All News Local News Peace

ရသေ့တောင်၊ ချိန်ခါလီရွာတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ဖမ်းခံထားရ၊ ဗိုလ်ချုပ်ထွန်းထွန်းညီက အရပ်သားများကို ပစ်ခတ်ခြင်းမရှိဘဲ AA က ရဲကင်းစခန်းဝင်တိုက်ဟု တုံ့ပြန်

ရသေ့တောင်၊ ချိန်ခါလီရွာတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ဖမ်းခံထားရ၊ ဗိုလ်ချုပ်ထွန်းထွန်းညီက အရပ်သားများကို ပစ်ခတ်ခြင်းမရှိဘဲ AA က ရဲကင်းစခန်းဝင်တိုက်ဟု တုံ့ပြန်

ရန်ကုန်၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီရွာတွင် ယမန်နေ့ ဇူလိုင်လ ၁၃ရက် နေ့လယ်ပိုင်း တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် အဆိုပါကျေးရွာတွင် နေထိုင်သူအရပ်သား ၂ဦးသေဆုံးကာ ၄ဦးကိုဖမ်းဆီးခေါ်ဆောင်ခံထားရကြောင်း ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ မနေ့ကဖြစ်တာပါ။ ရွာသား၂ဦးသေဆုံးတယ်။ တပ်ကပစ်တာ ပွဲချင်းပြီးသေတာ အဲဒီ ၂ယောက်ပဲ အသုဘတော့မချရသေးဘူး။ တိုက်ပွဲကတော့ ရွာမှာဖြစ်ခဲ့တာမဟုတ်ဘူး။ ရွာနဲ့ ပေ ၂ဝဝဝ ဝေးတဲ့ နေရာမှာဖြစ်တာ။ ဘယ်တပ်ကဆိုတာလဲ မသိဘူး။ အဲရွာမှာ ရွာသားတွေမရှိတော့ဘူး။ အသက်ကြီး လေဖြတ်နေတဲ့သူတွေ ၈ယောက်လောက်ရှိတယ်။ ပိတ်မိနေတာ နောက်ပြီးတော့ ဖမ်းသွားတာ ၄ယောက်ရှိတယ်” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ သေဆုံးသူ ၂ဦးမှာ ဦးသန်းမောင်ရှိန် အသက် ၆ဝနှစ် နှင့် ဒေါ်ဦးခိုင်လှ၏ အဖေဖြစ်သူ အသက် ၈၀ အရွယ် တို့နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့ကာ ဖမ်းဆီးခံရသူ ၄ဦးမှာ ဦးအာတောင်း အသက် ၃၇နှစ်၊ မောင်အာဗျင်း အသက် ၁၆နှစ်၊ ဦးကျော်အေးသိန်း အသက်၅၃နှစ်နှင့် ဦးဇော်ဝင်းရှိန်၏ သားဖြစ်သူ အမည်မသိ အသက်၁၇နှစ်တို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“ သူတို့သေဆုံးသွားတဲ့အတွက် အသုဘကတော့ ဒီနေ့ မနက်ထိတော့ မချရသေးဘူး။ ပြီးတော့ လူတွေလည်း ဝင်လို့မရသေးဘူး။ လွှတ်တော်အမတ်တွေနဲ့ကတော့ အစိုးရနဲ့ ဆက်သွယ်နေတယ် အသုဘချရေးကိစ္စနဲ့ပတ်သက်ပြီးတော့ ပိတ်မိနေတဲ့ လူ၈ဦးကိုလည်း ကယ်ထုတ်ဖို့အတွက်ရှိနေတယ်။ ကားလမ်းကြီးကတော့ ပွင့်နေတာပဲ ကားပေါ်တက်လို့ရရင် ရတယ်။ ဒါပေမယ့် အဲဒီမှာစစ်ကြောင်းရှိတော့ အဲဒါကို ဖောက်ပြီးတော့ ရွာသားတွေမလာရဲဘူး။ ရွာထဲကိုဝင်ဖို့ခက်နေတာ ဒါမျိုးကတော့ ဒီနေရာမှာဖြစ်တတ်တယ်” ဟု ဦးခင်မောင်လတ်ကပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီက တပ်မတော် ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးဆိုသော သတင်းများသည် သတင်းအမှားများသာဖြစ်ကြောင်း ငြင်းဆိုသည်။

“အဲသတင်းမဟုတ်ပါဘူး။ ဖြစ်စဉ်ကတော့ AAက တပ်မတော်စစ်ကြောင်းနဲ့ အဲချိန်ခါလီနားက ရဲကင်းစခန်းကို တိုက်ခိုက်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပါတယ်။ အရပ်သားတွေ သေတယ်ဆိုတာ ကျွန်တော်တို့ သိရသလောက် ကတော့ မရှိပါဘူး။ သတင်းအမှားတွေဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts