All News Local News

ဖားကန့် မြေပြိုမှုမှ အလောင်း ၁၆၂ ဦးရရှိထားပြီး ဒဏ်ရာသူ ၅၄ ဦးရှိ

ဖားကန့် မြေပြိုမှုမှ အလောင်း ၁၆၂ ဦးရရှိထားပြီး ဒဏ်ရာသူ ၅၄ ဦးရှိ

ရန်ကုန်၊ ဇူလိုင် ၂

ကချင်ပြည်နယ်၊ ဖားကန့်တွင် ယနေ့ နံနက်ပိုင်းမြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ အလောင်း ၁၆၂ လောင်းရရှိထားပြီး ဒဏ်ရာရရှိသူ ၅၄ ဦးရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ယနေ့ညပိုင်းသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယနေ့ ည ၇ နာရီ အထိ ရှာဖွေမှု များအရ ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၆၂ ဦးထိ တွေ့ရှိထားပြီး ဒဏ်ရာရရှိသူ စုစုပေါင်း ၅၄ ဦးထိ ရှိကြောင်း အဆိုပါ ဒေသတွင် ကယ်ဆယ်ရေး နှင့် ရှာဖွေရေးလုပ်ငန်း များ လုပ်ကိုင်နေသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းကျောက်စိမ်း လုပ်ကွက်ဟောင်းများ နေရာတွင် ယနေ့ နံနက်ပိုင်း က မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူရာနှင့် ချီပြီး သေဆုံး ကာ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြေပြိုမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ များ ကို ဖားကန့်ဆေးရုံနှင့် ဝှေခါတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ရှာဖွေတွေ့ရှိထားသည့် ရုပ်အလောင်းများအား ဝှေခါသုဿန်သို့ ပို့ဆောင်ထားကြောင်းလည်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖားကန့်မြေပြိုမှုတွင် ထိခိုက်ဒဏ်ရာရ သေဆုံးကြသော ပြည်သူများအတွက် ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်တစ်ရပ်ကို ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts