Local News Peace political news

ဖားကန့်မြေပြိုမှု စုံစမ်းရေးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ပါဝင်မှု ကန့်ကွက်၊ ဦးသိန်းစိန်အစိုးရ အာဏာမစွန့်ခင် စစ်တပ်ပိုင် Myanmar Imperial Jade ကုမ္ပဏီကို ကျောက်စိမ်းလိုင်စင် ၃၆၁ ခု ပေးခဲ့

ဖားကန့်မြေပြိုမှု စုံစမ်းရေးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ပါဝင်မှု ကန့်ကွက်၊ ဦးသိန်းစိန်အစိုးရ အာဏာမစွန့်ခင် စစ်တပ်ပိုင် Myanmar Imperial Jade ကုမ္ပဏီကို ကျောက်စိမ်းလိုင်စင် ၃၆၁ ခု ပေးခဲ့

ရန်ကုန်၊ ဇူလိုင် ၆

ကချင်ပြည်နယ်၊ ဖားကန့်တွင် ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် လူ ၁၇၄ ဦးသေဆုံးစေခဲ့သော မြေပြိုမှုဖြစ်စဉ်ကို သမ္မတရုံးက စုံစမ်းစစ်ဆေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်၍ စစ်ဆေးလျက်ရှိရာ ယင်းအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ပါဝင်မှုကို ကန့်ကွက်ကြောင်း Justice for Myanmar အဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန် သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်၍ အဖွဲ့ဝင် စုစုပေါင်း ၆ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇူလိုင်လ ၃ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေခြင်းဖြစ်သည်။

Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ကျောက်စိမ်းစီးပွားရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်း၏ အဓိက ရှယ်ယာတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် အဖွဲ့ဝင် အဖြစ် ပါဝင်နေခြင်းသည် အကျိုးစီးပွား ပဋိပက္ခ ရှိနေသည့်အတွက် ကန့်ကွက်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ဖားကန့်ဖြစ်ရပ်ဆိုးအတွက် တာဝန်ရှိသူများကို တာဝန်ခံစေခြင်းနှင့် စစ်တပ်ကို စီးပွားရေးနယ်ပယ်မှ ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင်ပင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် စစ်တပ်ပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် တစ်ဦးချင်း အစုရှယ်ယာ အများဆုံးပိုင်ဆိုင်သူတစ်ဦးအပါအဝင်အဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များအားလုံး ပုဂ္ဂလိကပိုင်ဆိုင်မှုများ ကြေညာပေးရန်နှင့် ကျောက်စိမ်းလုပ်ငန်းနှင့်စီးပွားရေးဆက်စပ်မှု တစ်စုံတစ်ရာရှိပါက စုံစမ်းရေးအဖွဲ့မှ နုတ်ထွက်ပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီသည် အဓိက ကျောက်စိမ်းတူးဖော်ရေးလုပ်ဆောင်သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး EITI ၏ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်အစီရင်ခံစာအရ ဦးပိုင်၏ လက်ဝေခံကုမ္ပဏီ Myanmar Imperial Jade ကုမ္ပဏီက ကျောက်စိမ်းလိုင်စင် ၃၉၇ ခုကို ပိုင်ဆိုင်ပြီး လိုင်စင်အရေအတွက် အများဆုံး ပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်ကြောင်း၊ ယင်းလိုင်စင်အားလုံးသည် ဖားကန့်ဒေသအပါအဝင် ကချင်ပြည်နယ်အတွင်း လုပ်ကွက်လိုင်စင်များဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်သည် Myanmar Imperial Jade ကုမ္ပဏီမှတစ်ဆင့် အခြားသော ကျောက်စိမ်းကုမ္ပဏီခွဲများနှင့် KBZ Group အပါအဝင် ခရိုနီများကို လုပ်ပိုင်ခွင့်လိုင်စင်များ ဖန်တီးပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ NLD အစိုးရ အာဏာလွှဲပြောင်း မယူမီ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျောက်စိမ်းလိုင်စင် ၃၀၀ နှင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နောက်ထပ် ကျောက်စိမ်းလိုင်စင် ၆၁ ခုကို Myanmar Imperial Jade ကုမ္ပဏီကို ပေးအပ်ခဲ့ကြောင်း EITI ၏ အစီအရင်ခံကို ကိုးကား၍ Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

Justice for Myanmar အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ” ဖားကန့်မြေပြိုမှုဖြစ်ရပ်ဆိုးက ကျောက်စိမ်းလုပ်ငန်းအပါအဝင် အမြတ်အစွန်းကြီးတဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေမှာ အစစ်အဆေးမရှိဘဲ လုပ်ကိုင်နေတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းတွေ၊ ခရိုနီတွေနဲပ လက်နက်ကိုင်အုပ်စုတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်စွမ်းမရှိခဲ့တဲ့ မြန်မာပြည်ရဲ့ အမည်ခံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် မအောင်မြင်မှုကိုလည်း ပိုပြီး သက်သေခံနေပါတယ်” ဟု ပြောဆိုထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သော ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ပတ်သက်သော အချက်အလက်များကို မေးမြန်းရန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်များထံ ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသကဲ့သို့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် Myanmar Imperial Jade ကုမ္ပဏီ၏ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ခံ၍ ဖြေဆိုခြင်းမရှိပေ။

နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးထားသည့် ဖားကန့်မြေပြိုမှုဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မြေပြိုကျမှု ဖြစ်ပွားရသည် အကြောင်းအရင်း ကိုစုံစမ်း ရန် နှင့် မြေပြိုကျမှု ဖြစ်စဉ်တွင် တာဝန်ရှိသူ အဆင့်ဆင့် ရှာဖွေဖော်ထုတ် ရန်တာဝန် ပေးအပ်ထားကြောင်း အစိုးရ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

လုံးခင်း၊ ဖားကန့်ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဟု အမည်ပေးထားသော အဆိုပါ အဖွဲ့တွင် သယံဇာတ နှင့် ပတ်ဝန်းကျင်ထန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုး ထွဋ် ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လှည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် အပါအဝင် အဖွဲ့ဝင် ၆ ဦး ပါဝင်လျက်ရှိသည်။

ဓာတ်ပုံ-ဖားကန့်ဒေသမြေပြိုမှု နေရာသို့ ရောက်ရှိနေသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts