All News Local News Peace

မင်းပြားနှင့် ကျောက်တော်တို့မှ အရပ်သား ၄ဦးကို ၅လကျော်ကြာ တပ်မတော်ဖမ်းဆီးထားပြီးနောက် ပျောက်ဆုံးနေမှု လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားမည်

မင်းပြားနှင့် ကျောက်တော်တို့မှ အရပ်သား ၄ဦးကို ၅လကျော်ကြာ တပ်မတော်ဖမ်းဆီးထားပြီးနောက် ပျောက်ဆုံးနေမှု လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားမည်

ရန်ကုန်၊ ဇူလိုင် ၂

ရခိုင်ပြည်နယ် မင်းပြားနှင့် ကျောက်တော်မြို့နယ်တွင် အရပ်သားပြည်သူ ၄ဦးကို တပ်မတော်ကဖမ်းဆီးသွားသည်မှာ ၅လကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောဆိုသည်။

“ လူ့အခွင့်အရေးကော်မရှင်ကိုပို့တာက ကျောက်တော်က နှစ်ယောက်ဟာကို ပို့ထားတာရှိပါတယ်။ အခုမင်းပြားမှာ ဖြစ်တဲ့ ဖြစ်စဉ်ကိုကျတော့ အခုမှပဲပို့ရမှာပေါ့။ ကျွန်တော်တို့ ပို့ဖို့စီစဉ်နေပါတယ်။ မပို့ရသေးဘူးပေါ့” ဟု၎င်းကပြောဆိုသည်။

မင်းပြားမြို့နယ်တွင် ဖြစ်ပွားသည့် ဖမ်းဆီးခံရသူ ဦးသန်းချေနှင့် မောင်ဝင်းရှည်တို့ကို မတ်လ ၁ရက်နေ့တွင် ဖားပြိုကျေးရွာမှ မင်းပြားမြို့သို့ ဆိုင်ကယ်ဖြင့် ဈေးဝယ်သွားစဉ် ရာမောင်တံတားအနီးတွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ယနေ့ချိန်ထိ မိသားစုနှင့်အဆက်အသွယ်မရသေးကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့သို့ ဇူလိုင်လ ၁ရက်နေ့က မိသားစုဝင်များမှ လာရောက်တိုင်ကြားထားကြောင်း သိရသည်။

အလားတူ ကျောက်တော်မြို့နယ်မှ ဦးထွန်းရွှေနှင့် ကိုကွန်ချုပ်မောင်တို့ကို ဖေဖော်ဝါရီ ၂၆ရက်နေ့ ပလက်ဝမြို့နယ်သို့ စက်လှေဖြင့် သွားရောက်စဉ် တင်းမကျေးရွာအရောက်တွင် တောင်ရှည်တောင်ရှိ တပ်မတော်စခန်းက ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးဘဲ ပျောက်ဆုံးခဲ့ကြောင်း၊ သို့ရာတွင် ရတနာပုံသတင်းစာတွင် ၎င်းတို့နှစ်ဦးသည် ရောဂါများဖြင့် သေဆုံးသည်ဟု သတင်းဖော်ပြခဲ့ကြောင်း သိရှိရသည်။

ရောဂါနှင့်သေဆုံးသွားသည်ဆိုသော ကျောက်တော်မြို့ခံ နှစ်ဦးတို့နှင့် အတူ စက်လှေပေါ်တွင်ဖမ်းဆီးစဉ်က ပါဝင်ခဲ့သူများမှ ၉ဦးကို ကျောက်တော်မြို့တရားရုံးတွင် အာဏာပိုင်များက တရားစွဲဆိုထားကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံမှ သိရသည်။

“ ကျွန်တော်တို့ ကျောက်တော်ကိစ္စကိုတော့ လူ့အခွင့်အရေးကော်မရှင်ကို မတ်လ ၂၃ရက်နေ့က ပို့ထားတယ်။ ကျွန်တော်တို့ကို ဘာအကြောင်းမှမပြန်ပါဘူး။ ကျောက်တော် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံးစဖမ်းကတည်းက လာပြီးတော့ တိုင်တာ ကျွန်တော်တို့ကို ကျွန်တော်တို့ကလည်းပြန်ပြီးတော့ စစ်ချက်ယူပြီး လူ့အခွင့်အရေးကော်မရှင်ကို တင်တယ်။ အခုထိလည်း ကာယကံရှင်တွေကို အကြောင်းမကြားဘူး။ သူတို့ကိုယ်တိုင် မှတ်ပုံတင်တွေနဲ့ ပြည့်ပြည့်စုံစုံတိုင်ထားတာပါ။ ဒီနေ့ဒီချိန်ထိဒီတိုင်းပါပဲ ဘာမှအကြောင်းပြန်တာမရှိပါဘူး။ အဲတာကျွန်တော်တို့က လူ့အခွင့်အရေးကော်မရှင်ဖွဲ့ထားတာလည်း အလကားအပိုပါပဲလို့ ကျွန်တော်ထင်တယ်။ ဒီပုံစံတိုင်းဆိုရင် မဖွဲ့နဲ့တော့ လုပ်လည်း မလုပ်နဲ့တော့ သူတို့စစ်ဆေးရမှာ ဘယ်သူ့မှာတာဝန်ရှိလဲ။ ဘယ်သူ့မှာအပြစ်ရှိလဲ။ ဘယ်သူ့ကိုအရေးယူရမယ်ဆိုတာ သူ့မှာတာဝန်ရှိတယ်။ သူကဘာမှ မလုပ်ဘူး။ မလုပ်တော့ တပ်မတော်ကိုကြောက်တယ်။ ကြောက်တော့ ကြောက်လည်းကြောက်တယ်။ တပ်မတော်ကသူလည်းပါနေတယ်။ ဆိုတော့ ကျွန်တော်တို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုလုပ်ပြီးတော့ လုပ်လို့ရမလဲ။ ဒီတိုင်းတာဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်က လူတွေ အကုန်လုံး အမြဲတမ်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမယ်” ဟု ဦးမြတ်ထွန်းကပြောဆိုသည်။

ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို လူ့အခွင့်အရေး ကော်မရှင်က တုံ့ပြန်ဆောင်ရွက်ပေးမှု မရှိသော်လည်း လုပ်ထုံးလုပ်နည်းများနှင့် အညီလုပ်ဆောင်နေခြင်းဖြစ်ပြီး မှတ်တမ်းများအဖြစ် ကျန်ရှိနေမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

မင်းပြားမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဦးသန်းချေနှင့် မောင်ဝင်းရှည် ဖမ်းခံရသောဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ကို မသိရှိရသေးဘဲ လက်ရှိချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းပြောဆိုသည်။

ကျောက်တော်မြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကလည်း အရပ်သားများ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည့် ဖြစ်စဉ်သည် ဟုတ်မှန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts