Local News Peace political news

ပြည်ထဲရေးဝန်ကြီး၏ သား ၃ ဦးပိုင်ကုမ္ပဏီသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လမ်းကန်ထရိုက်လုပ်ခွင့်ပေးခဲ့ဟု Justice For Myanmar ဖော်ပြ၊ ကုမ္ပဏီများ ဖျက်သိမ်းထား

ပြည်ထဲရေးဝန်ကြီး၏ သား ၃ ဦးပိုင်ကုမ္ပဏီသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လမ်းကန်ထရိုက်လုပ်ခွင့်ပေးခဲ့ဟု Justice For Myanmar ဖော်ပြ၊ ကုမ္ပဏီများ ဖျက်သိမ်းထား

ရန်ကုန်၊ ဇူလိုင် ၂၉

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သား ၃ ဦးပိုင် ကုမ္ပဏီတစ်ခုဖြစ်သော H Double H Capital ကုမ္ပဏီသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ လမ်းဆောက်လုပ်ရေး ကန်ထရိုက်တစ်ခုကို လုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း Justice for Myanmar က သတင်းထုတ်ပြန်ဖော်ပြသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂ မိုင်အရှည်ရှိသည့် လမ်းဆောက်လုပ်ရေးကန်ထရိုက်တစ်ခုကို နယ်စပ်ရေးရာဝန်ကြီးဌာနက H Double H Capital Co. Ltd သို့ ချထားပေးခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီသည် လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၏ သားသုံးယောက်ဖြစ်သည့် ဦးမင်းသန်းထွဋ်၊ ဦးစည်သူထွဋ်၊ ဦးစိုးမင်းထွဋ်တို့က ဒါရိုက်တာများအဖြစ် ဆောင်ရွက်သော ကုမ္ပဏီဖြစ်ကြောင်း ဖော်ပြထားသည်။

Justice For Myanmar က ယင်းသို့ လမ်းကန်ထရိုက်ချထားပေးမှုကို အကျိုးစီးပွားပဋိပက္ခအဖြစ် ဝေဖန်ထားပြီး အခြား တပ်မတော်နှင့်ပတ်သက်သော ကန်ထရိုက်များအားလုံးကို အလုံးစုံထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက H Double H Capital ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားရာတွင် ကုမ္ပဏီသည် ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရကာ Justice for Myanmar ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကုမ္ပဏီနှင့်ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့သူများ၏ သဘောထားမှတ်ချက် ရယူနိုင်ခြင်းမရှိပေ။

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ လေ့လာချက်အရ H Double H Capital ကုမ္ပဏီသည် ကုမ္ပဏီအမှတ် 4475-2014-2015 ၊ Native Company Number
4475/2014-2015 ဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။ ယင်းကုမ္ပဏီသည် လုပ်ငန်းအမျိုးအစား အားလုံးလုပ်ကိုင်ပြီး ပြည်ထဲရေးဝန်ကြီး၏ သား ၃ ဦးဖြစ်သော ဦးမင်းသန်းထွဋ်၊ ဦးစည်သူထွဋ်၊ ဦးစိုးမင်းထွဋ်တို့က ဒါရိုက်တာများအဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ Cherry Chapter Myanmar ကုမ္ပဏီကိုလည်း ကုမ္ပဏီမှတ်ပုံတင်အမှတ် 390-2015-2016(YGN)၊ Native Company Number 390/2015-2016(YGN) ဖြင့် ၂၀၁၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ၂၀၂၀ ခုနှစ် မေလ ၇ ရက်နေ့တွင် ဖျက်သိမ်းခဲ့ကြောင်း ၊ ပြည်ထဲရေးဝန်ကြီး၏ သား ၃ ဦးက ဒါရိုက်တာများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အလားတူပင် Strong Step ကုမ္ပဏီကိုလည်း ကုမ္ပဏီမှတ်ပုံတင်အမှတ် 560-2015-2016(YGN)၊ Native Company Number 560/2015-2016(YGN) ဖြင့် ၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ၂၀၂၀ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဖျက်သိမ်းခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီး၏ သား ၃ ဦးက ဒါရိုက်တာများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသော ကိုယ်ရေးအကျဉ်းတွင် သား ၃ ဦးရှိပြီး ဦးမင်းသန်းထွဋ်(ဆောက်လုပ်ရေးနှင့်ခရီးသွားလုပ်ငန်း)၊ ဦးစိုးမင်းထွဋ်(ဆောက်လုပ်ရေးနှင့်ခရီးသွားလုပ်ငန်း)၊ ဦးစည်သူထွဋ်(ဆောက်လုပ်ရေးနှင့်ခရီးသွားလုပ်ငန်း) ဟု ဖော်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ အနားယူသွားပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts