All News Local News Peace

ရခိုင်တွင် စစ်ဘေးရှောင်၂သိန်းနီးပါးရှိလာပြီး စားနပ်ရိက္ခာ ပိုမိုခက်ခဲလာ

ရခိုင်တွင် စစ်ဘေးရှောင်၂သိန်းနီးပါးရှိလာပြီး စားနပ်ရိက္ခာ ပိုမိုခက်ခဲလာ

ရန်ကုန်၊ ဇူလိုင် ၈

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဇူလိုင်လ ၇ရက်နေ့ထိ တိုက်ပွဲရှောင်အရေအတွက် ၂သိန်းနီးပါးရှိလာကာ အဆိုပါ စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောဆိုသည်။

“ လူဦးရေက ပိုမိုများပြားလာမယ်ဆိုရင် တော်တော်ကို အရမ်းစိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်။ အခုလောလောဆယ်ကတော့ ဖြစ်သလိုစားသောက်နေရတဲ့အခြေအနေပေါ့။ အနီးအနားရွာတွေရဲ့ ထောက်ပံ့မှုတွေနဲ့ စားသောက်နေရတဲ့ အခြေအနေမှာရှိတယ်။ သူတို့က နေရာထိုင်ခင်းတွေလည်း အတည်တကျ မရှိဘူး။ IDP တွေကတိုးလာနေတယ်။ သူတို့က စခန်းတွေကို မရောက်ဘူး။ သူတို့တွေက သူတို့ရွာတွေနဲ့ နီးစပ်ရာတွေမှာ သွားပြီးတော့ တိမ်းရှောင်ထွက်ပြေးနေကျတယ်။ အဲဒီလူတွေက အထောက်အပံ့တွေလည်းမရောက်ဘူးဆိုရင်တော့ ရေရှည်မှာက ဒီလူတွေအတွက်ကို စားနပ်ရိက္ခာပြတ်လတ်တဲ့အတွက်ကြောင့်မို့လို့ အာဟာရချို့တဲ့ ကိစ္စမျိုးတွေ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေမှာစပြီးတော့ ဖြစ်လာဖို့ကတော်တော်ကိုများတယ်”ဟု ၎င်းကပြောဆိုသည်။

လက်ရှိချိန်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ရှောင် စခန်းများတွင် စစ်ဘေးဒုက္ခသည်များအနေဖြင့် စားနပ်ရိက္ခာမလုံလောက်ခြင်း၊ စာသင်ကျောင်းများတွင် ခိုလှုံနေရသည့် စစ်ဘေးဒုက္ခသည်များမှာ ခိုလှုံရန်နေရာသစ်အဆင်သင့်မရှိဘဲ နေစရာ အရေးပေါ်လိုအပ်နေခြင်း၊ မိုးရွာသွန်းမှုများပြီး ရေကြီးသည့်ဒဏ်ကိုခံနေရခြင်း၊ တချို့‌စခန်းများသို့ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့မှုအတွက် ခရီးသွားလာခွင့် (TA) ကန့်သတ်ထားခြင်း၊ ယခင်နှစ်ကဆောက်လုပ်ခဲ့သည့် ယာယီတဲများ ပြန်လည်ဆောက်လုပ်ရန် လိုအပ်နေပြီ ဖြစ်သော်လည်း အလှူရှင်မရှိခြင်း၊ ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနာ၊ ဝမ်းလျော၊ တုတ်ကွေးရောဂါ ဖြစ်ပွားမှုများ ရှိလာ‌နေခြင်း၊ လုံလောက်သော အသိပညာပေးမှုနှင့် လိုအပ်သည့် အထောက်အပံ့များ အပြည့်အဝမရရှိခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ပြည်ပနှင့် အခြားမှ ပြန်လာသူများကြောင့် စစ်ဘေးရှောင်စခန်းများတွင် COVID-19ရောဂါကူးစက်လာမည်ကို စိုးရိမ်နေရသည့်အပြင် စစ်ဘေးရှောင်စခန်းများတွင် ကူညီထောက်ပံ့မှု အခွင့်အလမ်း တဖြည်းဖြည်း နည်းပါးလာခြင်း စသည့် အခက်အခဲများရှိနေကြောင်း ကိုဇော်ဇော်ထွန်းကဆက်လက်ပြောဆိုသည်။

“ အစိုးရစာရင်းထဲပါတဲ့ Camp တွေကို သူတို့ထောက်ပံ့မှုတွေရှိပါတယ်။ ဒါပေမယ့် အဲတာကတော့ ဆန်တစ်မျိုးတည်းပေါ့။ တခြားဟာတွေမပါဘူး။ အဲဒီဆန် အတွက်ကိုလည်းပဲ သူကဘာဖြစ်လာလဲဆိုတော့ နဂိုက သူတို့ပုံမှန်ထောက်ပံ့နေကျ စခန်းတွေမှာ တချို့နေရာတွေမှာဆိုရင် မရဘူး။ ဥပမာဆိုရင် ဘူးသီးတောင်ဖက်က စခန်းတချို့မရဘူး။ ရသေ့တောင်ဖက်ကမရဘူး။ နောက်မြေပုံဖက်က စခန်းတချို့မှာ အစိုးရပုံမှန်ထောက်ပံ့နေတဲ့ အထောက်အပံ့တွေမရဘူး။ တချို့စခန်းတွေမှာဆိုရင် မတ်လတည်းက မရဘူး။ တချို့ဆိုရင် ဧပြီလတည်းက မရဘူး။ မတ်၊ ဧပြီမှ မရသေးတဲ့စခန်းတွေ မေလမှာ တချို့ပြန်ရတယ်ပေါ့။ နောက်တစ်ခုကျတော့လည်း ဇွန်မှရတာတွေလည်းရှိတယ်။ လုံးဝကိုမရတဲ့ စခန်းတွေလည်းရှိတယ်။ အဲတော့ ဘာပြောချင်တာလဲဆိုတော့ အစိုးရရဲ့ အထောက်အပံ့တွေက ပုံမှန်မရှိနေဘူး” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

လက်ရှိချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းသို့ရောက်ရှိလာသည့် လူဦးရေမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁ဝခုတွင် အိမ်ထောင်စု ၅၄၅စု၊ လူဦးရေ ၂၅၁၃ ဦးနေထိုင်လျက်ရှိပြီး၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၂၂ခုတွင် အိမ်ထောင်စု ၂၈၅၃စု၊ လူဦးရေ ၁၁၄၉၅ ဦးနေထိုင်လျက်ရှိပြီး၊ မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၂၆ ခုတွင် အိမ်ထောင်စု ၄၃၂၆၊ လူဦးရေ ၁၇၃၈၃ဦး နေထိုင်လျက်ရှိပြီး၊ မင်းပြားမြို့နယ်တွင် စစ်ရှောင်စခန်း ၉ခုရှိပြီး အိမ်ထောင်စု ၆၁၁စု၊ လူဦးရေ ၂၁၅ဝဦးနေထိုင်လျက်ရှိပြီး၊ မြေပုံမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၁၅ခုရှိပြီး အိမ်ထောင်စု ၆၇၁ စု၊ လူဦးရေ ၂၃၅၇ဦးရှိပြီး၊ အမ်းမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၂ခု အိမ်ထောင်စု ၃၁၉ စု၊ လူဦးရေ ၁၄၄၃ဦးရှိပြီး၊ ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၁ခု အိမ်ထောင်စု ၉၉စု၊ လူဦးရေ ၃၁၁ဦးရှိပြီး၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၃ဝခုရှိပြီး အိမ်ထောင်စု ၂၆၂၃စု၊ လူဦးရေ ၉၇၅၄ဦးရှိပြီး၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၈ခုရှိပြီး အိမ်ထောင်စု ၂ဝ၈၁စု၊ လူဦးရေ ၈၈၂၁ဦးရှိပြီး၊ စစ်တွေမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၂၁ခုရှိပြီး အိမ်ထောင်စု ၁၂၉၂စု၊ လူဦးရေ ၅၃၁၆ဦးရှိပြီး၊ ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၄ခုရှိပြီး အိမ်ထောင်စု ၁၄၆စု၊ လူဦးရေ ၅၉၄ ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏ ထုတ်ပြန်ချက်အရသိရသည်။

စစ်ရှောင်စခန်းသို့ ရောက်ရှိလာခြင်းမရှိသော လူဦးရေမှာ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၅၇၇၃ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁၄၄၈၆ဦး၊ မြောက်ဦးမြို့နယ်တွင် ၁၃၈၅၈ဦး၊ မင်းပြားမြို့နယ်တွင် ၁၆၂၂၇ ဦး၊ မြေပုံမြို့နယ်တွင် ၆၂၄၆ ဦး၊ အမ်းမြို့နယ်တွင် ၁ဝ၁၁၉ ဦး၊ ရသေ့တောင်မြို့နယ်တွင် ၃၇ဝဝ၃ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ၂ဝဝ၃၉ ဦး၊ ပေါက်တောမြို့နယ်တွင် ၂၁၉၉ ဦး၊ စစ်တွေမြို့နယ်တွင် ၂၆၂၁ ဦး ရှိကြောင်း REC ထံမှသိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စုစုပေါင်း လူဦးရေစုစုပေါင်း ၁၉ဝ၇ဝ၈ ဦး နေရပ်စွန့်ခွာ တိမ်းရှောင်နေကြောင်း REC က တရားဝင်သတင်းထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts