All News interview Peace

” လူအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ် စစ်ရာဇဝတ်မှုတွေရှိနေတယ်။ ပြည်သူတွေ ကိုယ်စားပြုတဲ့လူတွေမရှိတော့ဘူးဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်ရဲ ဇက်ရဲ ရာဇဝတ်မှုတွေ ကျုးလွန်လာနိုင်တာပေါ့”

” လူအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ် စစ်ရာဇဝတ်မှုတွေရှိနေတယ်။ ပြည်သူတွေ ကိုယ်စားပြုတဲ့လူတွေမရှိတော့ဘူးဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်ရဲ ဇက်ရဲ ရာဇဝတ်မှုတွေ ကျုးလွန်လာနိုင်တာပေါ့”

By ရန်ကုန်ခေတ်သစ်

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနှင့်ဆက်သွယ်မေးမြန်းချက်

ရခိုင်ဒေသအခြေအနေသည် တစ်နေ့ထက် တစ်နေ့ ဆိုးဝါးလာလျက်ရှိနေရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရခိုင်ပြည်နယ်မှာ စစ်ရှောင်ပြည်သူ ၂သိန်းကျော်လောက်ရှိနေပြီဆိုတော့ ဘယ်လောက်အထိ အခြေအနေတွေက ဆိုးနေလဲ

ဖြေ။ ။ တိုက်ပွဲတွေက နည်းနည်းပြင်းထန်လာတာပေါ့။ ကျယ်ပြန့်မှုလည်းရှိလာတော့ ဒုက္ခသည်တွေကများလာတယ်။ တစ်ဖက်မှာ တိုက်ပွဲမရှိတဲ့နေရာမှာလည်း လက်နက်ကြီးတွေ ကျတယ်ဆိုပြီးတော့ ဟိုဖက်ဒီဖက် စွပ်စွဲပြီးတော့ ရွာသားတွေ ပြေးကျတာလည်းရှိတယ်။ တိုက်ပွဲဖြစ်တဲ့ ဧရိယာထက် တပ်မတော် စစ်ဆင်ရေးလာတဲ့အခါမှာဖြစ်စေ ဖမ်းဆီးစစ်ဆေးတဲ့အခါမှာဖြစ်စေ လက်နက်ကြီးကျည် ကျရောက်တဲ့အခါမှာဖြစ်စေ အဲလိုတွေနဲ့ ရွာကို ပြစ်ပြီးတော့ ထွက်ပြေးသွားတဲ့သူတွေများပါတယ်။

ဆိုလိုတာက တိုက်ပွဲဖြစ်မှမဟုတ်ဘူး။ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်ကြောင့် ရွာသားတွေကြောက်လန့်ပြီးတော့ ထွက်ပြေးသွားကျတာတွေလည်း အများကြီးရှိတယ်။ အခုချိန်ထိ တစ်ဖက်နဲ့ တစ်ဖက်ကလည်း တိုက်ပွဲတွေက မရပ်စဲဘူးဆိုတော့ ဒီပေါ်မှာ နောက်ထပ် ဖြစ်လာစရာတွေ အများကြီးရှိမှာပေါ့။ တိုက်ပွဲတွေက တောထဲမှာ ဖြစ်နေတာ မဟုတ်တော့ဘူး။ မြို့နားရွာနားမှာ တစ်ဖက်ကလည်း အင်နဲ့အားနဲ့ တိုက်လာတဲ့အခါမှာ အဝေးပြေးလမ်းမပေါ် မြို့နား ရွာနား အဲဒီထိရောက်လာတာပေါ့။ ရောက်လာတဲ့အခါမှာ တပ်မတော်ဖက်ကလည်း ဒါက လူထုတွေထောက်ခံတယ်။

လူထုတွေပါဝင်တယ်ဆိုပြီးတော့ စစ်ဆေးဖော်ထုတ်တာတွေ လုပ်တဲ့အခါမှာ မှားတာလည်းရှိမယ် မှန်တာလည်းရှိမှာပေါ့။ ရွာသားတွေက အဲပေါ်မှာ စိုးရိမ်ကြောက်ရွံ့တယ်။ တချို့လည်း မတော်မတရားခံရတယ်ဆိုပြီးတော့ ပြောကျတာတွေရှိတာပေါ့။ အဓိက အဲလို တိုက်ပွဲတွေပြင်းထန်နေတဲ့ အကျိုးဆက်တွေကြောင့် စစ်ဆေးမှုတွေလည်း ပြင်းထန်လာတယ်။ အဲခါမှာ ရွာသားတွေက ကြောက်ပြီးတော့ စစ်ရှောင်စခန်းတွေကို ရောက်သွားကျတာများတယ်။ ကိုယ့်နေရာမှာ မနေရဲတော့ဘူး။ မိုင်းတွေကွဲတယ်။ လက်နက်ကြီးတွေကျတယ်။ စစ်ဆင်ရေးတွေ ရွာထဲကိုလာပြီးတော့ စစ်ဆေးတယ်။ အဲလိုအခြေအနေမျိုးကြောင့် ရွာသားတွေဟာ ကိုယ့်ရွာမှာနေရမှာကို မလုံခြုံတော့သလို ခံစားရတာပေါ့။

ပြီးတော့လည်း မိုးတွင်းကာလကလည်း လယ်ထွန်းရမယ့် အခြေအနေမျိုးမှာ လယ်ကွင်းထဲကို စပါးတွေမစိုက်နိုင်ဘဲနဲ့ ကိုယ့်ဒေသ ကိုယ့်အိုးအိမ်တွေကို စွန့်ခွာပြီးတော့ စစ်ရှောင်စခန်းတွေအရောက်များလာတယ်။ အဓိကကတော့ တိုက်ပွဲတွေကို မရပ်စဲနိုင်လို့ပေါ့။ တိုက်ပွဲတွေကို မရပ်စဲနိုင်တာဟာ တစ်ဖက်နဲ့တစ်ဖက် အနိုင်တိုက်ဖို့ပဲ စဉ်းစားနေကျတယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းကို ရောက်အောင် တွန်းတွန်းတိုက်တိုက်မရှိဘူးပေါ့။ အထူးသဖြင့် အစိုးရအနေနဲ့ ဖိတ်ခေါ်တာတွေ ကမ်းလှမ်းတာတွေ မရှိတဲ့အခါမှာ တစ်ဖက်ကလည်းပဲ ကြေညာချက်ထုတ်ရုံပဲထုတ်နိုင်တယ်။

တကယ့်လက်တွေ့ မြေပြင် အနေအထားမှာလည်း သူ့ပိုင်နက် ကိုယ့်ပိုင်နက် နယ်မြေက ပိုင်းခြားမှုမရှိတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာတာပေါ့။ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာတော့ တောထဲမှာ မဟုတ်ဘဲ အဝေးပြေးလမ်းမပေါ်မှာဖြစ်တော့ ရွာတွေက အဲလမ်းမပေါ်မှာ ခတ်စိတ်စိတ်ရှိနေတယ်။ တစ်ရွာမှာတစ်ခုခုဖြစ်ပြီဆို အနီးနားရွာတွေကို အကုန်ပြေး အဲလိုဖြစ်ကုန်တာပေါ့။ အဲတာကြောင့် ကျွန်တော်တို့ကတော့ အမြဲတမ်းပြောပါတယ်။ ဆွေးနွေးကျပါ ဒါစားပွဲပေါ်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ရှင်းကျပါဆိုပေမယ့် အခုထက်ထိ အဲဖက်ကို မရောက်ဘူးပေါ့။ စစ်ရေးနည်းနဲ့ပဲ ရှင်းနေကျတဲ့အခါမှာ ဒီလိုအကျိုးဆက်တွေဖြစ်လာတာပေါ့။

မေး။ ။ ရခိုင်ပြည်နယ်မှာ မြောက်ပိုင်းလောက်ပဲ တိုက်ပွဲ ထိတွေ့မှုက ရှိတာမဟုတ်ဘူးလား။ အခုတိုက်ပွဲထိတွေ့မှုတွေက ဘယ်လောက်အတိုင်းအတာထိကျယ်ပြန့်လာလဲ။

ဖြေ။ ။ မြောက်ပိုင်းမှာကျတော့ တိုက်မယ်ဆို နေ့တိုင်းတိုက်လို့ရမယ့် အနေအထားမျိုးဖြစ်သွားပြီပေါ့။ ဘာလို့လဲဆိုတော့ တစ်ဖက်နဲ့တစ်ဖက် တော်တော်ကို နီးနီးကပ်ကပ် တပ်တွေတည်ရှိနေတယ်။ တပ်တွေကလည်း မြို့နဲ့ ခက်လှမ်းလှမ်းသွားမယ်ဆိုရင် ဟိုဖက်က တိုက်ကွက်ဖော်လို့ရတဲ့ အနေအထားမျိုးဖြစ်နေပြီ။ တကယ်တမ်းသာ ဒီဖက်က စစ်ဆင်ရေးလုပ်မယ်။
ဟိုဖက်ကလည်း တန်ပြန်ခုခံမယ်ဆိုရင်တော့ နေ့တိုင်းဖြစ်မှာပါ။ ဒါပေမယ့် နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်းရှိတယ်လို့ ကျွန်တော်မြင်တာပေါ့။ တကယ်လို့သာ နှစ်ဖက်စလုံးက ပြဿနာရှာမယ်ဆိုရင်တော့ ရှာလို့ရတယ်။ အလယ်ပိုင်း အမ်းဆိုရင် နပခဌာနချုပ်ပေါ့။ အဲနေရာလည်းရောက်လာတယ်။ ဘာမှမဆိုင်တဲ့ ကျောက်ဖြူတို့ ရမ်းဗြဲတို့လည်းရောက်လာတယ်။ အဲမှာကျတော့ စစ်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တာမဟုတ်ဘူး။

ဒါပေမယ့် သူတို့အနေနဲ့က AA ကိုထောက်ခံတဲ့သူတွေဆိုပြီးတော့ ဖော်ထုတ်တယ်။ တပ်မတော်က တရားစွဲဆိုတယ်။ အဲတာမျိုးပေါ့။ တခါတခါ ကြိုကျားကြိုကျား အဲလိကြAmbush လုပ်တာတွေရှိတယ်လို့ ပြောတယ်ပေါ့။ တောင်ပိုင်းကတော့ တောင်ကုတ်ဘက်ကို ရောက်လာပြီဆိုတော့ တောင်ပိုင်းဖက်ကို ပိုပိုပြီးတော့ စစ်ရေး ပဋိပက္ခတွေ တိုက်ပွဲတွေ မဟုတ်ရင်တောင်မှ စစ်ရေးနဲ့ဆိုင်တဲ့ ပဋိပက္ခ တောင်ပိုင်းဘက်ကို တဖြေးဖြေးရောက်လာပြီလို့ ပြောလို့ရတာပေါ့။

စစ်ရဲ့ ဧရိယာက ကျယ်ပြန့်လာတဲ့ သဘောတော့ရှိတယ်။ ဒါပေမယ့် အဲဖက်မှာကျတော့လည်း တိုက်ပွဲကြီးတော့ မရှိပါဘူး။

မေး။ ။ ဒီလိုတိုက်ပွဲတွေ ကျယ်ပြန့်လာတော့ ရခိုင်ပြည်သူလူထုတွေရဲ့ စိုးရိမ်မှုအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ လူထုအသံကတော့ တိုက်ပွဲရဲ့ အနိဌာရုံတွေကို နေ့တိုင်းခံစားနေရတာပဲလေ။ အများကြီး ကြောက်နေကျတာပေါ့။ တိုက်ပွဲဖြစ်လာမှာကို ကြောက်နေတယ်။ စစ်သားမြင်ရင်ကြောက်တယ်။ စစ်ဆင်ရေးတွေလာရင် သူတို့ ဒုက္ခရောက်တော့မှာပဲဆိုတာသိတယ်။ တချို့နေရာတွေမှာဆိုရင် တပ်မတော်ကနေပြီးတော့ ရိက္ခာဖြတ်ထားတာတွေရှိတယ်။

ဥပမာ ဒလတ်ချောင်းတို့ ရိုးချောင်းတို့ အဲမှာ ဒလတ်ချောင်းမှာဆိုရင် ရွာ ၄ဝလောက်ရှိတယ်။ ဒါပေမယ့် အကုန်လုံးကို ရိက္ခာဖြတ်ထားတော့ အဲဒီမှာ နေလို့မရတော့ဘူး။ ရိက္ခာရှိတဲ့ အောက်ခွင်ကို ဆင်းလာကျတဲ့သဘောမျိုးရှိတယ်။ အကုန်ပိတ်ထားတာပေါ့။ ရိုးချောင်းလည်း အဲလိုပဲ တချို့ရွာတွေဆိုရင်လည်း နည်းနည်းပါးပါး ဆန်လေး ၁ ပြည် ၂ ပြည်လောက်ပဲ ယူခွင့်ရှိတယ်။ အဲလိုပုံစံမျိုးဖြစ်နေတော့ သိပ်ပြီးတော့ နေလို့မရတော့ဘူး။

တောတွေတောင်တွေဝင်ရင်လည်း မိုင်းကွဲမှာဆိုးရတယ်။ ဟိုဖက်ဒီဖက် တလျှိုဆိုပြီး ဖမ်းဆီးသတ်မှာလည်း စိုးရတဲ့အတွက်ကြောင့် ရွာသားတွေကတော့ ကြောက်စိတ်နဲ့ပဲ နေ့တိုင်းပူပန်သောကရောက်နေကျတာပေါ့။ စာလည်းမသင်နိုင်တော့ဘူးလေ။ အဓိကကတော့ သူတို့အသက်အိုးအိမ် လုံခြုံဖို့အတွက်ပဲ စဉ်းစားနေရတာပေါ့။

ဒါကြောင့်လည်းပဲ ကိုယ့်ဒေသတွေကို စွန့်ခွာပြီးတော့ ပြေးရတယ်။ ရွာသားတွေစိတ်ထဲမှာတော့ ဘယ်လိုမှ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတော့ဘူး။ သူတို့ဟာ နှစ်ဖက်ကြားမှာ တစ်နေ့နေ့ ဒုက္ခရောက်တော့မယ်။ သေရတော့မယ် ကြေရတော့မယ် မိမိတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်းတွေ ဆုံရှုံးတော့မယ်။ အဲပူပင်သောကကတော့ နေ့တိုင်းလိုဖြစ်နေတာ တကယ်တော့ တိုက်ပွဲနဲ့ ထိတွေ့တဲ့ နေရာတိုင်းမှာ အဲလိုဖြစ်လာတဲ့ အခါမှာကျတော့ ရခိုင်ပြည် ၃ပုံ ၂ပုံလောက်က စစ်ဘေးစစ်ဒဏ် ခံစားနေရတာပေါ့။

ဒါကြောင့် လူထုရဲ့ စိုးရိမ်ပူပန်မှုကတော့ ထိပ်ဆုံးကိုရောက်နေပြီ ဒါပေမယ့် အဖြေကတော့ ယနေ့ထိရှာမတွေ့သေးဘူးပေါ့။

မေး။ ။ ရခိုင်ပြည်နယ် အလားအလာက ဒီတိုင်းသာ ဆက်သွားနေရင် ဘာတွေရှေ့ဆက်ဖြစ်မလဲ။

ဖြေ။ ။ ဒီဆွေးနွေးပွဲတွေ လမ်းကြောင်းကို မရောက်ဘူးဆိုရင်တော့ ဒီထက် စစ်ပွဲတွေက ပြင်းထန်လာအုန်းမယ်။ နှစ်ဖက် အသေအကြေ ထိခိုက်မှုကလည်း ဒီထက်ပိုများလာဦးမယ်။ အဲလိုများလာတာနဲ့ အမျှ ရခိုင်ပြည်နယ်ထဲမှာ ရာဇဝတ်မှုတွေ စစ်ရာဇဝတ်မှုတွေအထိ ဖြစ်လာနိုင်တယ်။ ဒီတော့ တရားဥပဒေစိုးမိုးမှု လုံးဝအားနည်းသွားနိုင်တယ်။
အဲလိုအချိန်အခါမျိုးမှာ တချို့ မသမာသူတွေကလည်း နာမည်တတ်ပြီးတော့ တောကြောင်တွေဆိုပါတော့ သူတို့ကလည်း နာမည်တတ်ပြီးတော့ ဟိုဖက်အဖွဲ့အစည်းကလိုလို ဒီဖက်အဖွဲ့အစည်းကလိုလို အဲလိုဝင်ပြီးတော့ လုပ်ကြံတာတွေ သတ်ဖြတ်တာတွေလည်း ရှိလာနိုင်တယ်ပေါ့။ ရှိလည်းရှိခဲ့ပါတယ်။ အဲလိုကြောင့် ရခိုင်တစ်ပြည်နယ်လုံးဟာ ဒီတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ တော်တော်ကို တရားဥပဒေစိုးမိုးမှု အားနည်းပြီးတော့ တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်လည်း ဒီအကျိုးဆက်တွေက ရှေ့ကို မိုးအကုန်လောက် နွေအကူးလောက်မှာ တကယ်လို့သာ ငြိမ်းချမ်းရေးမရဘူးဆိုရင် တစ်ဖက်နဲ့တစ်ဖက် အင်နဲ့အားနဲ့ တိုက်ပွဲတွေဖြစ်လာနိုင်တယ်။

လူထုတွေလည်း မြေဇာပင်ဖြစ်နိုင်တာပေါ့။ ကျွန်တော်တို့ကတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မသိဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးမရဘူးဆိုရင်တော့ ဒီထက်ပြင်းထန်လာတဲ့ အကျိုးဆက်တွေ ခံစားရမယ်ဆိုတာတော့ ကျွန်တော်တို့ နားလည်တယ်။

မေး။ ။ ၂ဝ၂ဝ ရွေးကောက်ပွဲက ရခိုင်ပြည်နယ်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်မဖြစ်ဆိုတာထက် ဒီနိုင်ငံတော်အစိုးရက မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြို့နယ်၊တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပပေးမလား။ မကျင်းပပေးဘူးလားဆိုတဲ့ ပထမဆုံး တွက်ချက်နေရတာပေါ့နော်။

ရွေးကောက်ပွဲကော်မရှင်က ဘယ်နေ့များ ဘယ်မြို့နယ် ဘယ်မြို့နယ်တွေကို ဒါရွေးကာက်ပွဲမလုပ်ဘူးလို့ ကြေညာလာမလဲ။ အဲဒါကို ပထမဆုံး စဉ်စားနေရပါတယ်။ ရွေးကောက်ပွဲနှင့် ပတ်သတ်လို့တော့ ဟုတ်တယ် နယ်တွေမှာ တရားဥပဒေစိုးမိုးမှုအားနည်းသွားတယ်။ ဒါပေမယ့် အဲဒီ ရွေးကောက်ပွဲအပေါ်မှာ တပ်မတော်ကဖြစ်ဖြစ် ဟိုဖက်က AAတပ်တော်ဘက်ဖြစ်ဖြစ် ဘယ်ပါတီကို မဲပေးရမယ် ဘယ်သူကိုထောက်ခံရမယ်ဆိုတဲ့ ပုံစံမျိုးတော့ ဖိအားပေးပြောဆိုတာတွေတော့ ကျွန်တော်တို့ မကြားမိသေးဘူး။

လူထုကတော့ အဲဒီအပေါ်မှာ ဘယ်ပါတီကိုမဆို သူတို့ကြိုက်တဲ့ ပါတီကို လွတ်လွတ်လပ်လပ် မဲပေးမှာပါ။ ဟိုဖက်ကလည်းပဲ ရခိုင်တပ်တော်ဘက်လည်းပဲ ရွေးကောက်ပွဲကို သူတို့ ကြိုဆိုတယ်။

သူတို့အနှောက်အယှက်မပေးဘူးဆိုတာ ပြောထားပြီးသားဖြစ်တယ်။ ဆိုတော့ တပ်မတော်ဘက်ကလည်းပဲ ဒီလိုပဲ သဘောထား ရှိလိမ့်မယ်။ ဒါကြောင့် ပြည်သူတွေကတော့ ရွေးကောက်ပွဲကို ဘယ်ဘက်က မဲပေးပါလို့ မပေးပါနဲ့ဆိုတဲ့ပုံစံမျိုး ဖိအားမပေးတဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ်ပဲသူတို့ ပေးကြပါလိမ့်မယ်။

ဒါပေမယ့် ရှိတာက ပြည်သူတွေကစစ်ရေးနဲ့ပဲ ဒုက္ခသည်ကိစ္စတွေ စစ်ရေးနဲ့ပဲ စိုးရိမ်ကြောင့်ကျမှုတွေ လောလောဆယ်မှာ သူတို့ဟာ မဲပေးဖို့နည်းနည်း စိတ်ဝင်စားမှုအားနည်းနေတာပေါ့နော်။ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပေါ်မှာ ဒါက ပြည်သူတွေက ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီးတော့ဘယ်နေ့ ဘယ်အချိန် ကျင်းပမယ်။ ငါတို့က ဘာကြောင့်မဲပေးရမယ်။ ဘယ်သူတွေကိုပေးရမယ်ဆိုရင်တောင်မှ သူတို့မှာ အဲဒီလို သိခွင့်မကြုံဘူးပေါ့။

ပါတီတွေကလည်း COIVDE -19 နဲ့ပတ်သက်လို့ မဲဆွယ်စည်းရုံးတာတွေ လုပ်ဖို့ အခက်အခဲရှိတဲ့ကာလမျိုးမှာ အင်တာနက်ပိတ်ထားတဲ့အတွက် ရွေးကောက်ပွဲနှင့် ပတ်သတ်ပြီးတော့ ပိုပြီးတော့ သိရှိမှုတွေအားနည်းသွားတာပေါ့။ ဒါကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမူကို အားနည်းသွားတယ်။ အင်တာနက်ဖြတ်တောက်ထားတာရယ်။ စစ်ပွဲတွေကြောင့်ရယ်။ ဒုက္ခသည်ဖြစ်နေရတဲ့ အကြောင်းရင်းကြောင့် လူ ၁ဝဝမှာ ငါးဆယ်ရာခိုင်နှုန်းလောက်တောင်လျှော့နိုင်တယ်ပေါ့။

မဲပေးဖို့ ဆန္ဒရှိမယ့်လူတွေ အဲဒါကြောင့် ကျွန်တော်တို့ကတော့ ခြုံပြီးပြောရရင် မဲမပေးပါနဲ့ မဲပေးပါ ဟိုလူကို ပေးပါ ဒီပါတီကိုပေးပါလို့ ဘယ်ဘက်ကမှ ဖိအားပေးတာမရှိဘူး။ ဒါကြောင့် အဲဒီအပေါ်မှာတော့ မစိုးရိမ်ဘူး။ ဥပဒေစိုးမိုးမှုအားနည်းတဲ့အခါမှာ မဲမသာမာမှုတွေဖြစ်လာမလား။ တချို့ကများ မဲတွေကို မသမာတဲ့နည်းနဲ့ ရအောင် ကြိုစားကြမလားဆိုတဲ့ ပုံစံမျိုးတော့ စဉ်စားလို့ရတာပေါ့။ ဒါပေမယ့် ပြည်သူအများစုကတော့ မဲပေးဖို့ကို သိပ်ပြီးတော့ စိတ်ထဲမှာ အာရုံမရောက်ဘူး။ သူတို့ စိတ်သိပ်မဝင်စားဘူးပေါ့နော်။ အဲဒီလိုမျိုးရှိတယ်။

ဒါပေမယ့် သုံးလတာလောက်ရှိသေးတော့ တဖြည်းဖြည်း အင်တာနက်လိုင်းတွေသာဖွင့်ပေးမယ်ဆိုရင် လူတိုင်းက ဖုန်းနဲ့ ဒါတွေကို ကြည့်နိုင်မြင်နိုင်တယ်ဆိုတော့ အဲဒီလို အခြေအနေတစ်ခု ဖန်တီးပေးရင်တော့ ဒါပြည်သူလူထုတွေပိုပြီးတော့ စိတ်ဝင်စားလာကြမှာပေါ့။

မေး။ ။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမလုပ်ဖြစ်ရင် ပြည်သူ့ကိုယ်စားလှယ်တွေ မရှိတော့ ရခိုင်ပြည်နယ် အခြေအနေက ဘာဖြစ်သွားနိုင်မလဲ။

ဖြေ။ ။ ပထမဆုံးတော့ ရွေးကောက်ပွဲကော်မရှင်ပေါ့နော်။ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအတွက်သူတို့က ဒိုင်လူကြီးအနေနဲ့ ကျင်းပရတဲ့အဖွဲ့အစည်းပဲလေ။ တကယ်တမ်း ရွေးကောက်ပွဲကို ကျင်းပမယ် မကျင်းပမယ်ဆိုတာက အစိုးရရဲ့ စိတ်ဆန္ဒအပေါ်မှာ မူတည်ပါတယ်။
အစိုးရအနေနဲ့လည်းပဲ အခုပါတီထဲက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်နေတဲ့ကာလမှာ ပါတီတွေလည်းတော်တော်အလုပ်များတယ်။ ငွေကုန်ကြေးကျလည်းရှိတယ်။ အဲဒီကာလမျိုးထိ သူတို့က ရွေးကောက်ပွဲ ဘယ်မြို့နယ်မှာမလုပ်ဘူး။ ဘယ်မြို့နယ်မှာ လုပ်မယ်ဆိုတာ မကြေညာသေးဘူး။ ဒါကြောင့် ပါတီတွေကလည်း အသင့်ပြင်ထားတဲ့ အနေအထားရှိတယ်။

သူတို့ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေကို မှန်ကန်ကန်ရနိုင်ဖို့ သူတို့ အလုပ်များနေကြတယ်။ ငွေကုန်ကြေးကျလည်းရှိတယ်။ ပြီးတော့ အခု ကော်မရှင်ကလည်း လျှောက်လွှာတွေကို ခေါ်နေပြီပေါ့။ အဲဒီအချိန်ထိလည်း ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်က ဘာမှမပြောသေးဘူး။ ဒီမှာလည်း ငွေကုန်ကြေးကျတွေရှိတယ်။ ဒီလို အာမခံကြေးသွင်းရတာတို့ ဘာတို့ရှိတာကို အခုချိန်ထိလည်း မကြေညာသေးဘူး။

ရွေးကောက်ပွဲနီးခါမှ လုပ်လိုက်မယ်ဆိုရင်တော့ ဒါက မဖြစ်သင့်ဘူးပေါ့။ မလုပ်နိုင်ဘူးဆိုရင်လည်း အခုတည်းကပြောရင် ပိုကောင်းတာပေါ့။ ဘာလို့ဆိုတော့ အခုကတည်းက ရခိုင်ပြည်နယ်အခြေအနေကို သိတာပဲလေ။ နောက်တစ်လလောက်ကြာမှ ပိုသိမှာမဟုတ်ဘူး။ အခုတည်းက လုပ်နိုင်တယ် မလုပ်နိုင်တယ်ဆိုတာ သူတို့ ဆုံးဖြတ်လို့ရပါတယ်။

ဒါကြောင့် ပထမဆုံးကတော့ ရွေးကောက်ပွဲ အစိုးရအနေနဲ့ ဒါကို လုပ်မယ်ဆိုရင်လည်း လုပ်မယ်။ ဘယ်လိုစိန်ခေါ်မှုတွေရှိရှိ ငါတို့လုပ်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ ဘယ်မြို့နယ်မှ ငါတို့အပျက်မခံဘူးဆိုတဲ့ ဟာမျိုးတော့ ဒီဖက်က ပြည်သူတွေသိအောင် ပါတီတွေသိအောင် ပထမဆုံး ကြေညာသင့်တယ်။ အချိန်မှီပေါ့။ ဒုတိယတစ်ချက်က တကယ်လို့ ရွေးကောက်ပွဲမရှိဘူးဆိုရင် ဘာဖြစ်လာမလဲဆိုတော့ ရွေးကောက်ပွဲမရှိဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုတဲ့ ပြောနိုင်ဆိုနိုင် လက်မှတ်ရထားတဲ့ ပုဂ္ဂိုလ်တွေမရှိတော့ဘူးပေါ့။

ဒီတော့က ဒီနေရာမျိုး နှစ်ဖက်စစ်ဖြစ်နေတဲ့နေရာမျိုးမှာ အဲဒီလိုပုဂ္ဂိုလ်တွေ မရှိဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေမရှိဘူးဆိုရင် နဂိုတည်းထဲက သတင်းအမှောင်ချခံထားရတယ်။ လူအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ် စစ်ရာဇဝတ်မှုတွေရှိနေတယ်။

ပြောမယ့်ဆိုမယ့် နည်းနည်းပါးပါး ထိန်သိမ်းမယ့်သူ အဟန့်အတားလေးတောင်မှ ပြောနိုင်ဆိုနိုင်တဲ့လူတွေ မရှိဘူးတော့ဘူး ပြည်သူတွေ ကိုယ်စားပြုတဲ့လူတွေမရှိတော့ဘူးဆိုရင် အဲဒါနှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်ရဲ ဇက်ရဲ ရာဇဝတ်မှုတွေ ကျုးလွန်လာနိုင်တာပေါ့။

ဒါဟိုဖက်ဒီဖက်မပြောပါဘူး။ ဘယ်အဖွဲ့ပဲဖြစ်စေ အဲဒီလို အဟန့်အတားလေးတောင်မရှိနိုင်ဖူးဆိုရင်တော့ အဲဒါဖြစ်လာနိုင်တာပေါ့နော် ပိုပိုပြီးတော့ စိုးလာနိုင်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲတွေရှိမှပဲ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုယ်စားလှယ်တွေရှိလာမယ်။

ပြည်သူတွေကို ကိုယ်စားပြုပြီးတော့ ပြောနိုင်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှိလာမယ်။ အဲဒါကြောင့် ပြည်သူကတော့ နည်းနည်းပါးပါးခံသာမှာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်သင့်တယ် လုပ်ဖို့လည်းလိုအပ်တယ်။ ဒီသတင်းအမှောင် ချထားတဲ့ဒေသ တစ်ခုမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အသံလောက်တောင်မှ ကြားခွင့်မရဘူး။ ကမ္ဘာက သိခွင့်မရဘူးဆိုရင်တော့ ဒီဒေသရဲ့ အခြေအနေက ပိုပိုဆိုးလာတော့မယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲက ကျင်းပလို့ရတဲ့ စိတ်ချရတဲ့ အနေအထားရှိလား။

ဖြေ။ ။ ကျွန်တော်တို့ မြို့နယ် တစ်မြို့နယ်နဲ့ တစ်မြို့နယ်တော့ မတူဘူးပေါ့နော်။ တချို့ မြို့နယ်တွေက တိုက်ပွဲတွေ ပြင်းထန်တယ် မကြာခဏဖြစ်တယ်။ ဧရိယာအားဖြင့်လည်း နည်းနည်းကျယ်ကျယ်ပြန့်ပြန့်ဖြစ်တယ်ပေါ့။ တစ်ချို့မြို့နယ်ကတော့ တခါတလေပဲဖြစ်တယ်။

ဧရိယာလည်း သိပ်မကျယ်ပြန့်ဘူးပေါ့။ တစ်မြို့နယ်နဲ့ တစ်မြို့နယ်တော့ အခြေအနေမတူညီပါဘူး။ ဒါပေမယ့် လုပ်မယ်ဆိုရင် အကုန်လုံး ရာနှုန်းပြည့် လုပ်နိုင်မှ လုပ်မယ်ဆိုရင်တော့ ဒါအခက်အခဲရှိပါတယ်။ ဒါပေမယ့် လုပ်နိုင်တဲ့ အစိတ်အပိုင်းလုပ်မယ်။ ဥပမာမြို့နယ်တစ်ခုမှာ ကျေးရွာအုပ်စု ၁၀၀ လောက်ရှိတယ်။

ကျေးရွာအုပ်စု ၂၀၊ ၃၀ လောက်က မလုပ်နိုင်ဘူးဆိုရင် နောက် ၇၀ လောက်ကိုလုပ်မလား။ အဲဒီလိုမျိုးပေါ့။ လုပ်နိုင်တဲ့အပိုင်းကိုလုပ်မယ်ဆိုရင် လုပ်လို့ဖြစ်တယ်။ ဒါပေမယ့် အဲဒီအနည်းစု တိုက်ပွဲဖြစ်နေတဲ့ဧရိယာမှာရှိနေတဲ့ မြို့နယ်တစ်မြို့နယ်လုံးကို မလုပ်တော့ဘူးဆိုရင်တော့ မလုပ်ဖြစ်ဘူးပေါ့။ အဲဒီလိုဖြစ်မယ်ဆိုရင်တော့ မြို့နယ်တော်တော်များများက ရွေးကောက်ပွဲ လုပ်နိုင်မယ့်အခြေအနေမျိုးမရှိဘူး။

ဒါပေမယ့် တစ်ချို့ကလည်း နယ်မှာပဲဖြစ်တယ်။ မြို့မှာ ဘာမှမဖြစ်ဘူး။ တစ်ချို့လည်း မြို့နယ်ရဲ့မြောက်ပိုင်းမှာဖြစ်တယ်။ တောင်ပိုင်းမှာ အေးအေးဆေးဆေး အဲဒီလိုအများကြီးပဲ။ တိုက်ပွဲဖြစ်နေတာအများဆုံးဆိုရင် မြို့နယ်တစ်မြို့နယ်မှာ တစ်ဝက်တော့ဖြစ်တာမရှိဘူး။ ၂၅ ရာခိုင်နူန်းလောက် အစိတ်အပိုင်းတစ်ခု ဖြစ်တာရှိလိမ့်မယ်။ ဟိုဖက်တစ်ခါဖြစ်မယ် ဒီဖက်တစ်ခါဖြစ်မယ်။ အဲဒီလိုနေရာကွပ်ပြီးဖြစ်တာလည်းရှိတယ်။ ဆိုတော့ မြို့ဧရိယာကျတော့ လုံးဝလုပ်လို့ရတယ်ပေါ့။

ဒါမြို့နဲ့ နီးစပ်တဲ့နေရာတွေလည်း လုပ်လို့ ရကောင်းရနိုင်လိမ့်မယ်။ တစ်ချို့မြို့နယ်တွေမှာကျတော့လည်း လုံးဝမဖြစ်တဲ့နေရာတွေလည်း အများကြီးပဲ ဆိုတော့ ဒါရာနှုန်းပြည့်လုပ်လို့ရမှ လုပ်မယ်ဆိုရင်တော့ ဒါမဖြစ်တဲ့မြို့နယ် တော်တော်များမယ်။ ဒါပေမယ့် ဖြစ်တဲ့နေရာလေးကို ထားခဲ့ပြီးတော့ မဖြစ်တဲ့နေရာ လုပ်နိုင်တဲ့နေရာ လုပ်ဆိုရင်လည်း မြို့နယ်တော်တော်များများဟာ လုပ်ဖြစ်မယ်လို့ထင်တယ်။

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ရွေးကောက်ပွဲဖြစ်ဖြစ် ဒီမှာတိုက်ပွဲနဲ့ပဲဖြစ်ဖြစ် အားလုံးကို ခြုံပြီးတော့ ပြောရရင် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးပေါ့။ တည်ငြိမ်းအေးချမ်းရေးကနေပြီးတော့ ကိုယ်ဒေသဖွံ့ဖြိုးရေး ဒီစစ်ပွဲတွေ ငြိမ်းချမ်းမှ တစ်နည်းအားဖြင့် ဒီမိုကရေစီအခွင့်အရေးတွေ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှ ကျွန်တော်တို့ အနေနဲ့ အဆိုးဆုံးဖြစ်မသွားရအောင် ပြန်ပြီးတော့ တည့်မတ်ပေးနိုင်မယ့်အနေအထားမျိုးပေါ့။

ရွေးကောက်ပွဲလည်း မကျင်းပနိုင်တော့ဘူး။ စစ်ပွဲတွေလည်း မငြိမ်းချမ်းဘူးဆိုရင်တော့ ကျွန်တော်တို့ဒါကို တည်ငြိမ်အောင်တော်တော်ကို ထိန်းသိမ်းဖို့ ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အနေနဲ့ ဖြစ်ပေါ်နေတဲ့ အချိန်ကာလတိုအတွင်းမှာ အဲဒီလို တိုက်ပွဲတွေပြင်းထန်မလာအောင် တစ်ဖက်အင်အားလည်းရှိနေတယ်။

သူတို့အနေနဲ့လည်း ဆက်ပြီးတော့ ဒါညှိနိူင်းလို့မရဘူးဆိုရင် ဆက်ပြီးတော့တိုက်ကျလေနေအုန်းမယ်။ တိုက်ပွဲတွေကတော့ ပိုမိုပြင်းထန်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ အမြဲတမ်းပြောနေကျပါ ပါတီအနေနဲ့ရော ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ရော တခြား မီဒီယာတွေ သတင်းဌာနတွေအကုန်လုံး ဒီတိုက်ပွဲတွေကို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ငြိမ်းချမ်းရေးစာပွဲကိုရောက်အောင် AAတပ်တော်ကို ဖိတ်ခေါ်ဆွေးနွေးဖို့ အဲဒါမျိုးကို ကျွန်တော်တို့ တောက်လျောက်တိုက်တွန်းလာတာကို ဒါပေမယ့် တဖြည်းဖြည်းပိုပိုဆိုးလာတယ်။

နောက်ဆုံး AAကို အကြမ်းဖက်အဖွဲ့စည်းအဖြစ် သတ်မှတ်ပြီးတဲ့ေ နာက်ပိုင်းမှာ တိုက်ပွဲတွေက ကျွန်တော်တို့ ငြိမ်းချမ်းရေးဘက်ကိုဝေးဝေးပြီးတော့ လက်နက်ကိုင် ပဋိပက္ခ ပိုပိုပြီးတော့ ဆိုးလာတာပေါ့။ ဒေသတစ်ခုလုံးမှာ စိုးမိုးလာတာပေါ့နော်။ အဲတာကြောင့် ဒီကိစ္စတွေရဲ့ အဖြေက ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးကိုသွားဖို့ လမ်းကမရှိဘူး။ ဒီတော့ AAတပ်တော်ကို အခု စတုတ္ထအကြိမ် ၂၁ရာစု ပင်လုံညီလာခံမှာ တက်ခွင့်ရမယ်ဆိုရင် ပိုကောင်းတယ်။

ပြီးမှ တဖြည်းဖြည်း ကျွန်တော်တို့ နှစ်ဖက် နားလည်မှုတွေ ရင်ကြားစေ့ရေးပေါ့။ နားလည်မှုတွေယူပြီးတော့ ငြိမ်းချမ်းရေးစာပွဲဝိုင်းကို ဝင်ရောက်နိုင်လိမ့်မယ်လို့ထင်တယ်။ အဲဒီလို ဖြစ်မှသာလျှင် တိုက်ပွဲတွေက လျော့ကျသွားလိမ့်မယ်။ ဟိုဖက်ကလည်း မဆွေးနွေးတော့ဘူးလို့မပြောဘူး။ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေရှိနေသေးတယ။် ကြိုးစားဖို့ အခွင့်အလမ်းတွေရှိနေပါသေးတယ်။ အကုန်လုံး နှစ်ဖက်စလုံးက ဒီငြိမ်းချမ်းရေးစာပွဲရောက်အောင် ဆွေးနွေးကြပါ။ တိုက်တွန်းကြပါ။

ပြည်သူတွေကလည်း အားလုံးဝိုင်းဝန်းပေးကြပါ။ မီဒီယာတွေကလည်း အဲလိုဖြစ်အောင်ပဲ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင်ပဲ တိုက်တွန်းပြီးတော့ လူပ်ဆော်ကြရင်တော့ အစိုးရလည်း သဘောထားပြောင်းလိမ့်မယ်။ တပ်မတော်လည်းသဘောထားပြောင်းလာလိမ့်မယ်။ AAတပ်တော်အနေနဲ့လည်း သဘောထားတွေ ပြောင်းလာလိမ့်မယ်။ အဲဒီအခါမှပဲ ကျွန်တော်တို့ဒေသ အဲတော့မှပဲ ငြိမ်းချမ်းတော့မယ်လို့ ကျွန်တော်ထင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts