Local News Peace political news

ရခိုင်နှင့်ချင်းတွင် လူ့အခွင့်အရေးဆက်ချိုးဖောက်သော တပ်မတော်ကို ICC တရားရုံးပို့ရေး ဆောင်ရွက်ရန် ကုလလုံခြုံရေးကောင်စီထံသို့ AI တောင်းဆို

ရခိုင်နှင့်ချင်းတွင် လူ့အခွင့်အရေးဆက်ချိုးဖောက်သော တပ်မတော်ကို ICC တရားရုံးပို့ရေး ဆောင်ရွက်ရန် ကုလလုံခြုံရေးကောင်စီထံသို့ AI တောင်းဆို


ရန်ကုန်၊ ဇူလိုင် ၈

ရခိုင်နှင့်ချင်းပြည်နယ်တွင် တပ်မတော်က အရပ်သားများ သေဆုံးစေသည့် ညှဉ်းပန်းနှိပ်စက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် သက်သေအထောက်အထားများ ရရှိထားပြီး ယင်းသို့ ဆက်လက်ကျူးလွန်နေမှုများအတွက် နိုင်ငံတကာရာဇဝတ်တရားရုံး ICCသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ရန် ကုလလုံခြုံရေးကောင်စီထံသို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။

မြန်မာတပ်မတော်၏ လက်လွတ်စပယ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများက ကလေးငယ်များအပါအဝင် အရပ်သားများကို သေဆုံးစေသည့် သက်သေအထောက်အထားများရရှိထားကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International (AI) က ပြောဆိုထားသည်။

မြန်မာ့တပ်တော်၏ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများသည် ကလေးငယ်များအပါအဝင် အရပ်သားများကို သေဆုံးစေရုံသာမက ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခကို ပိုမိုဆိုးဝါးလာစေကြောင်း ၊ လေကြောင်းတိုက်ခိုက်မှုများအပြင် လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အင်တာနက်ဖြတ်တောက်ထားသော ဒေသများတွင် ဆိုးဝါး ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်း၊ ရခိုင်ပြည်သူများသည် ကိုဗစ်ကပ်ရောဂေါခြိမ်းခြောက်ခံနေရချိန်တွင် အင်တာနက်မရှိဘဲ သတင်းအမှောင်ချထားခံရကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သတင်းအချက်အလက်များလည်း ဖြတ်တောက်ထားခံရကြောင်း AI အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ကူးစက်ခံရမှုများရှိနေပြီး အရေအတွက်မှာလည်း ဇွန်လအတွင်း မြင့်တက်ခဲ့သည်။

” မြန်မာအစိုးရအနေနဲ့ ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုကို ရပ်တန့်ဖို့ လူတွေကို အိမ်ထဲမှာ နေဖို့ ပြောဆိုနေချိန်မှာ ရခိုင်နဲ့ ချင်းပြည်နယ်မှာ တပ်မတော်က နေအိမ်တွေကို မီးရှို့တာတွေနဲ့ အရပ်သားတွေကို မဆင်မခြင်သတ်ဖြတ်တာတွေက စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပါတယ်” ဟု AI အဖွဲ့၏ အာရှပစိဖိတ်ရေးရာဒါရိုက်တာ Nicholas Bequelin က ပြောဆိုသည်။

” ရခိုင်ဒေသမှာ စစ်ရေး ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ICJ အပါအဝင် နိုင်ငံ တကာဖိအားတွေ ဘယ်လိုပင်မြင့်တက်နေပမယ့်လည်း AI က ရရှိထားတဲ့ သက်သေအထောက်အထားတွေအရ မြန်မာ့တပ်မတော်အတွင်းမှာ ပြစ်မှုကျူးလွန်သူတွေ အရေးယူခံရခြင်းမရှိဘဲ ဒီလိုဖြစ်ရပ်တွေ ဆက်ဖြစ်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၂၀ ခုနှစ် မေလနှင့် ဇွန်လအတွင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက စစ်ဘေးဒဏ်ခံခဲ့ရသည့်ရခိုင်နှင့်ချင်းတိုင်းရင်းသား နှစ်ဒါဇင်ကျော်ကို တွေ့ဆုံမေးမြန်းခဲ့သည့်အပြင် ဂြိုလ်တုဓာတ်ပုံများအရလည်း မြန်မာ့တပ်မတော်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ကျူးလွန်ကြောင်း သက်သေများရရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာ့တပ်မတော်အနေဖြင့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံးICC သို့ လွှဲပြောင်းပေးရန် AI အဖွဲ့က တောင်းဆိုကြောင်း ဖော်ပြထားသည်။

” ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေက မရပ်တန့်သေးပါဘူး။ မြန်မာ့တပ်မတော်ရဲ့ ရက်စက်မှုတွေက ပိုပြီးတော့တောင် ဆန်းပြားရှုပ်ထွေးလာပါတယ်။ ဒီလို ရက်စက်တဲ့ မသက်ညှာတဲ့ လုပ်ရပ် ကျူးလွန်မှုတွေက နိုင်ငံတကာရာဇဝတ်တရားရုံးအနေနဲ့ ကိုင်တွယ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဒါကို အရေးယူဆောင်ရွက်ပြုရပါ့မယ်” ဟု AI အဖွဲ့၏ အာရှပစိဖိတ်ဒါရိုက်တာ Nicholas Bequelin က ပြောဆိုထားသည်။

AI အဖွဲ့၏ ထုတ်ပြန်ချက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးသည့် သက်သေ အထောက်အထားများ၊ AA ဟုဆိုကာ အရပ်သားများကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုများ၊ အင်တာနက်ဖြတ်တောက်မှု အခြေအနေများကို အသေးစိတ် ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက AI အဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်ချုပ်မှူးဇော်မင်းထွန်းကို သဘောထားမှတ်ချက်ရယူရန် ယနေ့ မွန်းလွဲ ၁ နာရီ ၂၇ မိနစ်က ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

ဓာတ်ပုံ- ပလက်၀တွင် လေကြောင်းတိုက်ခိက်မှုကြောင့် သေဆုံးသွားသော ကလေးငယ်တချို့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts