All News Local News Peace

ရှမ်းနီကျောင်းသား ၂ဦးကို KIA သတ်ဖြတ်မှု တောင်းပန်ပြီး နစ်နာကြေး ငွေကျပ်သိန်း ၄ဝဝ ပေး

ရှမ်းနီကျောင်းသား ၂ဦးကို KIA သတ်ဖြတ်မှု တောင်းပန်ပြီး နစ်နာကြေး ငွေကျပ်သိန်း ၄ဝဝ ပေး

ရန်ကုန်၊ ဇူလိုင် ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ်သို့ လာရောက်လည်ပတ်သည့် ရှမ်းနီကျောင်းသား ၂ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် မိဘများကို တောင်းပန်ပြီး နစ်နာကြေးအဖြစ် ငွေကျပ် သိန်း ၄၀၀ ပေးကြောင်း ကျောင်းသားမိဘများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးကျေးရွာတွင် နေထိုင်သော ရှမ်းနီကျောင်းသား ၂ဦးဖြစ်သည့် စိုင်းသန့်စင်အောင်နှင့် စိုင်းဇော်မျိုးဦးတို့သည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ အလည်သွားစဉ် ဆယ်ဇင်းကျေးရွာအရောက်တွင် KIA တပ်ဖွဲ့ဝင်များ စီးနင်းလာသောကားနှင့် ကျောင်းသားနှစ်ဦးတို့ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ဆုံကာ ပဋိပက္ခဖြစ်ပြီး KIA က ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ၁၆ရက်အကြာ ဇူလိုင်လ ၂၂ရက်နေ့တွင် သေဆုံးသွားကြောင်း KIA က မိသားစုဝင်များထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောဆိုသည်။

KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ကျောင်းသား ၂ ဦး ကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၄ရက်နေ့တွင် ကျောင်းသား၂ဦး၏ မိဘများ၊ KIAဘက်မှ ဘာသာရေးဆရာများ၊ ရပ်မိရပ်ဖတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သေဆုံးသူ ကျောင်းသား၂ဦးအတွက် နစ်နာကြေး သိန်း ၄ဝဝ ပေးခဲ့ကြောင်း သေဆုံးသူ စိုင်းသန့်စင်အောင်၏ဖခင် ဦးအိုက်ဆန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ ကျွန်တော်တို့ မိဘတွေရယ်၊ ရပ်မိရပ်ဖတွေရယ်။ သူတို့(KIA)ဖက်က ဘာသာရေးဆရာရယ်။ သွားဆွေးနွေးတယု။ ကျွန်တော်တို့က ရုပ်အလောင်းကိုတောင်းတာပေါ့။ လောလောဆယ်ကတော့ သူတို့က မဖြစ်နိုင်တဲ့ အနေအထားတော့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ရက်ကလည်းကြာလာပြီးဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ပြန်တွေးလိုက်ရတာပေါ့။ ကြည့်မကောင်း မြင်မကောင်းဆိုရင်လည်း ကျွန်တော်တို့ မိဘအနေနဲ့ပေါ့။ ဆွေမျိုးသားချင်းတွေနဲ့ဆိုရင် သူတို့က လိုက်ပြရင် စိတ်မကောင်း ဖြစ်နေမှာစိုးလို့ အဲတာကြောင့် ကျွန်တော်တို့ကလည်း အတင်းအဓမ္မကြီးတော့ ကျွန်တော်တို့ကလည်း မတောင်းတော့ပါဘူး။ အခုကတော့ အသက်လျှော်ကြေးသဘောပေါ့။ နစ်နာကြေးပေါ့။ ကလေးနှစ်ယောက်အတွက်က သူတို့က သိန်း ၄ဝဝ ပေးခဲ့တယ်။ နစ်နာကြေးပေးတယ်။ ကျွန်တော်တို့ကတော့ ဆက်လုပ်စရာတော့မရှိတော့ပါဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဆက်ပြီးတော့ အလုပ်လုပ်ရဦးမယ်ဆိုတော့ ကျွန်တော်တို့အတွက်က အန္တရာယ်ရှိတယ်။ ကျွန်တော်တို့က ဘာမှမဖြစ်ချင်တော့ဘူး ” ဟု ၎င်းကပြောဆိုသည်။

သေဆုံးသူ ကျောင်းသား၂ဦးသည် ညီအကိုဝမ်းကွဲ တော်စပ်သူများဖြစ်ပြီး စိုင်းသန့်ဇင်အောင်သည် ရန်ကုန်ရှိ အမေရိကန်သံရုံးတွင် အင်္ဂလိပ်စာ သင်တန်းတက်ရောက်နေပြီး မုံရွာတက္ကသိုလ်တွင် အဝေးသင်တက်ရောက်ရန် ပြင်ဆင်နေကြောင်း၊ စိုင်းဇော်မျိုးဦးမှာမူ ၉ တန်းကျောင်းသား ဖြစ်ကြောင်း သိရှိရသည်။

“ ကျွန်တော်တို့က ဘာသာရေးဆရာနဲ့ပဲ ဆွေးနွေးရတာပဲ။ KIA နဲ့ မဆွေးနွေးရဘူး။ ဘာသာရေးဆရာရယ်။ KIA နဲ့ ကျွန်တော်တို့ကြားထဲမှာ ရပ်မိရပ်ဖနဲ့ ဒီဘာသာရေးဆရာနဲ့ အဲတာကြားခံပြီးတော့မှ ဆွေးနွေးတာပေါ့။ သူတို့တောင်းပန်တာကတော့ အခုလိုမျိုး မှားသွားတဲ့အတွက်ကြောင့် တောင်းပန်းတာပေါ့။ နောက်တစ်ခါမဖြစ်စေရဘူး။ ကျွန်တော်တို့ဘက်ကလည်း နောက်နောင် ကျွန်တော်တို့ မိဘခံစားရသလိုမျိုး နောက်နောင် မိဘတွေကလည်း မခံစားရအောင် အဲလိုမျိုး ကျွန်တော်တို့ကိုပြောတယ်။ သူတို့ကလည်း နောက်နောင်ဆိုတာ မဖြစ်စေရဘူးတဲ့ အခုနောက်ဆုံးအကြိမ်ဖြစ်ပါစေလို့လည်း ကျွန်တော်တို့က ပြောထားတယ်ဗျာ” ဟု ဦးအိုက်ဆန်းကပြောဆိုသည်။

ရှမ်းနီကျာင်းသား ၂ ဦး သတ်ဖြတ်ခံရမှုအပေါ် ရှမ်းနီလူငယ်များကွန်ရက်၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ စသည့် ရှမ်းနီအရပ်ဖက်အဖွဲ့စည်းများ၊ ရှမ်းနီ နိုင်ငံရေးပါတီများက KIA တပ်ဖွဲ့ဝင်များကို ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက်များထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- သေဆုံးသူကျောင်းသား ၂ ဦး၏ မှတ်ပုံတင် ၂ ခု။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts