Education Peace political news

မီဒီယာသည် တပ်မတော်ကို ခြုံခိုတိုက် ခိုက်ရန် အကြောင်းမရှိပါ၊ ရန်သူကဲ့သို့ ဆက်ဆံ သဘောထားမှု ပြောင်းလဲသင့်သည်

အယ်ဒီတာ့အာဘော်

မီဒီယာသည် တပ်မတော်ကို ခြုံခိုတိုက်ခိုက်ရန် အကြောင်းမရှိပါ၊ ရန်သူကဲ့သို့ ဆက်ဆံ သဘောထားမှု ပြောင်းလဲသင့်သည်

သတင်းမီဒီယာများသည် တပ်မတော်ကို ခြုံခိုတိုက်ခိုက်နေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၂၅ ရက်နေ့ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ စကားအပြည့်အစုံကို ပြန်လည် ဖော်ပြရမည်ဆိုပါလျှင်

” ရန်သူကတစ်မျိုး မီဒီယာကတစ်မျိုး ပြီးရင် တခါတလေမှာလည်း ရန်သူက ခြုံခိုပြီးတော့ တိုက်ခိုက်တာတင်မဟုတ်ဘူး။ မီဒီယာကပါ ခြုံခိုပြီး တိုက်ခိုက်သေးတယ်။ ဘယ်မီဒီယာမှ ရည်ညွှန်းပြီးပြောတာမဟုတ်ဘူး။ ဒါခင်ဗျားတို့အလုပ် ခင်ဗျားတို့အလုပ် ခင်ဗျားတို့လုပ်တာ ကျွန်တော်တို့ ဘာမှပြောစရာအကြောင်းမရှိဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသွားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၏ စကားသည် မီဒီယာများပေါ် အထင်အမြင်လွဲမှားမှုနှင့် စိတ်ဆိုးဒေါသဖြစ်မှု ၊ရန်လိုမှု၊ မီဒီယာကို နားမလည်ခြင်း ဟူသော Media Literacy နည်းပါးမှု ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

လွတ်လပ်သော ပုဂ္ဂလိက သတင်းမီဒီယာများသည် ဒီမိုကရေစီစနစ်၏ အခြေခံ အုတ်မြစ်အုတ်တိုင်များဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရသော်လည်းကောင်း၊ သတင်းမီဒီယာဥပဒေအရသော်လည်းကောင်း လူထု၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနေရသည့် စတုတ္တမဏ္ဍိုင်တစ်ရပ်ဖြစ်သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောဆိုခဲ့သော စကားရပ်ကို ပြန်လည် လေ့လာကြည့်မည်ဆိုပါကတပ်မတော်သည် မီဒီယာများကို ရန်သူနှင့် တစ်တန်းတစ်စားတည်း ထားနေသည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ ရန်သူကတစ်မျိုး၊ မီဒီယာကတစ်မျိုး ခြုံခိုတိုက်ခိုက်သည်ဟု ပြောဆိုသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ သတင်းမီဒီယာများသည် ယင်းဒေသသို့ သွားရောက်၍ သတင်းများကို စုံစမ်းမေးမြန်း၍ မြေပြင်သတင်းဖော်ပြပိုင်ခွင့် ပိတ်ပင်ခံထားရသည်။ အလားတူ ရခိုင်ဒေသတွင် အင်တာနက်များလည်း ပိတ်ပင်ထားသည်။

ထိုသို့ သော အခြေအနေများကြားမှ မီဒီယာများသည် စစ်ပွဲကြောင့် ရခိုင်ပြည်သူလူထု ခံစားနေရသော အခြေအနေသတင်းများကို အဆက်မပြတ် ကြိုးစား၍ တင်ဆက်ပေးနေကြသည်။ ထိုသို့ ရခိုင်လူထုကြုံတွေ့ရမှု အခြေအနေများကို ဖော်ပြခြင်းသည် တပ်မတော်ကို ခြုံခိုတိုက်ခိုက်ခြင်း မဟုတ်ပေ။

တပ်မတော်အနေဖြင့် ရခိုင်ဒေသတွင် အရပ်သား ပြည်သူများထိခိုက်မှု မရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ပြီး AA ရခိုင် လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့်လည်း ရပ်ရွာများတွင် အခြေပြု၍ အရပ်သားများနှင့် ရောနှော နေမှုများကို လုံး၀ ရှောင်ကြည်ရမည်ဖြစ်သည်။

အဆိုပါ အခြေအနေ နှစ်ရပ်ကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ များစွာကြုံတွေ့လာရခြင်းဖြစ်သည်။

အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်နက်ကိုင်အဖွဲ့နှစ်ခုစလုံးက ကျူးလွန်ကြပြီး အများစုသော ချိုးဖောက်မှုများသည် တပ်မတော်နှင့် ဆက်နွယ်နေသည်ဟု ရခိုင်ဒေသခံများက ပြောဆိုထားကြသည်။

သတင်းမီဒီယာများအနေဖြင့် သတင်းများဖော်ပြရာတွင် ဘက်စုံတင်ပြရခြင်းဟူသော Balance လုပ်ခြင်းများကို တတ်စွမ်းသမျှ လုပ်ဆောင်ကြသည်။ သို့ရာတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ တပ်မတော်ပြောရေးဆိုခွင့်ရှိသူများကို မီဒီယာများက သဘောထားမှတ်ချက်တောင်းခံခြင်း၊ အခြေအနေ မေးမြန်းခြင်းတို့အတွက် ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခြင်း၊ အဆက်အသွယ်မရခြင်းများကို အမြဲလိုလို ကြုံတွေ့ကြရပြန်သည်။

ဘက်တစ်ခုမှ ဖြစ်ပေါ်လာသော ရခိုင်ပြည်နယ် အခြေအနေသတင်းများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ပြန်လည်ဖြေရှင်းခွင့်ရှိပြီး မီဒီယာများကလည်း မျှတမှုအတွက် တပ်မတော်ကို ဆက်သွယ်ကြမည်သာဖြစ်သည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် သတင်းမီဒီယာများမေးမြန်းသည်များကို အချိန်မဆိုင်း ပြန်လည် ဖြေကြားသည်သာ အကောင်းဆုံးဖြစ်ပြီး ယင်းသို့ ဖြေကြားခြင်းမှာလည်း မီဒီယာများကို ဖြေကြားခြင်းမဟုတ်ဘဲ လူထုထံသို့ ပြန်လည်ဖြေရှင်းခြင်းဟူ၍ သဘောထားရန် လိုအပ်ပါသည်။

“ငါနှင့်မတူ ငါ့ရန်သူ” ဟူသော သဘောထားဖြင့် မီဒီယာများကို မဆက်ဆံသင့်ပေ။ Institution များအနေဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ကျင့်ကြံလုပ်ကိုင်ပါလျှင် မည်သည့်ပြဿနာမှ မဖြစ်နိုင်သော်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်လာပြီဆိုပါက စောင့်ကြည့်ရသော မီဒီယာများက ရေးသားဖော်ပြကြမည်သာဖြစ်သည်။ ယင်းသို့ ဖော်ပြမှုများကိုလည်း အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန်သာ အဓိကဖြစ်သည်။

Institution များသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း ၊ စည်းကမ်းများကို လိုက်နာပြီး ကောင်းမွန်နေပါက မီဒီယာစာမျက်နှာများပေါ်တွင် ရောက်ရှိလာရန် အကြောင်းမရှိပေ။

အာဏာရှိသူများအနေဖြင့် Access to Information သတင်းရပိုင်ခွင့်မပေး၊ Right to Information သတင်းသိပိုင်ခွင့်ကိုလည်း အသိအမှတ်မပြု၊ Media Literacy မီဒီယာကို သိနားလည်ခြင်းမရှိဘဲ ရန်သူကဲ့သို့ ဆက်လက် ပြုမူ ဆက်ဆံနေမှုများသည် နိုင်ငံတော်၏ ပုံရိပ်ကို ထိခိုက်စေရုံမက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လည်း အကြီးအကျယ်ထိခိုက်စေသည့်အပြင် လူထု၏ အခြေခံအခွင့်အရေး သတင်းများ လွတ်လပ်စွာ သိရှိပိုင်ခွင့်ကို ဖိနှိပ်နေသည်ကို သတိချပ်ရန် အရေးကြီးလှသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts