Local News Peace political news

ရခိုင်စစ်ဆင်ရေးတွင် ရန်သူကို အမျိုးသမီး ၊ အမျိုးသားမခွဲခြားထား၊ မီဒီယာများ တပ်မတော်ကို ခြုံခိုတိုက်ခိုက်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

ရခိုင်စစ်ဆင်ရေးတွင် ရန်သူကို အမျိုးသမီး ၊ အမျိုးသားမခွဲခြားထား၊ မီဒီယာများ တပ်မတော်ကို ခြုံခိုတိုက်ခိုက်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

ရန်ကုန်၊ ဇူလိုင် ၂၅

တပ်မတော်က ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးဆင်နွှဲရာတွင် ရန်သူကို အမျိုးသား၊ အမျိုးသမီး ခွဲခြားထားခြင်းမရှိဘဲ တိုက်ခိုက်သူ ရန်သူသည် ရန်သူပင် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်း ရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရခိုင် ပြည် နယ်၊ ကျောက်ဖြူမြို့နယ်မှ အမျိုးသမီး ၃ ဦးကို အကြမ်းဖက် ဥပဒေဖြင့် အမှုဖွင့်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားလိုက်ခြင်းဖြစ်သည်။

“အဓိကကတော့ ကျွန်တော်တို့က တိုက်ခိုက်သူပေါ့။ Combatant ပြောရမှာပေါ့။ Combatant စစ်ဆင်ရေးမှာ စစ်ရေးအရ ပါဝင်နေတဲ့သူတွေ စစ်ရေးအရ ပါဝင်နေတဲ့သူတွေဆိုရင်တော့ မှန်ရင်တော့ ကျွန်တော်တို့က ဒီဟာသည် တိုက်ခိုက်သူသည် တိုက်ခိုက်သူပဲဖြစ်တယ်။ ရန်သူသည် ရန်သူပဲဖြစ်တယ်။ ရန်သူမှာတော့ အမျိုးသမီး၊ အမျိုးသားလို့ ခွဲခြားထားတာမရှိပါဘူး။ သူတို့ရဲ့ ကျူးလွန်တဲ့ ပြစ်မှုနဲ့ သူတို့ရဲ့ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအရတော့ တရားဥပဒေတိုင်း ကျွန်တော်တို့ ဆောင်ရွက်ခံရမှာပဲ။ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရေနံဒွိန်ကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင် လ ၂၃ ရက်နေ့က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂ (က) တို့ဖြင့် အမျိုးသမီး ၃ဦးကို အမှုဖွင့် ဖမ်းဆီးတရားစွဲလိုက်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇောက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားပြီး ယင်း အမျိုးသမီး ၃ဦးဖြစ်သည့် ဈေးဆိုင်ရောင်းသူ ဒေါ်ဗြားမ ၅၃ နှစ်၊ ဒေါ်လှသန်းခင် ၄ဝ နှစ်နှင့် အသက်၃၇ နှစ်ခန့်ရှိသည့် ရတနာအောင်ဇာတ်သဘင်မှ ဇာတ်ဆရာမတို့ဖြစ်သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေး ဆောင်ရွက်ရာတွင် ရန်သူအပြင် မီဒီယာများ၏ ခြုံခိုတိုက်ခိုက်မှုကိုပါ ခံနေရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“တချို့ကိစ္စတွေမှာတော့ ကျွန်တော်တို့မှာ ဗီဒီယိုမှတ်တမ်းတို့ ဘာတို့လေ ရွာတွေကို ဝင်တဲ့အခါတိုင်းမှာ နောက်ပိုင်းတော့ ကျွန်တော်တို့လည်း တော်တော်လေး ဂရုစိုက်ရတယ်။ ဂရုစိုက်ရတယ်ဆိုတာ ပြောရရင်တော့လည်း ရန်သူကတစ်မျိုး တည့်တည့်ပဲပြောလိုက်ပါမယ်။ ရန်သူကတစ်မျိုး မီဒီယာကတစ်မျိုး ပြီးရင် တခါတလေမှာလည်း ရန်သူက ခြုံခိုပြီးတော့ တိုက်ခိုက်တာတင်မဟုတ်ဘူး။ မီဒီယာကပါ ခြုံခိုပြီး တိုက်ခိုက်သေးတယ်။ ဘယ်မီဒီယာမှ ရည်ညွှန်းပြီးပြောတာမဟုတ်ဘူး။ ဒါခင်ဗျားတို့အလုပ် ခင်ဗျားတို့အလုပ် ခင်ဗျားတို့လုပ်တာ ကျွန်တော်တို့ ဘာမှပြောစရာအကြောင်းမရှိဘူး။ အဲလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောက်ပိုင်း ကျွန်တော်တို့လည်း တော်တော်ဂရုစိုက်ပါတယ်။ ဒီမှာဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ ရွာတစ်ရွာကိုဝင်ပြီဆိုရင် ကျွန်တော်တို့က သက်သေအထောက်အထားတွေ အစုံအလင်ယူတယ်။ ဗီဒီယိုဖိုင်တွေ အသံဖိုင်တွေ ကျွန်တော်တို့ယူရတယ်” ဟု ၎င်း ကဆိုသည်။

AA အနေဖြင့် ရပ်ရွာလူထုကို အကာအကွယ်ယူ၍ တိုက်ခိုက်နေမှုများ မလုပ်သင့်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

“ဒီနယ်မြေတွေမှာ ဒီရွာတွေနဲ့ ပတ်သက်ပြီးတော့ကျ တပ်မတော်က ဝင်တယ်။ နယ်မြေလုံခြုံရေး ဆောင်ရွက်တယ်။ အဲလို နယ်မြေလုံခြုံရေး ဆောင်ရွက်ပြီးတဲ့အခါမှာ ရွာနားလေးမှာ တိုက်ပွဲဖြစ်တာတွေရှိတယ်။ ဘယ်သူမှ ထွက်မပြေးဘူး။ AA ကိုယ်တိုင်က ရွာထဲကနေပြီး ရွာလူကြီး ဦးဆောင်ပြီးတော့ မင်းတို့ထွက်ပြေးတဲ့ ပုံစံပြဆိုတဲ့ဟာမျိုးတွေ ကျွန်တော်တို့ သိရှိထားရတာလည်း ရှိပါတယ်။ ဒါမျိုး လုပ်ကြံမှုတွေရှိပါတယ်။ ကျွန်တော်တို့ မငြင်းပါဘူး။ တချို့လည်း မှန်ပါတယ်။ စိုးရိမ်ထိန့်လန့်မှုနဲ့ ကျွန်တော်တို့ ထွက်ပြေးတာတွေ စိုးရိမ်ထိန့်လန့်မှုတွေနဲ့ သွားတာတွေရှိတယ်။ သို့သော် ကျွန်တော်ပြောလိုတာက AA အနေနဲ့ ဒီနေရာတွေမှာ ကျေးရွာတွေကို အမှီပြုပြီးတော့ကျ တိုက်ပွဲတွေ မလုပ်ခဲ့ရင် AAအနေနဲ့ လူသားတံတိုင်းသဖွယ် ကျေးရွာလူထုကို အသုံးမပြုခဲ့ရင် ဒါတွေဖြစ်စရာအကြောင်းမရှိဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts