All News Local News Peace

ရဲတပ်ဖွဲ့အပါအဝင် တပ်မတော်ထိန်းချုပ်သော အဖွဲ့အစည်းများသို့ ဂျပန်က အကူအညီပေးမှု ရပ်ဆိုင်းရန် HRW က တောင်းဆို

ရဲတပ်ဖွဲ့အပါအဝင် တပ်မတော်ထိန်းချုပ်သော အဖွဲ့အစည်းများသို့ ဂျပန်က အကူအညီပေးမှု ရပ်ဆိုင်းရန် HRW က တောင်းဆို
ရန်ကုန်၊ ဇူလိုင် ၂၃
ဂျပန်နိုင်ငံအနေဖြင့် မြန်မာ့ရဲတပ်ဖွဲ့အပါအဝင် တပ်မတော်ထိန်းချုပ်ထားသော အဖွဲ့အစည်းများအားလုံးသို့ ငွေကြေးထောက်ပံ့ခြင်း အဆုံးသတ်ကာ အကူအညီပေးအပ်ခြင်း ရပ်ဆိုင်းရန် Human Right Watch အဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။
ဂျပန်အစိုးရက မော်တော်ယာဉ်များနှင့်ဆက်သွယ်ရေးပစ္စည်းများ ဝယ်ယူရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ငွေကြေးလှုဒါန်းမည့် အစီအစဉ်ကိုချက်ချင်းဖျက်သိမ်း သင့်ကြောင်း Human Rights Watch က ထုတ်ပြန်သည်။
ရဲတပ်ဖွဲ့သည် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိမနေဘဲ စစ်တပ်၏ ထိန်းချုပ်ထောက်ပံ့မှုဖြင့် လည်ပတ်နေပြီး ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ခိုင်ခိုင်လုံလုံ ရှိနေကြောင်း၊မော်တော်ယာဉ်များနှင့် ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများ ဝယ်ယူရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဂျပန်ယွမ်ငွေသန်း၁၀၀ ( ဒေါ်လာ ၉ ၃၀,၀၀၀) လှုဒါန်းမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၀ ဇူလိုင်လ ၂ ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ လှူဒါန်းမှုသည် ပြည်သူ့လူခြုံရေးကိစ္စများကို ဆောင်ရွက်ရာတွင် မြန်မာရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ လူမှုတည်ငြိမ်မှုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုး ကူညီ ပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Human Rights Watch အဖွဲ့၏ အာရှဒေသ ဒါရိုက်တာဖြစ်သူ Brad Adams က “ဂျပန်အစိုးရက ရဲတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့ပြီး ဘာကြောင့်များ ဆိုးသွမ်းတဲ့ မြန်မာ့လုံခြုံရေးအဖွဲ့အစည်းနဲ့ ပလဲနံသင့် ဖြစ်ဖို့ ကြိုးစားချင်ရတာလဲဆိုတာ မတွေးတတ်အောင်ပဲ၊ မြန်မာ့ရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့်အစား အခြားလှုဒါန်းမည့်အစိုးရအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မြန်မာ့လုံခြုံရေးတပ်ဖွဲ့ကို တာဝန်ခံမှု တာဝန်ယူမှု ရှိလာစေခြင်းအားဖြင့် လူမျိုးစုလိုက်ရှင်းလင်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေကို ဂျပန်အစိုးရအနေန့ ကူညီပေးသင့်ပါတယ်” ဟု ပြောကြားသည်။
မြန်မာ့စစ်အုပ်ချုပ်ရေး နှစ် ၅၀ ကျော်ကာလတွင် မြန်မာရဲတပ်ဖွဲ့သည် ဖိနှိပ်ရေးဒေါက်တိုင်တစ်ခုအနေဖြင့် အသုံးတော်ခံခဲ့ကြောင်း၊ အစိုးရ ဆန့်ကျင်သဘောထားကွဲလွဲသူများစွာ နှင့် ကျောင်းသားများစွာကို ထင်တိုင်းကျဲဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်ပြီး တိုင်းပြည်တွင်း အကြောက်တရား လွှမ်းမိုးနေစေရန် ရဲတပ်ဖွဲ့က ဖန်တီးလုပ်ဆောင်ခဲ့ကြောင်း Human Rights Watch အဖွဲ့က ပြောဆိုသည်။
စစ်တပ်က ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဉပဒေအရ ရဲတပ်ဖွဲ့သည် စစ်တပ်၏ ထိန်းချုပ်မှုအောက်မှာ ရှိနေစေခြင်းကြောင့် ရဲတပ်ဖွဲ့သည် ဆိုးသွမ်းနေဆဲဖြစ်ပြီး အရပ်သားအစိုးရ၏အထိန်းအကွပ်အောက်တွင် ရှိမနေသေးကြောင်း၊ ရဲတပ်ဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အုပ်ချုပ်မှုအောက်တွင် လည်ပတ်နေပြီးဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိတစ်ဦးဖြစ်ရန်လိုအပ်ကာ ဝန်ကြီးဌာနအနေဖြင့်လည်း တပ်မတော်၏ထိန်းချုပ်မှု အောက်တွင် လည်ပတ်ရမည်ဟုဆိုထားကြောင်း HRW၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာရဲတပ်ဖွဲ့သည် တပ်မတော်နှင့်အတူ စစ်ဆင်ရေးများ ပူးတွဲဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ၊ ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်များတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူမျိုးများ အပေါ် ကျူးလွန်ခဲ့သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှု အပါအဝင် ဆိုးရွားရက်စက်သည့် လုပ်ရပ်များကို ရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် လုံခြံရေး ရဲတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများတွင် စစ်တပ်နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ လူအစုလိုက် သတ်ဖြတ်မှုများ၊ အဓမ္ဓကျင့်မှုနှင့် ကျေးရွာများ မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ရာနှင့်ချီသော ရိုဟင်ဂျာများ သတ်ဖြတ်ခံခဲ့ရသည့် တူလာတိုလီနှင့် ဂူတာပြင် လူအစုလိုက် သတ်ဖြတ်မှု ဖြစ်ရပ်များအပါအဝင် ၂၀၁၇ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာ လတွေအတွင်း အဆိုးရွား ဆုံးဖြစ်ရပ်များတွင် ရဲတပ်ဖွဲ့ပါဝင်ခဲ့ကြောင်း မှတ်တမ်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုများ အပါအဝင် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းမငယ်လေးများကို အဓမ္မပြုကျင့်မှုများ ၊ ကလေးမိခင်များ ဖမ်းဆီးအဓမ္မပြုကျင့်စဉ်မှာ ကလေးများကို သတ်ဖြတ်တာများတွင် ရဲတပ်ဖွဲ့က ပါဝင်ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။
“ကျွန်မကို ရဲသား ဘယ်နှယောက်က အဓမ္မ ပြုကျင့်ခဲ့ လဲဆိုတာတောင် မသိတော့ပါဘူး၊ အဲ့ဒီအချိန်မှာ ကျွန်မအတွက် အရေးလည်းမပါတော့ဘူး။ ကျွန်မမှတ်မိတာက ကျွန်မကလေးတွေကို သူတို့ခေါ်ဖို့လုပ်ကြတယ်။ သားလေးကို ကုတင်အောက်ကနေ အတင်းဆွဲ ခေါ်သွားတာပါ၊ ကလေးတွေကို ကာကွယ်ဖို့ ကျွန်မ အတင်းအော်ခဲ့ပါတယ်၊ ကျွန်မသားလေးကို ထပ်မတွေ့ရ တော့ပါဘူး”ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်က အမျိုးသမီးတစ်ဦးက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်သို့ ပြောပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျေးရွာအများစုတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုးသမီးများနှင့် မိန်းမငယ်လေးများကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်တပ်နှင့် ရဲစခန်းသို့ ခေါ် ဆောင်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်များ လုပ်ဆောင်ခဲ့ကြကြောင်း ၊ရိုဟင်ဂျာများ ပြည်နယ်တွင်း လွတ်လပ်စွာသွားလာခွင့်ကို အကြီးအကျယ်ချိုးဖောက်ရာတွင် အဓိက အခန်းကဏ္ဍကနေ ပါဝင်သည့် ရခိုင်ပြည်နယ်တွင်း စစ်ဆေးရေးဂိတ် အများစုကို ရဲတပ်ဖွဲ့က တာဝန် ယူဆောင်ရွက်ခဲ့ကြောင်း၊အကျဉ်းချထားခံရတဲ့ ရိုဟင်ဂျာများအပေါ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအပါအဝင် ရဲတပ်ဖွဲ့က ကျူးလွန်သည့် ညှဉ်းပမ်းနှိပ်စက်မှုများကို Human Rights Watch နှင့် အခြားအဖွဲ့များက မှတ်တမ်းပြုစုထားကြောင်း ဖော်ပြထားသည်။
မြန်မာရဲတပ်ဖွဲ့က ဝေဖန်မှုများနှင့် ဆန္ဒပြတောင်းဆိုမှုများကို ထင်တိုင်းကြဲဖမ်းဆီးမှုများ မလိုအပ်ဘဲ အင်အားအလွန်အကျွံသုံးပြီး တုန့်ပြန်မှုများကို လုပ်ခဲ့ဆောင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် အင်ဒင်ကျေးရွာတွင် ရိုဟင်ဂျာ ၁၀ ဦး အစုလိုက်သတ်ဖြတ်ခံရမှုအပေါ် Reuters သတင်းဌာနက စုံစမ်းထောက်လှမ်း သတင်း ရေးသားရာ မြန်မာရဲတပ်ဖွဲ့က သတင်းသမားနှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်းဆက်လက် ဖော်ပြထားသည်။
အလားတူ ၂၀၁၈ ဇန်နဝါရီ အစိုးရအာဏာပိုင်များက အခမ်းအနားတစ်ခု ကျင်းပခွင့် ပိတ်ပင်ခဲ့ပြီးနောက် မြောက်ဦးမြို့ အစိုးရအဆောက်အဦးတစ်ပြတွင် စုဝေးဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် ရခိုင်လူမျိုး ၇ ဦး သေဆုံးခဲ့ရကြောင်း၊ နိုင်ငံအနှံ့ အင်အားအလွန်အကျွံသုံး ဖိနှိပ်မှုများတွင် ရဲတပ်ဖွဲ့က ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားသည်။
၂၀၂၀ ဧပြီလမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထုတ်ပြန်ထားသည့် ကာဗျူးအမိန့်ကို ဖောက်ဖျက်သည့် အတွက် မန္တလေးတွင် လူတစ်ဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းတစ်ခု တွေ့ရကြော်ငး၊ ၂၀၁၉ ဖေဖော်ဝါရီလတွင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ထားရှိခြင်းအပေါ် ကရင်နီလူငယ်တွေ ဆန္ဒပြခဲ့ရာတွင် ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ်ခြင်း၊ မီးသတ်ပိုက်သုံးပြီး လူစုခွဲခဲ့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ ပိတ်ဆို့ထားသည့်အတားအဆီးများကို ကျော်လွှားရန်ကြိုးစားခဲ့သည့် ဆန္ဒပြသူ အနည်းဆုံး ၂၀ ဦးကိုလည်း ထိခိုက်ဒါဏ်ရာ ရရှိစေခဲ့ကြောင်း ဖော်ပြထားသည်။
Human Rights Watchအနေဖြင့် ဂျပန်အစိုးရကလူ့အခွင့်အရေးစံနှုန်းသတ်မှတ်ချက်များ အပေါ် လိုက်နာမှု ရှိသလားဟု ဆက်သွယ်မေးမြန်းရာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက “ဒီကူညီထောက်ပံ့မှုတွေကို ထိန်းသိမ်းသုံးစွဲရာမှာ ပြောဆိုထားပြီးသား ရည်ရွယ်ချက်တွေအတိုင်းသာ သင့်တင့်မျှတပြီး ထိရောက်မှုရှိစွာ အသုံးပြုမယ် လို့မြန်မာအစိုးရ အနေနဲ့အတည်ပြုခဲ့ကြောင်း” ဟု တုံပြန်ထားသည်။
မြန်မာနိုင်ငံဂျပန်သံရုံးအနေဖြင့်လည်း မြန်မာနိုင်ငံက အဆိုပါပစ္စည်းများကို သင့်လျှော်စွာ အသုံးပြု၊မပြု စောင့်ကြည့်မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာရဲတပ်ဖွဲ့အနေဖြင့် အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်ရောက်ပြီး၊ စနစ်တကျ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာသည့်အချိန်အထိ မြန်မာရဲတပ်ဖွဲ့အပေါ် ဂျပန်အစိုးရ ကူညီပံ့ပိုး မှုအားလုံးကို ဆိုင်းငံ့ ထားသင့်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် စစ်တပ်ထိန်းချုပ်ထားသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအားလုံးထံသို့ ကူညီထောက်ပံ့မှုအားလုံးကို ဂျပန်နိုင်ငံက ရပ်ဆိုင်း ထားသင့်ကြောင်း Human Rights Watch က ပြောဆိုသည်။
“စွဲမက်လောက်ဖွယ် ပစ္စည်းအသစ်အဆန်းတွေ ပံ့ပိုးလိုက်ရုံနဲ့ မြန်မာရဲတပ်ဖွဲ့ရဲ့ ဆိုးရွားမှုလျှော့နည်းသွား အောင် မလုပ်နိုင်ဘူးဆိုတာကို ဂျပန်အစိုးရအနေနဲ့ နားလည်သဘောပေါက်သင့်ပါတယ်၊ ရဲတပ်ဖွဲ့ထံ မလျှော်ကံတဲ့ တရားဝင်မှုကို အပ်နှင်းလိုက်ခြင်းက မြန်မာပြည်သူတွေ ခံစားနေရာတာတွေဟာ စိုးရိမ်ပူပန်စရာမဟုတ်ဘူးဆိုတဲ့ သတင်းစကား ပါးနေသလို ဖြစ်ပါတယ်” ဟု Adams က မှတ်ချက်ပြုသည်။
HRW ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်ရယူရန် ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထံ ကြိုးစားဆက်သွယ်လျက်ရှိသည်။
Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts