Local News Peace political news

ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးမှတစ်ဆင့် ကွပ်ကဲညွှန်ကြားနေဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောဆို

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးမှတစ်ဆင့် ကွပ်ကဲညွှန်ကြားနေဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးမှတစ်ဆင့် ကွပ်ကဲ ညွှန်ကြားနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ရုရှားနိုင်ငံ တွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလ အတွင်း Arguments and Facts သတင်းဌာနနှင့် ZVEZDA သတင်းဌာန တို့နှင့်တွေ့ဆုံပြီး မေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဥပဒေထိန်းချုပ်သော အဖွဲ့နှင့် လက်နက်ကိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဟူ၍ ၂ မျိုးရှိကြောင်း၊ ရဲတပ်ဖွဲ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် မကွပ်ကဲဘဲ ပြည်ထဲရေးဝန်ကြီးအပေါ်မှတစ်ဆင့် ကွပ်ကဲ ညွှန်ကြားလျက်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

“ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာရှိတဲ့ပြဋ္ဌာန်းချက်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က မြန်မာ နိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်ပါတယ်။ အဲ့တော့ ခင်ဗျား ခုနက မေးတဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှာရှိတဲ့ ဒီတပ်ဖွဲ့တွေ ကတော့ ကျွန်တော်တိုက်ရိုက် ကွပ်ကဲတာတော့ မဟုတ်ပါဘူး။ ပြည်ထဲရေး ဝန်ကြီးကနေပြီးတော့ ကွပ်ကဲပြီးတော့ လုပ်တာပေါ့။ ရဲတပ်ဖွဲ့ဆိုတာရှိတယ်။ ရဲမှာ လည်း ၂ ပိုင်းရှိတယ်။ Law Enforcement Police ဥပဒေထိန်းချုပ်တဲ့အဖွဲ့တွေ နဲ့ Armed Police သေနတ်ကိုင် တဲ့ရဲတပ်ဖွဲ့ ရှိတယ်။ ကျွန်တော်တို့ ဆီမှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့လို့ခေါ်ကြတယ်။ ဒီအဖွဲ့တွေ ကိုတော့ တိုက်ရိုက် ကိုင်တာတော့ ပြည်ထဲ ရေးဝန်ကြီးကကိုင်ပါတယ်။ သို့သော်လည်းပဲ ကွပ်ကဲမှုကတော့ ကျွန်တော် ယူထားတာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ အကြီးအကဲဖြစ်တာပေါ့။ ကျွန်တော်တို့ ကတော့ လုံခြုံရေးနဲ့ ပတ်သက် ပြီးတော့ တချို့ဟာတွေမှာ ညွှန်ကြားရတာ ရှိတယ်။ ပူးပေါင်းဆောင်ရွက်ရတာ ရှိတယ်။အဲ့ဒီလိုလုပ်ရတဲ့အတွက်ကြောင့် ကျွန်တော့် အတွက်ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကိုဖြေရှင်းရာမှာတော့ များစွာ အထောက် အကူရတယ်လို့ ကျွန်တော်ပြောချင်တယ်” ဟု ပြောဆိုသွားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးနေရာများအတွက် တပ်မတော်သား စစ်ဗိုလ်ချုပ်များကို အဆိုပြုခွင့်ရရှိထားပြီး ဝန်ကြီးအဖြစ် သမ္မတက အတည်ပြု ခန့်အပ်ပေးရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts