All News Election Local News

ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ပြင်းထန်နေခြင်း၊ အင်တာနက်ဖြတ်ခံရခြင်းနှင့် လုံခြုံရေးကြောင့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ဟုဆို

ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ပြင်းထန်နေခြင်း၊ အင်တာနက်ဖြတ်ခံရခြင်းနှင့် လုံခြုံရေးကြောင့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၄

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AAကြား တိုက်ပွဲများပြင်းထန်နေခြင်း၊ မြို့နယ်တစ်ဝက်ခန့် အင်တာနက် ဖြတ်တောက်ခံထားရခြင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် လာမည့် ၂ဝ၂ဝရွေးကောက်ပွဲသည် ရခိုင်ပြည်နယ်တွင် လွတ်လပ်ပြီးတရားမျှတသော တန်းတူညီမျှသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောဆိုသည်။

“ ၂ဝ၂ဝ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာနိုင်လား” ခေါင်းစဉ်ဖြင့် ဇူလိုင် ၂၃ရက်နေ့က ပြုလုပ်သည့် ZOOM ဆွေးနွေးပွဲ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ရွေးကောက်ပွဲမှာ အရေးကြီးဆုံး တစ်နိုင်ငံလုံးအတိုင်းအတာအားနဲ့ အရေးကြီး ကဏ္ဍကတော့ ဘာလဲဆိုရင် တန်းတူညီမျှတဲ့ အခွင့်အရေးဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ရှိမယ်လို့တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပေမယ့် ကျွန်မတို့ ရခိုင်ပြည်နယ်မှာတော့ တန်းတူညီမျှတဲ့ အခွင့်အရေးကို ရရှိလိမ့်မယ်လို့တော့ ကျွန်မတော့ မထင်ဘူး။ ဘာကြောင့်လဲဆိုရင် အခုတန်းတူညီမျှမှု မဖြစ်ရတဲ့ အကြောင်းအရင်းက ဘာလဲဆိုရင် ကျွန်မတို့ဆီမှာ နေ့စဉ်နေ့တိုင်းနီးပါး တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဖြစ်တဲ့ တိုက်ပွဲတွေကလည်း ပြင်းထန်တယ်။ ပြည်သူတွေကလည်း ပြေးရတဲ့ အခြေအနေရှိတယ်။ နောက်တစ်ခုက နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး လုပ်မယ်ဆိုတဲ့စာတွေထွက်လာတယ်။ နှုတ်အားဖြင့် အကြောင်းကြားတယ်ဆိုပြီးတော့ မီဒီယာတွေကကော ပြည်သူတွေကကော ပြောကျတယ်။ ဒီလိုမျိုးအခြေအနေမှာ ကျွန်မတို့ ရခိုင်ပြည်နယ်မှာ တခြားပြည်နယ်နဲ့ တိုင်းတွေလို ရွေးကောက်ပွဲသည် Equal Opportunity ရဖို့ဆိုတာ ပထမတစ်ဆင့်လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ ရခိုင်ပြည်နယ်အတွက်တော့ လွတ်လပ်ပြီး တရားမျှတဖို့ရှိဖို့ ဆိုတာက အခုတည်းကစပြီးတော့ မလုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်မို့လို့ သူများတိုင်းနဲ့ပြည်နယ်တွေလို တန်းတူအခွင့်အရေးမရှိဘူးဆိုတာေတာ့ လက်ရှိအခြေအနေအထားအရပြောလို့ရပါတယ်” ဟု ဒေါ်ထုမေ ကပြောဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ ၈သိန်းကျော်နေထိုင်သည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မြေပုံ စသည့်မြို့နယ်များတွင် အင်တာနက်ဖြတ်တောက်ထားခြင်းသည် ရွေးကောက်ပွဲဝင်ရန် တန်းတူညီမျှမှုမရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ ကျွန်မတို့ ရခိုင်ပြည်နယ် တစ်ဝက်လောက်မြို့နယ်တွေမှာ အင်တာနက်မရရှိဘူး။ အခုလိုမျိုး ကိုဗစ်ကာလမှာ Digital နဲ့သွားတဲ့ကာလမှာ နောက်တစ်ခုက အင်တာနက်နဲ့ အရေးပါမှု တစ်ကမ္ဘာလုံးမှာ အရေးပါမှု အခြေအနေမှာ ကျွန်မတို့ရခိုင်ပြည်နယ်မှာ လုံခြုံရေးကို အကြောင်းပြပြီးတော့ အင်တာနက် ပိတ်ထားခြင်းပေါ်မှာလည်း အခွင့်အရေးအားဖြင့်တန်းတူညီမျှမှု မရှိဘူး။ ဒီအချက်ကလည်း ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် တန်းတူညီမျှမှု မရှိတဲ့အပြင် တန်းတူအခွင့်အရေးရရှိဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ပါတယ်” ဟု ဒေါ်ထုမေက ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများသည် တိုက်ပွဲများကြောင့် အသက်လုပြေးနေရသည့်အတွက် ၎င်းတို့ လုံခြုံရေးကို အာရုံစိုက်နေပြီး ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိကြောင်း ဒေါ်ထုမေကဆက်လက်ပြောဆိုသည်။

“ စစ်ဘေးရှောင်ဒေသတွေမှာ စစ်ဘေးရှောင်စခန်းတွေမှာ နေကျရတဲ့ ပြည်သူတွေရဲ့ လုံခြုံရေး၊ မဲပေးဖို့အခြေအနေ နောက်တစ်ခုက မဲပေးရမယ့်အပေါ်မှာ ရွေးကောက်ပွဲအပေါ်ကို စိတ်ဝင်စားမှုထိ မရောက်နိုင်ပါဘူး။ ကျွန်မတို့ အသက်လုပြီး ပြေးနေရတဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲကို သူတို့စိတ်ဝင်စားမှုအခြေအနေ သူတို့ကြိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ရွေးဖို့အခြေအနေ ဒါတွေ မပေးပါဘူး။ လက်ရှိမှာတောင် ကျွန်မ လွှတ်တော်ကိုယ်စားလှယ် ကိုယ်နှက်ကိုက အမ်းဒေသမှာဆိုရင် ဒလတ်ဖက်ကို သွားရတာခက်ခဲတာ တစ်နှစ်နီးပါးရှိလာခဲ့ပြီ ဒါကြောင့်မို့လို့ ကျွန်မတို့ဆီမှာ လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာနေပြီးတော့ အခွင့်အလမ်းက ရွေးကောက်ပွဲကနေ တန်းတူညီမျှမှုရဖို့ နောက်တစ်ခုက လွတ်လပ်ပြီးတော့ တရားမျှတဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ၎င်းကပြောဆိုသည်။

လက်ရှိချိန်တွင် ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်း ၂သိန်းကျော်ခန့် ရှိပြီး ရွေးကောက်ပွဲကျင်းပရန် လပိုင်းသာကျန်ရှိတော့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ချိန်ထိ စစ်ရှောင်ပြည်သူများကို မဲစာရင်းကောက်ခံမှုမရှိသေးကြောင်း ဒေါ်ထုမေကဆက်လက်ပြောဆိုသည်။

၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မရှင်ကထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts