All News interview Peace

” မြေယာပြဿနာကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မဆွေးနွေးကြဘူးဆိုရင် ငြိမ်းချမ်းရေး က ဘာအတွက်လဲ။ တောင်သူတွေ မခံမရပ်နိုင်ဖြစ်လာတဲ့အခါ လူထုအုံကြွမှုတွေ ဖြစ်လာနိုင်တယ်”

” မြေယာပြဿနာကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မဆွေးနွေးကြဘူးဆိုရင် ငြိမ်းချမ်းရေး က ဘာအတွက်လဲ။ တောင်သူလယ်သမားတွေ မခံမရပ်နိုင်ဖြစ်လာတဲ့အခါ လူထုအုံကြွမှုတွေ ဖြစ်လာနိုင်တယ်”

ပအိုဝ်းလူငယ်အစည်းအရုံး ဥက္ကဋ္ဌ ခွန်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စုနှင့် နောင်ကျောကျေးရွာအုပ်စုရှိ မြေယာများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဆီဆိုင်မြို့ရှိ ခမရ ၄၂၃ ၊ ၄၂၄ တပ်ရင်းများက သိမ်းဆည်းခြင်း၊ တောင်သူလယ်သမားများကို တရားစွဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကုန်ထုတ်လမ်းများ ကာဆီးပိတ်ပင်ခြင်း၊ တောင်သူများ၏ စိုက်ပျိုးရေး ထွန်စက်များကို သိမ်းယူခြင်း၊ တပ်သိမ်းမြေစာရင်းများ ပွင့်လင်မြင်သားစွာ ချပြမှုမရှိခြင်းနှင့် တပ်ရင်းအတွက် လိုအပ်ပမာဏထက် မြေပိုမိုသိမ်းယူထားပြီး အသုံးမပြုခြင်း၊ သတ်မှတ်ကာလအတွင် စီမံကိန်းအကောင်အထည်မဖော်ထားခြင်းနှင့် ဥပဒေနှင့်မညီသော မြေအငှားချစားခြင်းများကို ပြုလုပ်ခြင်းအပြင် တောင်သူများကို စိုက်ပျိုးခွင့်မပေးဘဲ တောင်သူများစိုက်ထားသည့် အပင်များကို ဖျက်ဆီးခြင်းတို့ကြောင့် တောင်သူလယ်သမားများမှာ မြေဆုံးရှုံးခဲ့ရပြီး ဆင်းရဲဒုက္ခများခံစားနေရကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ တောင်သူများက ပြောဆိုလိုက်ကြသည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ပအိုဝ်းလူငယ်အစည်းအရုံး ဥက္ကဋ္ဌ ခွန်ဦးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဆီဆိုင်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေဧကတွေနဲ့ပတ်သက်ပြီး အခုအချိန်အထိ ပြန်လည် ပေးတာမျိုးမရှိသေးတာလား။

ဖြေ။ ။ သူတို့ အစားထိုးမြေပြန်ပေးဖို့တော့စီစဉ်နေတယ်။ အဲဒီအစားထိုးမြေက သစ်တောမြေဖြစ်နေတယ်။ အခြားတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်တဲ့မြေဖြစ်နေတယ်။ လမ်းအရှေ့ဖက် ဧက ၅၀၀ သိမ်းတုန်းက ဧက ၂၀၀ တော့ သူတို့ ပြန်ပေးခဲ့တယ်။

မေး။ ။ ဆီဆိုင် မြေသိမ်းခံ တောင်သူတွေဘက်က တောင်းဆိုတာက ၃ ချက်ရှိတယ်။ သိမ်းဆည်းမြေတွေ ပြန်ပေးဖို့ ၊ ပြီးတော့ တောင်သူတွေရဲ့ ဓလေ့ထုံးတမ်းမြေယာစနစ်နဲ့ ပိုင်ဆိုင်မှုတွေကို လေးစားလိုက်နာဖို့နဲ့ အစိုးရက မြေသိမ်းမှု ဖြစ်စဉ်တွေမှာ ကူညီဖြေရှင်းဖို့ပေါ့။ ဒီ ၃ ချက်လုံးက မရခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဖြေ။ ။ ဒီထက်ကျယ်ပြန့် လုပ်ဆောင်မှုတွေ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမှာပေါ့။ ဒီကြားထဲမှာတော့ ဆွေးနွေးတိုင်ပင်မှုတွေ ဆက်လုပ်ဖို့တော့ ရှိနေတယ်ပေါ့။ လွှတ်တော်ရော အစိုးရရော အစိုးရဌာနဆိုင်ရာရော၊ ကာချုပ်နဲ့လည်း စာပို့ထားတာရှိပေမယ့် သူ့ဘက်က တရားဝင် စာပြန်လာတာ မတွေ့ရသေးဘူး။ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လုပ်သွားရမှာပဲ။ နည်းလမ်းမျိုးစုံနဲ့ ဆက်သွားရမှာပါပဲ။

မေး။ ။ စစ်တပ်က သိမ်းထားတဲ့မြေတော်တော်များများ တကယ်လိုအပ်လို့ သိမ်းတာလား။ သိမ်းပြီးတော့ ဘယ်လို အသုံးချတာတွေ့ရလဲ။

ဖြေ။ ။ ဒီအတိုင်းပဲ သိမ်းထားတာ။ အဆောက်အဦးတွေဆောက်ထားတာလည်းမရှိဘူး။ အခြားလုပ်ထားတာလည်းမရှိဘူး။ ဒီနှစ်ကျမှ တောင်သူတွေ ဝင်စိုက်မယ်လုပ်တော့ မစိုက်နဲ့ဆိုပြီးပြောတာရှိတယ်။ သူတို့က ဝင်စိုက်မယ် လုပ်တဲ့ဟာမျိုးရှိတယ်။ ဒီမြေတွေကို ဘာမှ အသုံးမချခဲ့တာကြာခဲ့ပြီ။

မေး။ ။ ကယားပြည်နယ်မှာဆိုရင် တပ်သိမ်းဆည်းမြေတွေပေါ်မှာ ဝင်စိုက်တဲ့ မူလတောင်သူတွေကို အမှုဖွင့်တာတွေ တပ်ဘက်က လုပ်တော့ ဆီဆိုင်ဘက်မှာရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ တောင်သူတွေကို လမ်းအရှေ့ဖက်က ဧက ၃၀၀ ထဲမှာ ဝင်စိုက်တာတွေကိုတော့ သူတို့တရားစွဲတာပေါ့။ ရုံးတက်ရတာရှိတယ်။ ပြီးတော့ နောက်ထပ် တောင်သူ ၅၀ ကိုလည်း ထပ်ပြီးတရားစွဲတာရှိတယ်။ လောလောဆယ် ရုံးတက်ရတာ ၇ ဦးရှိတယ်။ ပုဒ်မ ကျူးကျော်မှု ပုဒ်မ ၄၄၇ ပေါ့။ ဖမ်းတာမျိုးမရှိဘူး။ ခေါ်ယူစစ်ဆေးတာမျိုးရှိတယ်။

မေး။ ။ ဆီဆိုင်တပ်သိမ်းမြေမှာ ဝင်စိုက်တဲ့တောင်သူတွေရဲ့ လက်သုံး လယ်ထွန်စက်ကို သိမ်းဆည်းထားတာတွေ ကြားမိတယ်။ အဲဒါ ဘယ်လိုဖြစ်သွားလဲ။

ဖြေ။ ။ ဟုတ်တယ်။ အဲဒါတွေကို သိမ်းပြီးတော့ သူတို့ ပြန်ပေးတယ်။

မေး။ ။ ဆီဆိုင်တွေမှာ စစ်တပ်က မြေတွေသိမ်းတာက စစ်ရေးအတွက် အဓိက ကျနေလို့လား ဘာကြောင့်မို့လို့ ဒီလို မြေတွေကို သိမ်းထားတယ်လို့ ထင်ပါလဲ။

ဖြေ။ ။ မြေသိမ်းတာ နှစ်ခုမြင်တယ်။ ပထမ တစ်ခုက တပ်အင်အားတိုးချဲ့ဖို့ပေါ့။ အဲဒါကြောင့် မြေသိမ်းတယ်။ နောက်တစ်ခုက စီးပွားရေးအရ တိုးချဲ့နိုင်ဖို့ မြေသိမ်းတယ်။ အဲဒီနှစ်ခုပဲ အဓိက သိမ်းတာပေါ့။

မေး။ ။ မြေသိမ်းမှုကြောင့် ထိခိုက်တဲ့ တောင်သူတွေရဲ့ မိသားစုဝင်တွေနဲ့ လူဦးရေဆိုရင် ဘယ်လောက်လောက် ရှိနိုင်မလဲ။

ဖြေ။ ။ အဓိက စိုက်ပျိုးတဲ့သူတွေက တိုက်ရိုက်ပေါ့။ ပြီးတော့မှ သူတို့ရဲ့ မိသားစုတွေပေါ့။ တိုက်ရိုက်ထိခိုက်တာတော့ရှိတယ်။ ဦးရေအနေနဲ့တော့ ကျနော်တို့လည်း ခန့်မှန်းလို့တော့ မသိသေးဘူး။ ခန့်မှန်းလို့လည်းမရသေးဘူး။ ပျှမ်းမျှအားဖြင့် ရာချီတယ်ပေါ့။ သုံး၊ လေး ရာလောက်တော့ တိုက်ရိုက် ထိခိုက်သွားနိုင်တယ်ပေါ့။

မေး။ ။ အဲဒီလို မြေသိမ်းခံရတဲ့အတွက်ကြောင့်မို့ တောင်သူ စားဝတ်နေရေး ဘယ်လို အသက်မွေးနေကြလဲ။

ဖြေ။ ။ အဲဒါကြောင့်မို့လို့ ဒီမြေပြန်ရဖို့ တောင်းဆိုနေကြတာပေါ့။ လောလောဆယ်တော့ သူတို့က ဒုက္ခရောက်နေကြတယ်။ အကြွေးတွေနဲ့ မျိုးစေ့တွေ အစိုးရဆီက လုပ်ထားတာမျိုးဖြစ်တော့ စိုက်ပျိုးလို့လည်းမရတော့ လောလောဆယ် စိတ်ဆင်းရဲနေကြတာပေါ့။

မေး။ ။ တောင်သူတွေက မြေယာပိုင်ဆိုင်မှုရှိလား။ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတာလား။

ဖြေ။ ။ ဒီအတိုင်းပဲ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာတာ။ ပုံစံတွေ ဘာတွေ ပိုင်ဆိုင်မှု အထောက်အထားဆိုတဲ့ဟာမျိုးတွေတော့မရှိကြဘူး။ ရှိတဲ့သူဆိုရင်လည်း တစ်အိမ်နှစ်အိမ်လား ၃ အိမ်လား အဲဒီလောက်လောက်ပဲ ရှိတယ်။ အများစုက မရှိဘူးပေါ့။

မေး။ ။ စစ်တပ်မှာ မြေယာလျှော်ကြေးအတွက် နိုင်ငံတော်ဆီက ငွေကြေး တောင်းခံထားတာ ကျပ်ဘီလီယံနဲ့ချီပြီးရှိတယ်။ အဲဒါ လျှော်ကြေးပေးဖို့ ပြောတာရှိလား။

ဖြေ။ ။ လျှော်ကြေးပေးမယ်ဆိုတာတော့ မကြားမိဘူး။ သူတို့ဘက်က မြေယာ အခြားနေရာရှာပေးမယ်ပေါ့။ ရှာတဲ့နေရာကလည်း ဝေးလည်းဝေးတယ်။ အခြားလူတွေရဲ့ နေရာလည်းဖြစ်တယ်။ သစ်တောနေရာလည်းဖြစ်တယ်။ သွားရရင်လည်း ဝေးတယ်။ အဲဒီနေရာက သစ်တောဖြစ်တော့ ထပ်စိုက်လို့လည်းမရတော့ ရွာသားတွေကလည်း တစ်နေ့လုပ်မှ တစ်နေ့စား ပုံစံမျိုးတွေရှိနေတော့ အဆင်မပြေကြဘူး။

မေး။ ။ တောင်သူတွေမှာလည်း မြေပြန်မရဘူး။ စစ်တပ်ကလည်း ပြန်မပေးဘူး။ အစိုးရကလည်း မကူညီဘူးဆိုရင် ဒီအကျပ်အတည်းက နိုင်ငံရေးမှာ ဘယ်လောက်အထိ သက်ရောက်လာနိုင်မလဲ။

ဖြေ။ ။ ဒီကိစ္စကို ဘယ်သူကမှ မလုပ်ပေးနိုင်ဘူးဆိုရင် လက်ရှိ အစိုးရ ပြဋ္ဌာန်းထားတဲ့ မြေယာဥပဒေတွေက အသက်မဝင်သေးတာ၊ ဥပဒေတွေက ဓလေ့ထုံးတမ်းအပေါ် အခြေမခံတဲ့အတွက်ကြောင့်မို့လို့ ဒီလို ပြဿနာတွေ ကြုံတွေ့နေရတယ်။

အစိုးရအနေနဲ့ မဖြေရှင်းနိုင်ရင် ရွေးကောက်ပွဲအတွက် မဲပြန်ရဖို့ အခက်အခဲဖြစ်နိုင်တာမျိုးတွေ ရှိနိုင်မယ်ပေါ့။ မြေယာပြဿနာ နဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီလို သိမ်းဆည်းမြေကိစ္စတွေ မဆွေးနွေးကြဘူးဆိုရင် ငြိမ်းချမ်းရေး က ဘာအတွက်လဲလို့ မေးခွန်းထုတ်စရာဖြစ်လာနိုင်တယ်။

ရေရှည်ကျရင် တောင်သူလယ်သမားတွေ ဒီလို အခြေအနေမျိုးတွေ မခံမရပ်နိုင်ဖြစ်လာတဲ့အခါ လူထုအုံကြွမှုတွေ ဖြစ်လာနိုင်တယ်။ နိုင်ငံရေးအရ ခေါင်းဆောင်တွေက အလုပ်မလုပ်နိုင်ဘူးလား။ တပ်ကိုပဲ မှီခိုနေရလားဆိုတဲ့ဟာမျိုးတွေ မီးမောင်းထိုးပြစရာတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အစိုးရအနေနဲ့လည်း ဒါတွေ မလုပ်ပေးနိုင်ဘူးဆိုရင် တောင်သူတွေက အစိုးရအပေါ် ယုံကြည်မှု အားနည်းတာ ဖြစ်လာနိုင်တာပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts