All News China Watch Local News

မြဝတီ၊ ရွှေကုက္ကိုလ်စီမံကိန်း ဒေါ်လာ ၂၂ ဒသမ ၅ သန်းတန်ပြီး မြေ ၆၂ ဧကတွင် နှစ်ပေါင်း ၃၀ လုပ်ခွင့်ပြု၊ လုပ်ငန်းရှင် ၄ ဦးက ရှယ်ယာထည့်ထား

မြဝတီ၊ ရွှေကုက္ကိုလ်စီမံကိန်း ဒေါ်လာ ၂၂ ဒသမ ၅ သန်းတန်ပြီး မြေ ၆၂ ဧကတွင် နှစ်ပေါင်း ၃၀ လုပ်ခွင့်ပြု၊ လုပ်ငန်းရှင် ၄ ဦးက ရှယ်ယာထည့်ထား

ရန်ကုန်၊ ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အကောင်အထည်ဖော်လျက်ရှိသော ရွှေကုက္ကိုလ်အိမ်ရာစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း တန်ကြေးရှိပြီး မြေဧက ၆၂ ဧက ပေါ်တွင် နှစ်ပေါင်း ၃၀ လုပ်ကိုင်ခွင့်ပြုထားကာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံမှ လုပ်ငန်းရှင် ၄ ဦး အစုရှယ်ယာထည့်ဝင်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗရက်ဆင်းက ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်က မြဝတီ မြို့နယ်၊ ရွှေကုက္ကိုလ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုထားမှုအပေါ် မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်းဖြေကြားလိုက်ခြင်းဖြစ်သည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က Myanmar Yatia International Holding Group Co., Ltd. ကို ရွှေကုက္ကိုလ်အိမ်ရာစီမံကိန်း လုပ်ကိုင်ရန် ၂၀၁၈ ခုနှစ်တွင် ခွင့်ပြုချက်အမှတ် ၀၉၉/ ၂၀၁၈ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အစုရှယ်ယာတွေအနေဖြင့် မြန်မာနိုင်ငံမှ ဦးစောမင်းမင်းဦးက ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံမှ Mr.Tang Kriang Kaiက ၆၇ ဒသမ ၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr. Lim Jun Jieက ၈ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် Mr. Chow Tiam Yu က ၄ ဒသမ ၀၄ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ထားကြောင်း၊ ကုမ္ပဏီရဲ့ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုသက်တမ်းကာလက နှစ်ပေါင်း ၃၀ ဖြစ်ကြောင်း၊ မတည်ငွေရင်း ထည့်ဝင်ထားမှုက ကျပ် ၃၅၉၇ သန်း၊ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၈ သန်းထည့်ဝင်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မြေဧက ၆၂ အနက်မှ မြေဧက ၂၅ ကျော်ပေါ်တွင် အိမ်ရာစီမံကိန်း တည်ဆောက်လျက်ရှိကြောင်း ၎င်း၏ အဆိုအရ သိရှိရသည်။

Photo Credit –iMyanmar.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts