Local News Peace political news

မြန်မာ့စီးပွားရေး ဦးပိုင်တွင် တပ်မတော် ဗိုလ်ချုပ်များနှင့် အစိုးရအရာရှိကြီးတချို့ ပါဝင်နေမှု စုံစမ်းစစ်ဆေးရန် Justice For Myanmar အဖွဲ့ တိုက်တွန်း

မြန်မာ့စီးပွားရေး ဦးပိုင်တွင် တပ်မတော်ဗိုလ်ချုပ်များနှင့် အစိုးရအရာရှိကြီးတချို့ ပါဝင်နေမှု စုံစမ်းစစ်ဆေးရန် Justice For Myanmar အဖွဲ့ တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၂၀

မြန်မာ့စီးပွားရေးဦးပိုင်တွင် တပ်မတော်ထိပ်တန်းဗိုလ်ချုပ်များနှင့် အစိုးရ အရာရှိကြီးတချို့ ပါဝင်နေမှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် Justice For Myanmar အဖွဲ့က ဇူလိုင်လ ၂၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

မြန်မာ့စီးပွားရေးဦးပိုင်၏ ဘုတ်ဒါရိုက်တာအဖွဲ့တစ်ခုတည်းတွင်ပင် အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင် တို့ကဲ့သို့ပင် အကျိုးစီးပွား ပဋိပက္ခ ဖြစ်စေနိုင်သည့် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၊ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင် ၊ ဗိုလ်ချုပ် ခင်မောင်သန်း၊ ဗိုလ်ချုပ် မိုးမြင့်ထွန်း ၊ ဗိုလ်ချုပ် မိုးအောင် (ရေ) တို့ပါဝင်နေကြောင်း Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှေ့နေချုပ်ရုံးတွင်လည်း ရှေ့နေချုပ် ကိုယ်တိုင်အပါအဝင် ဝန်ထမ်းအဖွဲ့အကြီးတန်းအရာရှိများသည် စစ်တပ်အရာရှိဟောင်းများ ဖြစ်ကြပြီး မြန်မာ့စီးပွားရေးဦးပိုင်တွင် အစုရှယ်ယာ ပိုင်ဆိုင်မှုများ ရှိ မရှိကို ထုတ်ဖော်ပြောကြားရန် ပျက်ကွက်နေခဲ့ကြောင်း၊ ထို့အပြင် ရှေ့နေချုပ်ရုံး၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သည့် ဦးကျော်ကျော်နိုင်သည် တချိန်တည်းမှာပင် စစ်တပ်ပိုင် အင်းဝဘဏ်တွင် ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည်ဖြစ်ရာ ၎င်းအား ချက်ချင်းထုတ်ပယ်ပြီး ၎င်း၏ အမှန်တကယ် အကျိုးစီးပွားပဋိပက္ခကို ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ရမည်ကြောင်း ဖော်ပြထားသည်။

အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်တို့သည် ဇူလိုင်လ ၆ ရက်နေ့တွင် စီးပွားရေးဦးပိုင် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ရာထူးများမှ နှုတ်ထွက်ထားကြောင်း ၂၀၂၀ ဇူလိုင် ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် သမ္မတရုံးသတင်းစာ ရှင်းလင်းပွဲအရ သိရှိရကြောင်း၊ သို့ရာတွင် ၎င်းတို့၏ အစိုးရအဖွဲ့ရာထူးများကို ဆက်လက်ထားရှိပြီး ရာဇဝတ်ကြောင်းအရ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှု မပြုလုပ်ခြင်းသည် ပူးပေါင်းကြံစည်လုပ်ဆောင်ခြင်းပင် ဖြစ်ကြောင်း၊ မှန်ကန်သည့် တရားစီရင်ရေးလမ်းကြောင်းအတိုင်း ဆောင်ရွက်မှုမရှိခြင်းသည် စစ်တပ်အနေဖြင့် စီးပွားရေးအခွင့်ထူးခံမှုနှင့် ပြစ်မှုပြစ်ဒါဏ်များမှ ကင်းလွတ်ခွင့်များ ရရှိမြဲရရှိနေသည်ဆိုသည့် စိုးရိမ်ဖွယ် လက္ခဏာတစ်ရပ်အဖြစ် Justice For Myanmar က ရှုမြင်ကြောင်း ဖော်ပြထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဗိုလ်မှူးချုပ်ကျော်ထင်၊ ဗိုလ်မှူး နီအောင်နဲ့အတူ ဦးပိုင်နဲ့ MEC တို့မှာ အလားတူ အကျိုးစီးပွားပဋိပက္ခရှိနေတဲ့ အခြားအဖွဲ့ဝင်များအားလုံးကိုလည်း လွတ်လပ်ပြီး စေ့စပ်ပြည့်စုံတဲ့ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်။ ဦးပိုင်ဘုတ်အဖွဲ့ကနေ ဗိုလ်မှူးချုပ်ကျော်ထင်နဲ့ ဗိုလ်မှူးနီအောင်တို့ နှုတ်ထွက်လိုက်ရုံနဲ့ မြန်မာအစိုးရအဖွဲ့တွင်း ကပ်ရောဂါဖြစ်နေတဲ့ အကျိုးစီးပွား ပဋိပက္ခပြသနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဗိုလ်မှူးချုပ်ကျော်ထင်နဲ့ ဗိုလ်မှူးနီအောင်တို့က ဦးပိုင်မှာ အစုရှယ်ယာတွေ ဆက်လက် ပိုင်ဆိုင်ထားပြီးတော့ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေအနေနဲ့ အစိုးရရဲ့ အရပ်ဘက်ဌာနတွေမှာ အာဏာနဲ့ လွှမ်းမိုးမှုတွေ အများအပြား ရရှိနေအောင် ဖြည့်ဆည်းပေးနေတဲ့ နိုင်ငံတော်ရဲ့အစိတ်အပိုင်းအားလုံးမှာ ဖြန့်ကျက်ထားတဲ့ စစ်တပ်ထိန်းချုပ်မှုကွန်ယက်ရဲ့ အစိတ်အပိုင်းတွေအနေနဲ့ သူတို့က ဆက်လက် ရှိနေတာပါပဲ။ တကယ်တော့ သူတို့ နှစ်ယောက်ဟာ ပင်လယ်ထဲမြုပ်နေတဲ့ ရေခဲတောင်ရဲ့ ထိပ်ပိုင်းလေးသာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အစိုးရအရာရှိအားလုံး၏ အစုရှယ်ယာပိုင်ဆိုင်မှုများအပါအဝင် စီးပွားရေးအကျိုးစီးပွားများအားလုံးကို ထုတ်ပြန်ကြေညာပေးရန်Justice For Myanmar မှ တောင်းဆိုလိုက်ပြီး ဥပဒေနှင့်မညီဘဲ လုပ်ဆောင်သည့် မည်သည့် အစိုးရအရာရှိမဆို တာဝန်ခံမှု ရှိစေရမည် ဖြစ်ကြောင်း ထုတ်ပြန် တောင်းဆိုထားသည်။

ဦးပိုင်၏ ဒါရိုက်တာအများစုသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေစဉ်မှာပင် အစိုးရရာထူးနေရာများတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ် သည်ကို Justice For Myanmar မှ တွေ့ရှိရပြီး အကျိုးစီးပွား ပဋိပက္ခများရှိနေကြောင်း ထုတ်ပြန်ထားသည်။

မရတနာမောင်က “ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖျက်သိမ်းပစ်ဖို့၊ စစ်တပ်ကို အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိဖို့အတွက် အားကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကိုလုပ်ရပါမယ်။ အကျိုးစီးပွားပဋိပက္ခနဲ့ အကျင့်ပျက်ခြစားမှုတွေကို ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရပါမယ်” ဟု ပြောကြားသည်။

Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်မတော်၏ သဘောထားမှတ်ချက်ရယူနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိပေ။

ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဇူလိုင်လ ၉ ရက်င်္နေ့က မင်္ဂလာဒုံရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ DENTOMEC သွားတိုက်တံနှင့် သွားတိုက်ဆေးစက်ရုံကို သွားရောက်စစ်ဆေးစဉ်။ Photo Credit – cincds.gov.mm

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts