All News Local News Peace

မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် သီးသန့်နိုင်ငံတကာခုံရုံးထူထောင်ရန် ကုလလုံခြုံရေးကောင်စီသို့ တင်ပြ

မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် သီးသန့်နိုင်ငံတကာခုံရုံးထူထောင်ရန် ကုလလုံခြုံရေးကောင်စီသို့ တင်ပြ

ရန်ကုန်၊ ဇူလိုင် ၁၈

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် သီးသန့်နိုင်ငံတကာခုံရုံးတစ်ခု ထူထောင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးပွဲသို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက တင်ပြ တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၁၇ ရက်နေ့ ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံကောင်စီ တံခါးဖွင့်အစည်းအဝေးသို့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အန်ဂျီအို အလုပ်အဖွဲ့ကိုယ်စား ဒေါ်ခင်ဥမ္မာက အထက်ပါအတိုင်း တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။

” မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများ အပေါ်မှာ မုဒိန်းကျုးလွန်မှုကို စစ်ရေးလက်နက်အဖြစ် အသုံးပြုနေခဲ့တာ ကြာမြင့်လှပြီ ဖြစ်ပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်များက “ရှင်းလင်းရေး စစ်ဆင်ရေးများ”လို့ ခေါ်တဲ့ အချိန်ကာလအတွင်းက ရိုဟင်ဂျာ အမျိုးသမီးများ ခံစားရတဲ့ ကြောက်မက်ဖွယ် ဖြစ်ရပ်များဟာ တုန်လှုပ်ဖွယ်ရာ၊ တမူထူးခြားလှတဲ့ ရက်စက်မှုများ ဖြစ်ပြီး အလျင်အမြန် အရေးတကြီး ကိုင်တွယ်ဖြေရှင်းစရာအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်တွေဟာ ကချင်၊ ရှမ်း၊ တအာဲန်း နဲ့ ရခိုင်လူမျိုးတွေအပါအဝင် အခြားတိုင်းရင်းသား အသိုင်းအဝိုင်းများအပေါ် စစ်တပ်က လုပ်ဆောင်တဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အသုံးပြုတဲ့ ပုံစံလိုမျိုး အလားတူ ဖြစ်နေတာလဲ ဖြစ်ပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

မြန်မာ့အရေးသည် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ထက်ကျော်လွန်၍ သီးသန့်နိုင်ငံတကာခုံရုံးတစ်ရပ်ထူထောင် ကိုင်တွယ်သင့်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ရိုဟင်ဂျာများ ခံစားနေရတဲ့ ရာဇဝတ်မှုများ၊ အလားတူ အခြားတိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုများကို အခု လက်ရှိ အကန့်အသတ်ဖြစ်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများဆိုင်ရာ တရားရုံး (ICC) ရဲ့ စုံစမ်းစစ်ဆေးမှုထက် ကျော်လွန်ပြီး စုံစမ်းနိုင်ဘို့အတွက် မြန်မာနိုင်ငံရဲ့ အခြေအနေကို (ICC) ထံ လွှဲပြောင်းပေးဘို့ သို့မဟုတ် သီးသန့် နိုင်ငံတကာခုံရုံး (Ad hoc international tribunal) တခု ဖန်တီးဘို့ ကျမအနေနဲ့ လုံခြုံရေးကောင်စီကို တိုက်တွန်းပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် အဆိုပါ ပြောဆိုချက်များနှင့်ပတ်သက်ပြီး တပ်မတော်၏ သဘောထားမှတ်ချက်ရယူနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ကြိုးစား၍ ဆက်သွယ်နေဆဲဖြစ်သည်။

( ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးသို့ ဒေါ်ခင်ဥမ္မာ၏ တင်ပြချက် အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါသည်)


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့်ဆွေးနွေးပွဲသို့ ဒေါ်ခင်ဥမ္မာ၏ တင်ပြချက်

ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၀ ခုနှစ်

ဥက္ကဌ ၊ သံတမန်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ လုပ်ဖေါ်ကိုင်ဖက်များ နှင့် ဂုဏ်သရေရှိ လူကြီးမင်းများရှင့်။

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အန်ဂျီအို အလုပ်အဖွဲ့ကိုယ်စား စကားပြောခွင့်၊ ဤတင်ပြချက်ကို တင်သွင်းခွင့်ရတဲ့ အတွက် လူကြီးမင်းတို့ကို ကျေးဇူးတင်ပါတယ်။

ကျမအနေနဲ့ ကျမရဲ့ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လိင်ကွဲပြားမှုအပေါ် အခြေခံတဲ့ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်း ၃၀ ကျော် တိုက်တွန်းနှိုးဆော်နေခဲ့တာ ဖြစ်ပါတယ်။ လူနည်းစုအဖြစ်ခံနေရတဲ့ တိုင်းရင်းသားများနဲ့ ဘာသာရေး အသိုင်းအဝိုင်းတွေအပေါ် မြန်မာစစ်တပ်က ပြောပြနိုင်စွမ်းမရှိလောက်အောင် ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ ရှင်သန်ကျန်ရစ်သူတွေ အမြောက်အမြားနဲ့ ကျမ တွေ့ဆုံခဲ့ရပါတယ်။

တရားမျှတမှုကို စောင့်မျှော်နေဆဲဖြစ်တဲ့ ကျမရဲ့ ညီအစ်ကိုမောင်နှမတွေအပေါ် သွေးစည်းညီညွတ်မှုကို ဖေါ်ပြရင်း ဒီနေရာ၊ ဒီနေ့မှာ ကျမ ရပ်တည် ရောက်ရှိနေတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများ အပေါ်မှာ မုဒိန်းကျုးလွန်မှုကို စစ်ရေးလက်နက်အဖြစ် အသုံးပြုနေခဲ့တာ ကြာမြင့်လှပြီ ဖြစ်ပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်များက “ရှင်းလင်းရေး စစ်ဆင်ရေးများ”လို့ ခေါ်တဲ့ အချိန်ကာလအတွင်းက ရိုဟင်ဂျာ အမျိုးသမီးများ ခံစားရတဲ့ ကြောက်မက်ဖွယ် ဖြစ်ရပ်များဟာ တုန်လှုပ်ဖွယ်ရာ၊ တမူထူးခြားလှတဲ့ ရက်စက်မှုများ ဖြစ်ပြီး အလျင်အမြန် အရေးတကြီး ကိုင်တွယ်ဖြေရှင်းစရာအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်တွေဟာ ကချင်၊ ရှမ်း၊ တအာဲန်း နဲ့ ရခိုင်လူမျိုးတွေအပါအဝင် အခြားတိုင်းရင်းသား အသိုင်းအဝိုင်းများအပေါ် စစ်တပ်က လုပ်ဆောင်တဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အသုံးပြုတဲ့ ပုံစံလိုမျိုး အလားတူ ဖြစ်နေတာလဲ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကို အားလုံးသိရှိထားပြီးသား ဖြစ်ပါတယ်။ တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂတို့ဟာ စစ်တပ်အနေနဲ့ မုဒိန်းကျင့်မှုကို လက်နက်သဖွယ် စနစ်တကျ၊ တစိုက်မတ်မတ် အသုံးပြုနေမှုကို သေသေချာချာ အကုန်လုံး မှတ်တမ်းတင်ထားပြီးသား ဖြစ်ပါတယ်။ မုဒိန်းကျင့်မှုကို စစ်ရေးလက်နက်သဖွယ် စစ်တပ်ရဲ့ အသုံးပြုနေမှုကို ပထမဆုံး အပြည့်အစုံ မှတ်တမ်းတင်မှုထဲက တစ်ခုကို ရှမ်းအမျိုးသမီး လှုပ်ရှားမှုကွန်ရက် (SWAN) က လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီမှာ ရှမ်းအမျိုးသမီးများနဲ့ အမျိုးသမီးငယ် ၆၂၅ ဦးအပေါ် မြန်မာစစ်တပ်က ကျုးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အသေးစိတ် မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။ မှတ်တမ်းတင်ထားတဲ့ မုဒိန်းကျင့်မှုများထဲက ၆၁% ဟာ အုပ်စုအလိုက် ကျုးလွန်တာဖြစ်ပြီး ၂၅% ဟာ အသက်သေဆုံးခဲ့ရပါတယ်။ အမျိုးသမီးတွေကို လပေါင်းများစွာ ထိန်းသိမ်းထားပြီး အကြိမ်ကြိမ်မုဒိန်းကျင့်ခဲ့တာပါ။ ရှမ်းပြည်နယ်မှာ ပဋိပက္ခတွေ ယနေ့အထိ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ကျမကိုယ်တိုင် ပူးပေါင်းထူထောင်ခဲ့တဲ့ တိုင်းရင်းသား အမျိုးသမီး ၁၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးများ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ) (WLB) အပါအဝင် ကချင်၊ ကရင်နဲ့ တအာဲန်းအမျိုးသမီးအဖွဲ့အစည်းများရဲ့ အလားတူ တွေ့ရှိချက်များကလည်း ဒီလိုတွေ့ရှိချက်အများစုကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီအဖွဲ့အစည်းတွေအားလုံးအနေနဲ့ ပြတ်ပြတ်သားသား နိဂုံးချုပ်ခဲ့တာက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ တိုင်းရင်းသား အမျိုးသမီးများနဲ့ အမျိုးသမီးငယ်များကို ပစ်မှတ်ထားဘို့ တမင်ရည်ရွယ်ပြီး စနစ်တကျပြုလုပ်တဲ့ ပုံစံရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်ဆိုတာပါဘဲ။

ဒီအချက်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင်က ပြီးခဲ့တဲ့နှစ်က အတည်ပြုခဲ့ပြီး “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် တပ်မတော် စစ်ဆင်ရေးများ၏ အထင်ကရ အမှတ်အသား တရပ် ဖြစ်သည်။”လို့ တွေ့ရှိခဲ့ပါတယ်။

အချက်အလက် ရှာဖွေရေးမစ်ရှင်အနေနဲ့ ရိုဟင်ဂျာ ၈ သိန်းကျော်ကို သူတို့ အိမ်၊ မြေယာတွေကနေ အဆုံးမှာ ကြမ်းကြုတ်စွာ မြေလှန်လိုက်ခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်ရပ်လှိုင်း ၃ ခုအတွင်း အမျိုးသားများနဲ့ ယောင်္ကျားကလေးငယ်များ အပါအဝင် ရိုဟင်ဂျာ အမျိုးသမီးများ၊ အမျိုးသမီးငယ်များ၊ ဆန့်ကျင်ဘက်လိင်အဖြစ် ခံယူထားသူများအပေါ် စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျုးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာနဲ့ လိင်စိတ်ခံယူမှုကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကို ထပ်ဆင့် မှတ်တမ်းတင်ထားခဲ့ပါတယ်။
ရိုဟင်ဂျာတွေအပေါ် မုဒိန်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် လိင်စိတ်ခံယူမှုကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုကို အချက်အလက်ရှာဖွေရေး မစ်ရှင်အနေနဲ့ ဖေါ်ပြထားတာကို ကျမ ကောက်နှုတ်ပြရမယ်ဆိုရင် “အရပ်သား လူထု တရပ်အား ခြိမ်းခြောက်ကာ ကြောက်လန့်စေပြီး အပြစ်ပေးရန် နှင့် ထွက်ပြေးစေရန် ရည်ရွယ်၍ သေသေချာချာ စီစဉ်ထားသည့် ဗျုဟာ အစိပ်အပိုင်း တစ်ရပ်ဖြစ်သည်။” လို့ ဖြစ်ပါတယ်။

မစ်ရှင်အနေနဲ့ ဒီပြုမူဆောင်ရွက်ချက်တွေဟာ “လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်များ၊ စစ်ရာဇဝတ်မှုများအဖြစ်၎င်း၊ လူမျိုးတုံးစေလိုသည့် ရည်ရွယ်သဘောထားအဖြစ် ယူဆနိုင်သည့်အချက်များပါ တတွဲတည်း ပါဝင်သည့် လူမျိုးတုံးသတ်ဖြတ်မှု၏ လက်အောက်ခံ လုပ်ဆောင်ချက်များအဖြစ်၎င်း၊ အကျုံးဝင်နေခဲ့သည်။” လို့ ယူဆစရာ ကျိုးကြောင်းခိုင်လုံတဲ့ အခြေခံ အကြောင်းများ ရှိနေခဲ့ကြောင်း နိဂုံးချုပ်ခဲ့တာကို ကျမ ထုတ်နှုတ်ပြောလိုပါတယ်။

လိင်ပိုင်းဆိုင်ရာနှင့် လိင်စိတ်ခံယူမှုကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှု အသုံးပြုပုံကို သေသေချာချာ မှတ်တမ်းတင်ထားတာတွေ၊ အစိုးရအနေနဲ့ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ ပဋိပက္ခအတွင်း အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ လက်မှတ်ထိုးထားတဲ့ ပူးတွဲကြေညာချက်တခု ရှိနေလင့်ကစား အဲဒီလို ရာဇဝတ်မှုတွေ မရှိနေဘူးလို့ မြန်မာနိုင်ငံက အခွင့်အလမ်း ရတိုင်းမှာ ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် စီဒေါကော်မတီကို တင်တဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရက မုဒိန်းပြုကျင့်မှု စွပ်စွဲချက်တွေဟာ “wild claims”ဆိုပြီး ငြင်းပယ်ခဲ့သလို ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပြုလုပ်တဲ့ နိုင်ငံတကာ တရားရုံးရဲ့ ကြားနာမှုမှာလဲ ရိုဟင်ဂျာများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိစ္စကို လုံးဝ မသိကျိုးကျွံ ပြုခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (MICOE) ကလဲ ၂၀၂၀ ခုနှစ် ဇန္နဝါရီလက ထုတ်ပြန်တဲ့ သူ့ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ မုဒိန်းကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အလားတူ လုံးလုံးလျားလျား ငြင်းပယ်ခဲ့ပြီးတဲ့နောက် စစ်တပ်ကို အဲဒီ ရာဇဝတ်မှုကနေ ပြစ်ဒါဏ်ပေးခံရခြင်းမှ ကင်းလွတ်ခြင်းကို ထပ်မံဖြစ်စေခဲ့ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေဖြစ်တဲ့ ပရော်ဖက်ဆာ ဖိလစ်ဆန်းဒ်စ်က နိုင်ငံတကာတရားရုံးမှာ ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းက ပြောခဲ့သလိုပါဘဲ မြန်မာနိုင်ငံရဲ့ နှုတ်ဆိတ်နေမှုဟာ [သူ့] စကားတွေထက်တောင်မှ ပိုတာသွားနေပါတယ်။

လူ့အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်နှံ့နေတဲ့ အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေအပေါ် ကျားမတန်းတူ ညီမျှမှုမရှိခြင်းနဲ့ ခွဲခြားဆက်ဆံမှုများကြောင့် လိင်ပိုင်းဆိုင်ရာနှင့် လိင်စိတ်ခံယူမှုကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုများကို လုပ်ဆောင်ခံနေရတာဖြစ်ပြီး “နောက်ဆုံးရလဒ်မှာ လိင်ပိုင်းဆိုင်ရာနှင့် လိင်စိတ်ခံယူမှုကွဲပြားမှု အခြေခံသည့် အကြမ်းဖက်မှုအား လျော့ပါးသွားမှုမရှိဘဲ ဆက်လက် ဖြစ်စေသော၊ အပြစ်ပေးခံရမှုမှ ကင်းလွတ်သည့် ရာသီဝန်းကျင် ဖြစ်သည်။”ဟု စုံစမ်းစစ်ဆေးရှင် မစ်ရှင်မှ မှတ်ချက်ပြုခဲ့ပါတယ်။

ပြစ်ဒါဏ်ပေးခံရမှုမှ ကင်းလွတ်ခြင်းဟာ ပြည်တွင်း တရားဥပဒေစနစ်နဲ့ တရားစီရင်ရေးရဲ့ ရှုဒေါင့်တိုင်းမှာ စိမ့်ဝင်နေပြီး စစ်တပ်ရဲ့ ပြစ်ဒါဏ်မှ ကင်းလွတ်ခံရခြင်းကို အမြစ်တွယ်စေခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာပါ နေရာယူလာခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုများကို စလုပ်လို့ ရခဲ့တယ်ဆိုရင်တောင် ပိတ်ဆို့ခံရတာ၊ မျက်မြင်သက်သေတွေကို ခြိမ်းခြောက်ခံရတာမျိုး သို့မဟုတ် နှုတ်ပိတ်စေဘို့ အကြမ်းဖက် ပစ်မှတ်အထားခံရတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။

ပြစ်မှုထင်ရှားစီရင်ခြင်း ရှိတယ်ဆိုရင်တောင်မှ အရမ်းကို ဖြစ်တောင့်ဖြစ်ခဲ ဖြစ်တာမျိုးဖြစ်ပြီး များသောအားဖြင့်လဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် မဟုတ်တတ်သလို အပြစ်ဒဏ်တွေဟာလည်း ကျုးလွန်ခဲ့တဲ့ လုပ်ဆောင်မှုတွေရဲ့ ကြီးလေးမှုနဲ့ လိုက်လျောညီထွေမှု မရှိလှပါဘူး။

အဲဒီလိုဖြစ်ရပ်မျိုးကို ၂၀၁၅ ခုနှစ် မြောက်ပိုင်းရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကချင်ကျောင်းဆရာမလေး ၂ ဦးကို နှိပ်စက်ညှဉ်းပမ်း၊ မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ကိစ္စမှာ မြင်နိုင်ပါတယ်။ အဓိက သံသယ ဖြစ်ခံရသူဟာ ဒေသတွင်း မြန်မာစစ်တပ်က တာဝန်ရှိတဲ့ အရာရှိတစ်ဦးဖြစ်ပြီး ဒီအမှုအတွက် တရားမျှတမှုကို ရရှိဘို့ ကြိုးပမ်းမှုတိုင်း တားဆီးခံရပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုများကိုလဲ အစိုးရ ထိပ်ဆုံးအဆင့်တွေက ပိတ်ဆို့တားမြစ်ခြင်းကို ခံရပါတယ်။ ကချင်အသိုင်းအဝိုင်းအနေနဲ့တော့ တရားမျှတမှု ရရှိဘို့ ဆက်လက်အားထုတ်နေဆဲပါ။

အရပ်ဘက် လူ့အဖွဲ့အစည်းများအနေနဲ့ ပြည်တွင်း တရားမျှတမှုနဲ့ တရားဥပဒေပိုင်းဆိုင်ရာ စနစ်အတွင်းမှာ မကောင်းမှုတွေ လွန်ကဲနေတဲ့ အဆောက်အအုံပိုင်းဆိုင်ရာ ကွာဟမှုတွေကို ဖြေရှင်းဘို့ စဉ်ဆက်မပြတ် တောင်းဆိုနေခဲ့သော်လဲ အောင်မြင်တိုးတက်မှုမရှိခဲ့ပါ။ မူကြမ်း ရေးဆွဲဘို့ ၇ နှစ်ကျော် အချိန်ယူခဲ့တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေဟာ အထူးသဖြင့် ပဋိပက္ခနဲ့ ရင်ဆိုင်နေရတဲ့ ဒေသက အမျိုးသမီးများအပါအဝင် အမျိုးသမီးများအားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံ တိုင်ပင်မှုမျိုး မရှိခဲ့ရုံမက မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆိုင်ရာ တာဝန်ရှိမှုစံနှုံးတွေနဲ့လဲ မပြည့်မီခဲ့ပါဘူး။

အဲဒီဥပဒေကို အခုသိပ်မကြာသေးခင်ကမှ လွှတ်တော်မှာ ဆွေးနွေးဘို့ တင်ပြနိုင်ခဲ့တာပါ။ ဒါ့အပြင် ပါရီအခြေခံမူများကို စံမီခြင်းမရှိတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ကော်မရှင်ကလဲ စစ်တပ်အဖွဲ့ဝင်များရဲ့ ချိုးဖောက်မှုတွေကို စုံစမ်းလိုစိတ် မရှိခြင်းကို ထုတ်ဖေါ်ပြသခဲ့ပြီးဖြစ်ပါတယ်။

ဥက္ကဌရှင့်၊

COVID-19 ကူးစက်မှုနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ တကမ္ဘာလုံး အပစ်ခတ်ရပ်စဲရေ’ တောင်းဆိုမှု ရှိနေလင့်ကစား မြန်မာပြည်မှာရှိတဲ့ ပဋိပက္ခဟာ ဆယ်စုနှစ်များစွာထဲမှာ မကြုံဘူးသေးတဲ့ ပြင်းထန်မှု အတိုင်းအတာ တခုကို ရောက်ရှိခဲ့ပါတယ်။ လက်တလော ဇွန်လကမှ မြန်မာပြည်အနောက်ဖက်က ရခိုင်တိုင်းရင်းသားများနဲ့ ရက္ခိုင့်တပ်တော်တို့အပေါ် မြန်မာစစ်တပ်က ရှင်းလင်းရေးစစ်ဆင်ရေးလုပ်မယ့်အကြောင်း ကြေညာခဲ့ပါသေးတယ်။ ဒီပဋိပက္ခကြောင့် ကျယ်ကျယ်ပြန့်ပြန့် နေရာရွှေ့ပြောင်းရမှုနဲ့ အင်တာနက်အသုံးပြုနိုင်မှုကို ကန့်သတ်ခြင်းများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်စေခဲ့ပါတယ်။

ရွှေ့ပြောင်းခံ ရိုဟင်ဂျာ၊ ကမန်၊ ရခိုင်၊ ချင်းနဲ့ အခြားတိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းတို့ရဲ့ ဆိုးရွားပြီးသား အခြေအနေဟာ ရောဂါကူးစက်ပြန့်ပွားမှုအပေါ် တုန့်ပြန်ပြီးပြုလုပ်ခဲ့တဲ့ ကန့်သတ်မှုများကြောင့် ပိုမို ပြင်းထန်လာခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး ကုသစောင့်ရှောက်မှု လက်လှမ်းမီနိုင်ဘို့ အတားအဆီးတွေဟာ ပိုမို ကြီးထွားလာရုံတင်မက လိင်ပိုင်းဆိုင်ရာနဲ့ လိင်စိတ်ခံယူမှုကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုကနေ ရှင်သန်ကျန်ရစ်သူတွေအတွက် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အထိ ဝန်ဆောင်မှုများ ကင်းမဲ့နေပြီးသား အခြေအနေကို ထပ်မံပေါင်းစပ်ပေးလိုက်ပြီး ခွဲခြားဆက်ဆံခံနေရတဲ့ တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းက အမျိုးသမီးများနဲ့ အမျိုးသမီးငယ်များအတွက် ဒီလိုဝန်ဆောင်မှုမျိုးကို ပိုပြီး လက်လှမ်းမမီ ဖြစ်သွားစေပါတယ်။

ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုကို ကျုးလွန်သူတွေကဘဲ မြန်မာနိုင်ငံတလွှား အထူးသဖြင့် ရခိုင်ပြည်နယ်မှာ လေးနက်ပြင်းထန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ဆက်လက်ကျုးလွန်နေဆဲဖြစ်ပါတယ်။ အခုထိ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ တာဝန်ယူတာဝန်ခံမှု မရှိစေသေးဘဲ စစ်တပ်အနေနဲ့လဲ အကြွင်းမဲ့ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်စွာ ဆက်လက် ပြုမူဆောင်ရွက်နေပါတယ်။ အချက်အလက်ရှာဖွေရေး မစ်ရှင်က ခဏခဏပြောပြနေခဲ့သလိုပါဘဲ မြန်မာပြည်မှာ ပြည်တွင်းကနေ တာဝန်ယူမှု၊ တာဝန်ခံမှဖေါ်ဆောင်ဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အလားတူဘဲ အမျိုးသမီးအခွင့်အရေးကို ကာကွယ်ဘို့ သို့မဟုတ် လိင်စိတ်ခံယူမှု ကွဲပြားမှုအပေါ် အခြေခံတဲ့ တန်းတူညီမျှမှုကို ထောက်ပံ့ဘို့ ထိရောက်တဲ့ နိုင်ငံလုံးဆိုင်ရာအဆင့် မူဘောင်လဲ တိုင်းပြည်မှာ မရှိနေပါဘူး။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ခုချိန်မှာ အရေးယူမဆောင်ရွက် နေသေးသ၍ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေမှာ ဖြစ်ပြီး မဆုံးနိုင်တဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ရရှိလာမှာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကနေ ရှင်သန်ကျန်ရစ်သူ ထောင်ပေါင်းများစွာနဲ့ သူတို့မိသားစုများရဲ့ ဘဝများဟာ ပဋိပက္ခရဲ့ ဆက်စပ်ဒါဏ်ရာများကြောင့်ရတဲ့ ရေရှည် မသန်စွမ်းမှုများကြောင့် ထာဝရနီးပါး ပြောင်းလဲသွားရဘို့ များပါတယ်။

ဖခင်သာ မြေပိုင်ဆိုင်ရမယ်ဆိုတဲ့ ဓလေ့ကျင့်သုံးမှုတွေ၊ အစိုးရလုပ်တဲ့ ဖွံ့ဖြိုးရေးအစီအစဉ်များနဲ့ စီးပွားရေးအကျိုးစီးပွားများရဲ့ ကျုးကျော်ဝင်ရောက်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့ မြေသိမ်းမှုတွေကြောင့် အမျိုးသမီးများအနေနဲ့ မြေဘာပိုင်ဆိုင်မှုမဲ့မယ့် အန္တရာယ်ဟာ ထာဝရ ဖြစ်သွားမယ့် အဓိပ္ပာယ်ဖြစ်လာပါတယ်။

ဒါ့ကြောင့် ရိုဟင်ဂျာများ ခံစားနေရတဲ့ ရာဇဝတ်မှုများ၊ အလားတူ အခြားတိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုများကို အခု လက်ရှိ အကန့်အသတ်ဖြစ်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများဆိုင်ရာ တရားရုံး (ICC) ရဲ့ စုံစမ်းစစ်ဆေးမှုထက် ကျော်လွန်ပြီး စုံစမ်းနိုင်ဘို့အတွက် မြန်မာနိုင်ငံရဲ့ အခြေအနေကို (ICC) ထံ လွှဲပြောင်းပေးဘို့ သို့မဟုတ် သီးသန့် နိုင်ငံတကာခုံရုံး (Ad hoc international tribunal) တခု ဖန်တီးဘို့ ကျမအနေနဲ့ လုံခြုံရေးကောင်စီကို တိုက်တွန်းပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နိုင်ငံတကာ တရားရုံး (ICJ) ကနေ ဆုံးဖြတ်ထားတဲ့ ယာယီကြားဖြတ်အစီအစဉ်များကို မြန်မာနိုင်ငံမှ လိုက်နာစေရန် သေချာစေမယ့် ဟန်ချက်ညီ ပူးပေါင်းအားထုတ်မှုတခုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ခွဲခြားဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဘို့၊ ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်မှု ပြန်ပေးအပ်ဘို့၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နဲ့ လူသားချင်ဆိုင်ရာ အကူအညီလက်လှမ်းမီမှုတွေအပေါ်မှာ ကန့်သတ်ထားတာတွေ ရုတ်သိမ်းဘို့ အစရှိတာတွေကို သေချာစေမယ့် ထပ်မံလုပ်ဆောင်ချက်များ ပိုမိုလိုအပ်နေပါတယ်။ အဲဒါတွေဟာ ရိုဟင်ဂျာတွေ လုံခြုံစွာ မိမိသဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်လာနိုင်ဘို့အတွက် လိုအပ်တဲ့ ကြိုတင် အခြေအနေသတ်မှတ်ချက်များ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုများနဲ့ ဘာသာရေး အသိုင်းအဝိုင်းများအားလုံးအပေါ် ကျုးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်များအပေါ် အာရုံစူးစိုက်မှုရရှိစေရန် ဆောင်ရွက်ခဲ့ကြတဲ့ အချက်အလက် ရှာဖွေရေးမစ်ရှင်နဲ့ ယခင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအရာရှိတို့ရဲ့ သတ္တိပြောင်မြောက်တဲ့ အားထုတ်မှုများကို ကျမအနေနဲ့ ချီးကျုးပါတယ်။

ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ဖြစ်ရပ်များ ရပ်ဆိုင်းဘို့ ကုလသမဂ္ဂက အားထုတ်ရန် ပျက်ကွက်မှုအပေါ် စစ်ဆေးသုံးသပ်တဲ့ ရိုဆန်သောလ် (Rosenthal Inquiry) စုံစမ်းမှုက မှန်မှန်ကန်ကန် အသိအမှတ်ပြုထားခဲ့သလို အဲဒီလို သင်ခန်းစာတွေကို နောက်ဆုံးမှာ နားလည်သဘောပေါက်ခဲ့ပြီဆိုရင် ကုလသမဂ္ဂအနေနဲ့ ဒီအချိန်လေးကို အဓိကကျတဲ့ အလှည့်အပြောင်း အခိုက်အတန့်တရပ်လို့ ကြည့်မြင်ပြီး ၂၀၁၇ ခုနှစ်တုန်းကလိုမျိုး “စနစ်တကျ ပျက်ကွက်မှု” ဘယ်တော့မှ နောက်တကြိမ် ထပ်မဖြစ်ရတော့ဘူးလို့ သေချာစေမယ့် လူ့အခွင့်အရေးကို ဦးစားပေးတဲ့၊ ပြတ်သားပြီး အဆုံးဖြတ်ဖြစ်စေမယ့် မူအခြေခံတဲ့၊ ညီညွတ်တဲ့ အသံကို ဖေါ်ထုတ်ဘို့ အလွန်အရေးကြီးပါတယ်။

ကံအကြောင်းမလှစွာဘဲ ရိုဆန်သောလ် အစီရင်ခံစာက အကြံပြုတင်ပြချက်တွေက ကုလသမဂ္ဂစနစ်ထဲမှာ မြင်တွေ့လောက်စရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာမျိုး ဒီနေ့ထက်ထိ မတွေ့ရသေးပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အထူးသံတမန်အနေနဲ့ အစိုးရရဲ့ အန္တရာယ်ရှိလှတဲ့ လူမျိုးရေးဆန်ပြီး ခွဲခြားမှုရှိတဲ့ ဇတ်ကြောင်းရှင်းပြမှုမျိုးကို ငြင်းဆန်ဘို့၊ ရိုဟင်ဂျာတွေရဲ့ တည်ရှိမှုကို ငြင်းပယ်ဘို့ ဦးတည်နေတဲ့ နိုင်ငံသားစီစစ်ခံမည့်သူ၏ သက်သေခံကဒ်ပြား လုပ်ငန်းစဉ်ကို တရားဝင်မှု ပေးတာမျိုး မလုပ်မိစေဘို့ ကျမအနေနဲ့ တိုက်တွန်းလိုပါတယ်။

ဥက္ကဌရှင့်၊
ကျမဟာ ကောင်စီရှေ့မှောက်မှာ ပထမဦးဆုံး ပြောဆိုခဲ့တဲ့ မြန်မာပြည်က အမျိုးသမီးတစ်ဦး မဟုတ်ပါဘူး။ ကျမရဲ့ ရိုဟင်ဂျာညီမတစ်ဦးဖြစ်တဲ့ ရာဇီယာ ဆူလ်တနာဟာ လူကြီးမင်းတို့ ရှေ့မှောက်မှာ ၂၀၁၈ ခုနှစ် ဧပြီလက လာရောက်ထွက်ဆိုခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် များစွာသော သတ္တိပြောင်မြောက်တဲ့ ကျမရဲ့ တိုင်းရင်းသား ညီအစ်မများကလဲ အခြားတိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများကိုယ်စား နိုင်ငံတကာအသိုင်းအဝိုင်းကို အရေးယူ ဆောင်ရွက်ပေးဘို့ အဖန်တလဲလဲ တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်။

ကရင်၊ ကချင်၊ ရိုဟင်ဂျာ၊ ရခိုင်နဲ့ အခြားသူများအားလုံး တပ်မတော်ရဲ့လက်ထဲမှာ ကြီးမားတဲ့ ခံစားမှုကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
နောက်ထပ်တစ်ယောက် ဘယ်သူလာရအုန်းမှာပါလဲ။ မြန်မာစစ်တပ်ကို တာဝန်ယူ၊ တာဝန်ခံမှုဖြစ်စေဘို့ လူကြီးမင်းတို့ရှေ့မှာ ဘယ်သူက ထပ်လာပြီး တိုက်တွန်းရအုန်းမှာပါလဲ။

မတူညီတဲ့ တိုင်းရင်းသားနောက်ခံတွေရှိတဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနဲ့ လူမှုအသိုင်းအဝန်း ခေါင်းဆောင်များအနေနဲ့ ကျမတို့ဟာ ငြိမ်းချမ်းပြီး ဒီမိုကရေစီကျတဲ့ မြန်မာနိုင်ငံဖြစ်ပေါ်လာအောင် အတူတကွ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေ မလုပ်ခင် ဒီအချိန်ဟာ ကျမတို့ သမိုင်းအတွက် အဆုံးအဖြတ်ဖြစ်မယ့် အခိုက်အတန့် အချိန်လေးဖြစ်ပါတယ်။ မြန်မာပြည်က ပြည်သူအားလုံးကို အကျိုးပြုမယ့် ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ တာဝန်ယူတာဝန်ခံမှုအတွက် ကျမတို့ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံအားပေး ပေးဘို့ လူကြီးမင်းများကို ကျမတို့အနေနဲ့ တိုက်တွန်းလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts