုင်းအတာထိ နစ်နာသွားတယ်ဆိုတဲ့အရာတွေလည်းပဲ တွက်ချက်ဖော်ပြနိုင်တဲ့ ပညာရှင်တွေကော ပါရဲ့လားဆိုတာ ကျွန်မအနေနဲ့ သံသယဖြစ်မိပါတယ်ပေါ့။ အဲတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြောမယ်ဆိုရင်တော့ အကယ်၍များ ဒီဝန်ကြီးတွေဟာ သူ့ရဲ့ ဗျူရိုကရေစီဖြစ်တဲ့ အောက်ကဝန်ထမ်းတွေက ရေးတင်လိုက်တာကို လက်ခံပြီးတော့မှ အဲဒီအောက်ကနေ ကြောင်းပေးလိုက်တာနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံကပြောခဲ့တဲ့ တရားမဝင်လုပ်ငန်းမှာရှိနေတဲ့ လုပ်သားတွေဖြစ်တယ်လို့ ပြောတဲ့ခါကျ နှစ်ခုကို ပေါင်းစပ်ပြီးတော့ ကြောင်းရေးလိုက်တဲ့ record အတိုင်းအတာ တင်ရေးလိုက်မယ်ဆိုရင် အမှန်တကယ်ပြိုကျရတဲ့အကြောင်းအရင်းကို သူတို့ရှာဖွေတွေ့ရှိနိုင်ပါ့မလား။ အမှန်တကယ်တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကျွန်မအနေနဲ့ သံသယဖြစ်မိပြီးတော့မှ စိုးရိမ်ပူပန်မှုလည်းဖြစ်ပါတယ်” ဟု ဒေါ်ခွန်ဂျာကပြောဆိုသည်။

စုံစမ်းရေးအဖွဲ့ကို နိုင်ငံတော်သမ္မတက ဇူလိုင်လ ၃ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၃ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး မြေပြိုမှု ဖြစ်ပွားရခြင်းအကြောင်းအရင်း၊ ထိုဖြစ်စဉ်၌ တာဝန်ရှိသူများကို ဖော်ထုတ်ရေး၊ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ထောက်ပံ့ကူညီရေးနှင့် အလားတူဖြစ်စဉ်များ မဖြစ်ပွားရေး စသည့်အချက်များကိုလုပ်ဆောင်ရန် ကော်မရှင်သို့ တာဝန်ပေးကြောင်း နိုင်ငံတော်သမ္မတ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုမြေပြိုမှု ဖြစ်စဉ်တွင် သေဆုံးခဲ့သူများကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဝန်ကြီး ဦးအုန်းဝင်းက သေဆုံးသူများကို လောဘသားကောင်များဟု ပြောဆိုခဲ့ခြင်းအပေါ် မေတ္တာထားမှုနှင့် ကိုယ်ချင်းစာတရား မရှိသောပြောဆိုချက်ဖြစ်ကြောင်း ဖားကန့်ဒေသ အခြေစိုက် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးေဖာင်ဒေးရှင်းအဖွဲ့က ဒေါ်ကိုင်ရိန်းက ပြောဆိုသည်။

“ ကျွန်မတို့ဒီမြေပြိုမှုနဲ့ ပတ်သက်ပြီးတော့မှ လူရာချီသေဆုံးမှုနဲ့ပတ်သက်ပြီးမှ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုပြီးတော့ သမ္မတကဖွဲ့စည်းပေးပြီးတော့ ရောက်ခဲ့ပါတယ်။ ရောက်ခဲ့တယ်ဆိုတာ ရောက်ရုံပဲရောက်ခဲ့ပါတယ်။ ကျွန်မတို့လိုချင်တာဘာလဲ။ ဒီလိုမျိုးမိမိရဲ့ မိဘသားသမီးတွေအတွက်ကော ရှာဖွေကျွေးမွေးဖို့ရန်အတွက် ငါးပွက်ရာဆိုရင် ငါးရှာရမှာပဲ မှိုတွေပေါက်ရင် ကျွန်မတို့မှိုတွေခူးမှာပဲ သစ်သီးဟင်းရွက်ပေါရင် သစ်သီးဟင်းရွက် ခူးမှာပဲ ကျောက်စိမ်းပေါတဲ့ တူးဖော်ဖို့ အစဉ်ပြေတဲ့နေရာဆိုရင်လည်း အဆင်ပြေသလိုရှာဖွေ စားသောက်မှာပဲ ဒါဝမ်းစာအတွက်ပါ။ ဒီလောက်လူပေါင်း မြောက်များစွာသေဆုံးတဲ့အချိန်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်က လာရောက်တယ်။ လာရောက်တဲ့အခါမှာ ကျွန်မတို့က ဒီဥပဒေအရ လာရင်ခွင့်ပြုတယ်ဆိုတာ ကျွန်မတို့ နားမလည်းဘူး။ ဒါပေမယ့် ဒါဟာလူပေါင်း မြောက်များစွာ သေဆုံးနေတဲ့ အချိန်မှာ သူတို့အနေနဲ့ မေတ္တာစေတနာ မေတ္တာထားရှိမှုမရှိဘူး။ ကိုယ်ချင်းစာမှု မရှိဘဲနဲ့ သေဆုံးလူတွေဟာ လောဘသားကောင်တွေကြောင့်ပဲတည့် ပြောခဲ့ကျတယ်။ ဒီတော့ ဒီလိုမျိုးဖြစ်အောင် ဘယ်သူကလုပ်ခိုင်းတာလဲ။ ဒီလိုမျိုးဖြစ်သော လူအစုလိုက် အပြုံလိုက်သေဆုံးသွားအောင် ဘယ်သူ့ရဲ့ စီမံချက်လဲ။ ဘယ်သူ့မှာတာဝန်ရှိလဲ။ ဘယ်သူတွေရဲ့ စေညွှန်းချက်ကြောင့် ဘယ်သူတွေကလုပ်ကိုင်နေတာလဲ။ ကျွန်မတို့ ပြည်သူတွေ အင်မတန်မှ ခံစားရပါတယ်လို့ ဒါကို ကျွန်မတို့လုံးဝလက်မခံပါဘူး” ဟု ၎င်းကပြောဆိုသည်။

ထို နိုင်ငံတော်သမ္မတဖွဲ့စည်းပေးခဲ့သော အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တာဝန်ယူဆောင်ရွက်ပြီး၊ အတွင်းရေးမှူးအဖြစ် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးထွန်းဇော်နှင့် အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားေရး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ပါဝင်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts