All News China Watch interview Peace

မြစ်ဆုံစီမံကိန်း ပြန်စဖို့ ပြောဆိုတဲ့ ကြံ့ခိုင်ရေးပါတီအမတ် ပြည်သူကို ပြန်တောင်းပန်ဖို့ ရှေ့နေ ဦးဖိုးဖြူပြော

မြစ်ဆုံစီမံကိန်း ပြန်စဖို့ ပြောဆိုတဲ့ ကြံ့ခိုင်ရေးပါတီအမတ် ပြည်သူကို ပြန်တောင်းပန်ဖို့ ရှေ့နေ ဦးဖိုးဖြူပြော

By ရန်ကုန်ခေတ်သစ်

ကချင်ပြည်နယ် က မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ကို အစိုးရ ချင်းညှိနှိုင်းပြီး ပြန်လည်တည်ဆောက် သင့်တယ်လို့ ကြံ့ခိုင်ရေး ပါတီ အမတ် ဦးကျော်နီနိုင်က ဇူလိုင်လ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

ကျေးလက်ဒေသလျှပ်စစ်ဓါတ်အားရရှိမှုမြှင့် တင်ရေး စီမံကိန်းအကောင်အထည်ဖော်နိုင်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံကနေ ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ရယူဖို့နဲ့ပတ်သက်ပြီးဆွေးနွေးစဉ် ကြံ့ခိုင်ရေးပါတီအမတ် ဦးကျော်နီနိုင်က မြစ်ဆုံစီမံကိန်း ပြန်လည်ဆောင်ရွက်ဖို့ တိုက်တွန်း ဆွေးနွေးခဲ့တာပါ။

ရှေ့နေ ဦးဖိုးဖြူက မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ပြောဆိုမှု အပေါ် ကန့်ကွက်လိုက်ပြီး ပြည်သူကို ပြန်လည်တောင်းပန်ဖို့ တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်ခေတ်သစ်က ရှေ့နေ ဦးဖိုးဖြူကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်စတင်ဖို့ ကြံ့ခိုင်ရေးပါတီ အမတ်တစ်ဦးက တောင်းဆိုတဲ့အပေါ် ကန့်ကွက်တယ်လို့ ကြေညာချက် ထုတ်ရတဲ့အကြောင်းအရင်းကို ရှင်းပြပေးပါ။

ဖြေ။ ။ အများပြည်သူကလည်းပဲ လက်မခံဘူး။ ဆန့်ကျင်တယ်။ Public Opinion ကဒီလိုသွားနေတယ်ပေါ့။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်အရကလည်းပဲ မြစ်ကြောင်းတွေ ထိန်းသိမ်းဖို့အတွက် တစ်ကမ္ဘာလုံးက ဆော်ဩနေတဲ့ အခြေအနေမျိုး UN ကကိုဦးဆောင်ပြီးတော့ မြစ်ကြောင်းတွေကို ထိန်းသိမ်းဖို့အတွက် တိုက်တွန်းနေတဲ့ အခြေအနေမျိုး အဲတော့ တစ်ကမ္ဘာလုံးရဲ့ အစီအစဉ်ကလည်းပဲ မြစ်ကြောင်းထိန်းသိမ်းဖို့ ဆောင်ရွက်ရမယ့် အခြေအနေတွေဖြစ်တယ်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ့် အခြေအနေတွေဖြစ်တယ်။ ကျွန်တော်တို့ ဒေသတွင်းအနေနဲ့ ကျပြန်တော့လည်းပဲ ဖွံ့ဖြိုးရေးကို ကျွန်တော်တို့ မျက်ကွယ်မပြုဘဲနဲ့ ဆောင်ရွက်ရမှာဖြစ်သလို အခြားတစ်ဖက်မှာလည်းပဲ ကျွန်တော်တို့ရဲ့ ဒေသတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်ရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ အဲတော့ အဲလိုအခြေအနေဖြစ်နေတယ်ဆိုတာကို တစ်တိုင်းတစ်ပြည်လုံးလည်းသိတယ်။ ပြည်သူတစ်ရပ်လုံးကလည်း လက်ခံထားတယ်။ ဒါကြောင့်မို့လို့ မြစ်ဆုံရေကာတာဆည်စီမံကိန်းကြီးကို ကျွန်တော်တို့က တစ်တိုင်းတစ်ပြည်လုံးက လက်သင့်မခံဘူးဆိုတာဟာ အတိအလင်းလည်း ဖော်ထုတ်ချက်ဖြစ်တယ်။ တရားဝင်လည်း ဆန့်ကျင်နေတယ်။

ဒီလိုအခြေအနေမျိုးကို အာဏာပိုင်တွေက အဆုံးအဖြတ်ပေးရတော့မယ့် အခြေအနေတစ်ခုကို ကျရောက်နေပြီ ဒီလိုအခြေအနေမျိုးမှာ လွှတ်တော်မှာ အခုလိုမျိုး ဒါကြီးကို ဆက်အကောင်အထည်ဖော်ဖို့အတွက် အဆိုပြုတယ်။ ဆွေးနွေးတယ်။ တိုက်တွန်းတယ် ဆိုတဲ့အခါကျတော့ ဒါ့ပြည်သူတွေရဲ့ သဘောထား ပြည်သူတွေရဲ့ ဆန္ဒ လူထုရဲ့ လိုလားချက်ကို ဆန့်ကျင်လိုက်တာပဲ ဖြစ်တယ်လို့ ကျွန်တော် ဒီလိုပဲနားလည်မိပါတယ်။

ဒါကြောင့်မို့လို့ ဒီလိုပြုမူဆောင်ရွက်ချက်ဟာ ကျွန်တော်တို့ပြည်သူလူထု သဘောထားအနေနဲ့ကတော့ လုံးဝလက်သင့်မခံနိုင်ပါဘူးလို့ အတိအလင်းထုတ်ပြန်လိုက်တာပါ။

မေး။ ။ ဒီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာတွေဆက်လက်လုပ်ဆောင်ဖို့ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ဘက်က ဒီစာချုပ်ကို အများပြည်သူကို ထုတ်ပြန်ပေးဖို့အတွက် ကျွန်တော်တို့ ဆက်လက်တောင်းဆိုသွားဖို့ရှိပါတယ်။ အဲတာအပြင်ကို ဒီစာချုပ်ကို တရားဝင်ပြည်သူပြည်သားတွေ မိတ္တူကူးယူခွင့် လေ့လာခွင့်ပေးပါဆိုတာမျိုးကို ကျွန်တော်တို့ ဆက်လက်တောင်းဆိုသွားဖို့ရှိပါတယ်။

ဒါကတော့ လုပ်ငန်းစဉ်တွေထဲက တစ်စိတ်တစ်ပိုင်း တစ်ရပ်ပါ။ နောက်တစ်ပိုင်းမှာ ဒီစာချုပ်ကြီးကို ပယ်ဖျက်ဖို့ ပျက်ပြယ်ဖို့ လုပ်ငန်းစဉ်တွေလည်း ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်။

မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားရုံးမှာ ဥပဒေကြောင်းအရ လုပ်ဆောင်နေတဲ့ အပိုင်းကကော ဘယ်အဆင့်ထိရောက်ပြီလဲ။

ဖြေ။ ။ အခုဆိုရင်တော့ တားမြစ်စေ စာချွန်တော် ကျွန်တော်တို့ တင်သွင်းထားတယ်။ အဲဒါအပြင် နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေ အနေနဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတွေ ပြည်တွင်းမှာ အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတွေရှိတယ်။
အဲတော့ CPI ကုမ္ပဏီနဲ့ အေးရှားဝေါလ် ကုမ္ပဏီကဒါကို ပြည်တွင်းမှာ လက်တွေ့အကောင်အထည်ဖော်နေတယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရှိရတယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းမှာ လက်တွေ့အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတွေ အကောင်အထည်မဖော်အောင် ရပ်စဲဖို့အတွက် တားမြစ်စေ စာချွန်တော်ကို ကျွန်တော်တို့ ဆက်လက်လျှောက်ထား ဆောင်ရွက်သွားဦးမှာဖြစ်ပါတယ်။

မေး။ ။ မြစ်ဆုံ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ပြီး လုပ်ဆောင်မယ်ဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဆက်လုပ်မယ်ဆိုရင် ကမ္ဘာအရပ်ရပ်မှာ ဒီရက်ပိုင်းအတွင်းကိုပဲ ဆည်တွေ ရေကာတာကျိုးတဲ့ ပြဿနာရပ်တွေ ကမ္ဘာအရပ်ရပ်မှာ ကြုံတွေ့နေရတာတွေ ကျွန်တော်တို့ရှိပါတယ်။ ပထမဆုံးအနေနဲ့ အဲဒီဆည်ကြီးဟာ တကယ်တမ်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ ကမ္ဘာ့ပညာရှင်တွေရဲ့ တိုင်းတာချက်အရ ငလျင်ကြောရဲ့ လမ်းကြောင်းမှာ ရှိနေတယ်ဆိုတာကို သိရှိထားရတယ်။

ဒါကြောင့်မို့ အချိန်မရွေး ဆည်ရေကာတာဟာ ကျိုးသွားနိုင်တယ်။ ဒါ့အပြင် တကယ်လို့ ငလျင်ကြောပေါ်မှာ ကျရောက်ခဲ့တာမဟုတ်ပါဘူး။ အကြောင်းပြချက် မျိုးစုံနဲ့ သွေဖည်သွားနိုင်ခဲ့တယ်ဆိုရင်တောင် ကမ္ဘာအရပ်ရပ်မှာ တရုတ်ကုမ္ပဏီတွေက ဆောက်ခဲ့တဲ့ ဆည်ရေကာတာတွေ ကျိုးလို့ ဒုက္ခရောက်ခဲ့တဲ့ နိုင်ငံတွေအနေနဲ့ သာဓကတွေအနေနဲ့ ရှိခဲ့တယ်။

တကယ်လို့များ မလွှဲသာမရှောင်သာလို့များ မပြောကောင်းမဆိုကောင်း ဆည်ရေကာတာသာ ကျိုးခဲ့မယ်ဆိုရင် နာရီဝက်အတွင်း မြစ်ကြီးနားမြို့ဟာ ရေအောက်ကို နစ်မြုပ်သွားမှာဖြစ်တယ်။ အဲဒါအပြင်ကို ကျွန်တော်တို့ လက်တလောမှာ တကယ်လို့ ဆည်ရေကာတာကြီးဟာ မကျိုးခဲ့ဘူးဆိုရင်တောင်မှ ကျွန်တော်တို့ ကျော်ရမယ့် နောက်ထပ်ပြဿနာတစ်ခုက ဘာလဲဆိုတော့ ပင်လယ်ရေက မြင့်တက်လာပြီးတော့ ဧရာဝတီတိုင်းထဲမှာရှိတဲ့ မြစ်ရေထက်ကို ပိုမြင့်သွားမယ်။ အဲဒီခါမှာ တားမှတ်ရေပေါက်ပြီးတော့ ဧရာဝတီမြစ်ကြောကြီးတစ်ခုလုံးမှာ ဘေးဝဲယာမှာရှိတဲ့ ဧရာဝတီတိုင်းဒေသမှာရှိတဲ့ စပါးကျီဆန်အိုးကြီးတွေဟာ ပျက်စီးသွားမှာဖြစ်ပါတယ်။

အဲတာအပြင်ကို ဧရာဝတီ မြစ်ကြောင်းကြီးဟာ ရေစီးနှေးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် သူ့မြစ်ဝှမ်းကို မှီခိုနေကျရတဲ့ အသက်မွေးဝမ်းကြောင်း လယ်ဧကပေါင်း သန်းနဲ့ချီပြီးတော့ ပျက်စီးဆုံးရှုံးဖို့တွေ ရှိပါတယ်။ အဲတော့ ဒီလိုအခြေအနေတွေကို တိုင်းပြည်ရဲ့ သယံဇာတတွေကုန်ဆုံးတာ အပြင်ကို တိုင်းပြည်ရဲ့ စပါးကျီ ဝမ်းစာတွေပါ။ ကုန်ဆုံးတဲ့အပြင် ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကြီးပါ ပျက်စီးသွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းဖို့အတွက် မြစ်ဆုံကို ထိန်းသိမ်းဖို့အတွက် ပြည်သူပြည်သားတွေဟာ အစဉ်တစ်စိုက် လိုအပ်နေတာပဲဖြစ်ပါတယ်။

မေး။ ။ ကြံ့ခိုင်ရေးပါတီအမတ်က ပြည်ထောင်စုလွှတ်တော်မှာ စီမံကိန်းပြန်စဖို့ အဆိုပြုတာဆိုတော့ ကြံ့ခိုင်ရေးပါတီကို ဒီထုတ်ပြန်ချက်ပေးပို့မှာလား။

ဖြေ။ ။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့က အများပြည်သူရဲ့ သဘောထား တစ်ရပ်ကို အများပြည်သူ သကဲ့သို့ ကျွန်တော်တို့မှာလည်း ဒီလိုသဘောထားရှိပါတယ်လို့ ကျွန်တော်တို့ ထုတ်ပြန်တာနဲ့ ကျွန်တော်တို့ဟာ သဘောထားအရ ဒီလိုပဲ ဆောင်ရွက်သင့်ပါတယ်။ ခင်ဗျာတို့ တောင်းပန်သင့်တယ်။ ပြည်သူလူထုကို တောင်းပန်သင့်ပါတယ်လို့ ကျွန်တော်တို့ရဲ့ ကြေညာချက်ကို ထုတ်ပြန်တာပါ။

ပါတီအပေါ်မှာကော လူပုဂ္ဂိုလ် အပေါ်မှာကော ကျွန်တော်တို့ဖက်က အရေးယူဆောင်ရွက်ဖို့အတွက်တော့ ကျွန်တော်တို့မှာ ဘာမှမရှိပါဘူး။ တကယ်တမ်း ပြည်သူပြည်သား ကိုယ်တိုင်ကပဲ ဒီကိစ္စကို ဆောင်ရွက်ရမှာပါ။ ဆောင်ရွက်ရမယ့် နည်းလမ်းကတော့ ငါတို့ပြည်သူပြည်သားတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်တဲ့ အဆိုတွေ ငါတို့ပြည်သူပြည်သားရဲ့ သဘောထားတွေနဲ့ လူထုရဲ့ ဆန္ဒတွေနဲ့ ဆန့်ကျင်တဲ့ လုပ်ငန်းကို လုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ကိုယ်စားလှယ်သည် ငါတို့ပြည်သူကိုမှ ကိုယ်စားမပြုတော့တဲ့ အတွက်ကြောင့်မို့လို့ လွှတ်တော်လည်းမတက်နဲ့တော့ဆိုပြီးတော့ ပြန်ခေါ်တဲ့ လုပ်ငန်းများ Right To Recall လို့ဆိုတဲ့ ပြန်ခေါ်တဲ့ လုပ်ငန်းမျိုးကို လုပ်ရမှာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာက Right To Recall နဲ့ပတ်သက်တဲ့ ပြဌာန်းချက်ကို ပြဌာန်းထားပေမယ့် အကောင်အထည်ဖော်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်ခေါ်ခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းထားခြင်းမရှိသေးဘူးဖြစ်နေတယ်။ ဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့မှာ Function out နေတယ်ပေါ့။ ပြည်သူပြည်သားတွေဟာ ကိုယ့်ပြည်သူကို ကိုယ်စားမပြုတဲ့ ကိုယ့်ဒေသကို တကယ်ကိုယ်စားမပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်သူတွေကိုယ်တိုင် ပြန်ခေါ်ခွင့်မရှိတဲ့ အခြေအနေ ပြန်ပြီးရုပ်သိမ်းခွင့်မရှိတဲ့ အခြေအနေကို ဒီလိုအခက်အခဲကို ကြုံတွေ့နေရပါတယ်လို့ပြောချင်တယ်။

မေး။ ။ ဘာများဖြည့်စွက် ပြောကြားချင်တာရှိလဲ။

ဖြေ။ ။ ဒီထုတ်ပြန်ချက်ကတော့ ပြည်သူလူထု အများပြည်သူရဲ့ သဘောဆန္ဒကို ဆန့်ကျင်တဲ့အတွက် ကျွန်တော်တို့လည်း ထပ်တူကန့်ကွက်ရှုတ်ချပါတယ်လို့ ကျွန်တော်တို့ ဥပဒေအဖွဲ့ကနေပြီးတော့ ကန့်ကွက်ရှုတ်ချကြောင်းကို ထုတ်ပြန်ခြင်းပဲဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူလူထုကို တောင်းပန်ပေးပါ။ ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်တာကို ဆောင်ရွက်တယ်။ လူထုသဘောထားပေါ်မှာ မျက်ကွယ်ပြုတဲ့ဆောင်ရွက်ချက်တွေအတွက်ကို ကျွန်တော်တို့ ပြည်သူလူထုကြီးပေါ်မှာ တောင်းပန်ပေးပါလို့ ကျွန်တော်တို့ သဘောထားကို ထုတ်ပြန်တာပဲဖြစ်ပါတယ်။ ဒုတိယတစ်ပိုင်းကတော့ နိုင်ငံရေး ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိသလောက်ကိုတောင် အကောင်အထည်ဖော်ခွင့်မရှိတဲ့ အခြေအနေကို ကြုံတွေ့နေရတယ်။

ဘာကြောင့်လဲဆိုတော့ Right To Recall လိုဥပဒေမျိုးကို ပြည်တွင်းမှာ မပြဌာန်းသေးတဲ့အတွက် ပြည်သူဟာ ရွေးကောက်တင်မြှောက်ခွင့်ရှိပြီးတော့ ကိုယ်ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ကိုယ်ပြန်ရုပ်သိမ်းခွင့်မရှိတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts