All News interview Peace

” တခြားပါတီတွေပေါင်းပြီး ညွှန့်ပေါင်း ဖွဲ့မယ်ဆိုရင် ဆွေးနွေးရမယ့်သူက အများကြီးဗျ ။ တပ်နဲ့ NLD သာပေါင်းရင်တော့ နှစ်ယောက်တည်းဆွေးနွေးရင်ရတယ်”

“တိုင်းရင်းသားပါတီတွေ၊ တခြားပါတီတွေပေါင်းပြီး ညွှန့်ပေါင်း ဖွဲ့မယ်ဆိုရင် ဆွေးနွေးရမယ့်သူက အများကြီးဗျ ။ တပ်နဲ့ NLD သာပေါင်းရင်တော့ နှစ်ယောက်တည်းဆွေးနွေးရင်ရတယ်။ မြန်မာ့နိုင်ငံရေးမှာတော့ ဖြစ်နိုင်ခြေတွေအများကြီးထည့်တွက်တာကောင်းပါလိမ့်မယ်”

နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ မောင်မောင်စိုးနှင့်တွေ့ဆုံ မေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

လတ်တလော မြန်မာ့နိုင်ငံရေးတွင် ဖြစ်ပေါ်နေသော ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် အနာဂတ်အစိုးရ အလားအလာများနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ မောင်မောင်စိုးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ရုရှားခရီးစဉ်မှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အကြမ်း ဖက် အုပ်စုနောက်မှာ အင်အားကြီးရှိတယ်ဆိုပြီး ပြောသွားတဲ့အပေါ်မှာ AA နောက်တရုတ်ရှိနေတာကို ရည်ညွှန်းတယ်ဆိုပြီးသုံးသပ်ကြတယ် ။ ဆရာဘယ်လိုမြင်လဲ။

ဖြေ။ ။ လောလောဆယ်ကတော့ အကြမ်းဖက်အဖွဲ့အစည်း အနေနဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ ကြေငြာထားတာ AA နဲ့ ARSA ပဲ ရှိတာကိုး ။ ARSA ရဲ့တိုက်ခိုက်မှုကလည်း ပြောပလောက်တာမဟုတ်တဲ့အတွက် AA ကို ရည်ညွှန်းတယ်လို့ ပြောလို့ရပါတယ် ။

အဲ့တော့ တစ်ဘက်က အင်အားကြီး အုပ်စုတစ်စုရှိတယ် ဆိုတာဘာကိုရည်ညွှန်းသလဲဆိုတာ ပြောရတာ ခက်တော့ခက်ပါတယ် ။ တစ်ချို့တွေက တရုတ်လို့ စွပ်စွဲနေတဲ့ အချိန်မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးကလည်း ဒါတရုတ်ကိုပြောတာမဟုတ်ပါဘူးလို့ ရှင်းလင်းချက်ထုတ်ထားတဲ့ အတွက်ကြောင့် ဒါဟာတရုတ်ကိုပြောတာမဟုတ်ဘူးလို့ ဆိုတဲ့ အဓိပ္ပာယ်ပေါက်သွားတယ် ။

ဒါပေမယ့် လက်တွေ့ကြည့်ရင် တပ်မတော်သတင်းမှန်ပြန်ကြားရေးက ရှင်းသည်ဖြစ်စေ မရှင်းသည်ဖြစ်စေ လက်တွေ့ကြည့်ရင်လည်းပဲ AA ကိုတရုတ်ကကူညီနေတယ်ဆိုတဲ့ အထောက်အထားမျိုး ကျွန်တော်မတွေ့ရပါဘူး ။ နယ်စပ်မှာတစ်စုံတစ်ရာ ဆက်စပ်ပတ်သက်မှုတွေရှိတယ်ဆိုပေမယ့် AA လက်နက်ကိုင်အဖွဲ့ကို တရုတ်က ကူညီနေတယ် အခုဆို ၉၀ ရာခိုင်နှုန်းအထက်ပေါ့နော် တရုတ်ကကူညီနေတယ်ဆိုတာမျိုးက မတွေ့ရဘူး ။

ဘာလို့လဲဆိုတော့ AA အနေနဲ့ မြန်မာပြည်ကိုဖြတ်ပြီးတော့ လက်နက်သယ်နေတာကို ခင်ဗျားတို့လည်းတွေ့နေကြတာပဲ ။ ရန်ကုန်ကဖြတ်တယ် ။ ထိုင်းနယ်စက်ကနေ ဟိုရနောင်း ကနေဖြတ်တယ် ။နောက်ဒီတရုတ်နယ်စပ်ကနေပြီးတော့ နောက်ပြည်မမှာ ဖြတ်သယ်တဲ့ဟာတွေကြတော့ ရန်ကုန်မှာဖမ်းမိတာတို့ ၊ မန္တလေးမှာ ဖမ်းမိတာတို့ ကျွန်တော်တို့ တွေ့နေရတာပဲ ။

အဲ့လိုလုပ်တာတွေလည်းရှိမှာပဲ ။ ဒီလိုအခြေအနေအောက်မှာဆိုရင်တော့ တရားဝင်သာ တရုတ်ကထောက်ပံ့တယ်ဆိုရင်တော့ ဒီလိုခဲရာခဲဆစ်သိမ်းစရာအကြောင်းမရှိပါဘူး ။ ကျွန်တော်မြင်တာတော့ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ဆိုတာ အလွန်ရင်းနှီးတဲ့ မဟာမိတ်တွေဖြစ်လို့ ဘင်္ဂလားဒေရှ့်ကလည်း မြန်မာနဲ့ ဆက်ဆံရေးမကောင်းတဲ့ အခြေအနေမျိုးရှိနေတဲ့အချိန်မှာ ဘင်္ဂလားဒေရှ့်ကတစ်ဆင့် AA ကို ကူလို့ရတာပဲ ။ အဲ့တော့ ဒီအခြေအနေမျိုး ၊ ဒီအချက်အလက်တွေ အောက်မှာတော့ AA ရဲ့ လက်နက်တွေကို တရုတ်က ၉၀ ရာခိုင်နှုန်း ကူညီနေတာကိုတော့ မဟုတ်ဘူးလို့ ပဲ ကျွန်တော်မြင်ပါတယ်။

မေး ။ ။ ဇူလိုင် ၁၆ ရက်နေ့မှာ တရုတ်သံအမတ်ကြီးက ဗိုလ်ချုပ်မှုးကြီးကိုလာတွေ့သွားတယ် ။ ဒါကခုနကပြောတဲ့ AA ရဲ့နောက်မှာ တရုတ်ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ဆက်စပ်နိုင်လား ။

ဖြေ။ ။ ဆက်စပ်နိုင်လောက်ပါတယ် ။ ဘာလို့လဲဆိုတော့ အားလုံး ကတရုတ်ကိုပြောတယ်လို့ စွပ်စွဲလာတယ်ဆိုတဲ့ အချိန်မှာ ဒီတပ်မတော်သတင်းမှန်ပြန်ကြားရေး ကလည်း ဒါတရုတ်ကို ပြောတာ မဟုတ်ပါဘူးလို့ ပြန်ဖြေရှင်းရတဲ့အထိ ရောက်သွားတဲ့ အချိန်မှာ ဒီကိစ္စနဲ့ဆက်စပ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ် ။

မေး။ ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်က ရပ်နေတာ ဘာကြောင့်လဲ ။ ပြန်ကောစပါ့မလား။

ဖြေ။ ။ လောလောဆယ်တော့ သြဂုတ်လ ၂၂ ရက်ကနေ ၁၄ အထိတော့ NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ စတုတ္ထအကြိမ် ပင်လုံညီလာခံ မဖြစ်မနေလုပ်သွားမယ်ဆိုတဲ့ ဟာကိုပဲ တွေ့နေရပါတယ် ။ ဒါပေမဲ့ ပင်လုံညီလာခံကနေပြီးတော့ အရေးပါတဲ့ ဆုံးဖြတ်ချက် တွေကျလိမ့်မယ်လို့ မျှော်လင့်လို့ မရဘူးပေါ့ ။ ဒီနောက်အစိုးရလက်ထက်မှာ ဘယ်လိုဆက်လုပ်သွားမလဲဆိုတာ ဆက်ပြီးတော့ Carry လုပ်ဖို့ ဆက်ပြီးတော့ သယ်ဆောင်သွားဖို့ အတွက် ခေါ်ယူတဲ့ ညီလာခံလို့ ပဲ သဘောထားလို့ရပါတယ် ။

ဒါပေမဲ့ အဓိကပြဿနာက ဘာလဲဆိုတော့ NCA ထိုးမထားတဲ့အထဲမှာ ပါတဲ့ လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့လောက်ရှိတယ် ။ ဒီ၈ဖွဲ့ကလည်း အင်အားအရဆိုရင် သူတို့လက်နက်ကိုင်အင်အားကိုပေါင်းရင် ၇၅ ရာခိုင်နှုန်းအထက်လောက်မှာရှိတာကိုး ။ ဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင် ဒီ ၈ဖွဲ့ထဲမှာလည်းပဲ ၄ ဖွဲ့က တော့ Bilateral ထိုးပြီးသားပေါ့ ။ အပစ်ရပ် ၄ ဖွဲ့က မထိုးရသေးဘူး ။ ဒီအခြေအနေမျိုးမှာ Bilateral ထိုးနိုင်ဖို့ အခြေအနေက လောလောဆယ် မှာတော့ ခက်ခဲနေတုန်းပဲ ထင်တယ်ဗျ ။

ဘာလို့လဲဆိုတော့ Bilateral မထိုးနိုင်တဲ့ လေးဖွဲ့နဲ့ အခုထိုးဖို့ဆိုပြီးပြောတဲ့အခါမှာ အဓိကက AA လှုပ်ရှားတဲ့ ရခိုင်နဲ့ ပလက်ဝမှာ ဟိုတလောက စစ်ဆင်ရေးက ပြင်းပြင်းထန်ထန် ဖြစ်တယ် ။ အစောပိုင်းတုန်းက နယ်မြေရှင်းလင်းရေးကိုသုံးတယ် ။ နောက်အစိုးရကနေ ကန့်ကွက်တယ်ဆိုပြီးတော့ အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေးကိုသုံးတာပေါ့ ။

ဒီလိုစစ်ပွဲတွေ ပြင်းထန်တဲ့အချိန်မှာ လောလောဆယ် AA နဲ့ အပစ်ရပ်ဖို့မဖြစ်သလို AA ရဲ့မဟာမိတ်အဖွဲ့တွေနဲ့ အပစ်ရပ်ဖို့ခက်မယ်လို့လည်း ကျွန်တော်တို့က ထင်ပါတယ် ။ လောလောဆယ် ဒီအစိုးရလက်ထက်မှာ ဖြစ်ဖို့ကတော့ မလွယ်လောက်ဘူးလို့ ထင်ပါတယ် ။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်နေတာက တပ်မတော်ရဲ့ သဘော ထားကြောင့်ဆိုပြီး တိုင်းရင်းသားတွေဘက်ကပြောနေတာတွေရှိတယ် ။ အဲ့ဒါကိုဘယ်လိုသုံးသပ်မလဲ ။

ဖြေ။ ။ လောလောဆယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်နေတဲ့ ပြသာနာက နှစ်ပိုင်းရှိတာပေါ့ ။ တစ်ပိုင်းကတော့ NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့ ဖြစ်တဲ့ပြဿနာက ဘာကြောင့်ရပ်သွားသလဲဆိုတဲ့ ပြဿနာက တစ်ခုကတော့ ဒီတိုက်ပွဲတွေဖြစ်ပွားတာပေါ့ ။

ဆိုတာက RCSS တို့ ဒီ KNU တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားတဲ့ ပြဿနာ ကို မဖြေရှင်းနိုင်ဘူး ။ JMC မှာလည်းမဖြေရှင်းနိုင်ဘူး ။ ဆိုတာက NCA လက်မှတ်ထိုးပြီးတော့ တပ်နေရာချထားရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖြေရှင်းကြမယ်လို့ဆုံးဖြတ်ထားပြီး လက်တွေ့မှာ တပ်နေရာချထားရေး မဖြေရှင်းနိုင်ဘူး ။ ဒုတိယတစ်ခုကတော့ နိုင်ငံရေးပြဿနာပေါ့နော် တိုင်းရင်းသားတွေတောင်းတဲ့ ဖယ်ဒရယ်နဲ့ ပတ်သက်လို့ သဘောတူညီချက်မရတဲ့ ပြဿနာပေါ့ ။

အဲ့တော့ ဒါကလည်းပဲလောလောဆယ်မှာ ဆွေးနွေးပွဲတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေ အဓိကထိပ်တိုက်ဆွေးနွေးနေတဲ့ ပြဿနာတွေဖြစ်တဲ့အတွက်ကြောင့်မို့ ဒီနှစ်ခုကလည်း ဒါ့ကြောင့်မို့ ဒါ တပ်မတော်ကြောင့်လို့လည်းစွပ်စွဲတာတွေရှိနိုင်ပါတယ် ။ နောက်တစ်ဘက်ကလည်း ဒီတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး မှာလည်းပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားလိုက်တော့ ပိုဆိုးတာပေါ့ ။

ဒါက တပ်မတော်တင်မဟုတ်ဘူး အစိုးရကလည်းကြေညာထားတာဖြစ်တော့ အစိုးရကလည်းပါတာကိုး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ အစိုးရပိုင်းကလည်း အကြမ်းဖက် အဖွဲ့အစည်းကြေညာတဲ့အခါမှာ တပ်မတော်ဘက်ကလည်း အကြမ်းဖက်အဖွဲ့အစည်းကို ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ တန်းတူမထားနိုင်ဘူးဆိုပြီး ပြောလိုက်တော့ ဒီအပစ်အခတ်ရပ်စဲရေးက ပိုပြီးတော့ မလွယ်ကူတဲ့ အခြေအနေကိုရောက်သွားတယ်လို့ပဲ ပြောရမယ် ။

မေး။ ။ လက်ရှိအာဏာရပါတီရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကို ရော ဘယ်လိုမြင်လဲ ၊ AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေငြာတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းလုပ်တာ အားနည်းတယ် ။ အားနည်းတဲ့အချက်လေး ပထမတစ်ချက်ကတော့ သူဟာအရင်ဟာကိုဆက်ခံရတာပေါ့ ။ ဆိုလိုတာက ဦးသိန်းစိန်လက်ထက်က သဘောတူထားတဲ့ အစိုးရက အဓိကက တပ်မတော်ပေ့ါ သဘောတူထားတဲ့ NCA နဲ့ပတ်သက်ပြီး ဒီလမ်းကြောင်းအတိုင်းဆက်လျှောက်သွားတာ ။ ဆက်လျှောက်မယ်လို့လည်းသူတို့က ကြေညာထားတာကိုး ။

ပထမအကြိမ်ညီလာခံတုန်းက ကြေညာတဲ့အခါတော့ ဒီ ဘောင်ရဲ့ အကန့်အသတ်အောက်မှာအလုပ်လုပ်တာဖြစ်ပါတယ်။ ဖြစ်သွားတဲ့အခါကျတော့သူတို့ဒီ လုပ်ရကိုင်ရတာ အကျပ်အတည်းဖြစ်တာပေါ့ ။ ဒုတိယလုပ်ငန်းစဉ်မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး တော့ ဒီ NLD အစိုးရက လူသုံးတဲ့အခါမှာ တစ်ယောက်တည်းကို နှစ်ဝင်ပြီးတော့ မသုံးနိုင်ဘူး ။

ဒီ NRPC က ဒုဥက္ကဌ ၃ ယောက်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်း ၊ ဦးကျော်တင့်ဆွေ နောက်ဦးထွန်းထွန်းဦးပေါ့ ။ ဒီ ၃ယောက်ကို သူကအလှည့်ကျလှည့်သုံးနေတဲ့အခါကျေတာ့ မငြိမ်ဘူးလို့ပြောလို့ရတယ် ။ အစိုးရအစောပိုင်းသက်တမ်းမှာ ဒေါက်တာတင်မျိုးဝင်း က ဆွေးနွေးပိုင်းတွေ ခေါင်းဆောင်တာတွေ့ရတယ် ။ ဒုတိယအလည်ပိုင်းလောက်မှာ ဦးကျော်တင့်ဆွေ ခေါင်းဆောင်တာတွေ့ရတယ် ။ နောက်ဆုံးပိုင်းမှာတော့ ဦးထွန်းထွန်းဦးခေါင်းဆောင်တာတွေ့ရတယ် ။

ဆိုတာက စိုက်တစ်မတ်မတ် တစ်ယောက်ကိုနှစ်ပြီးတော့လုပ်တာမတွေ့ရဘူး ။ ဦးသိန်းစိန်လက်ထက်က ဦးအောင်မင်းတစ်ယောက်တည်းပဲ အစအဆုံးလုပ်တာကိုး ။ အဲ့လိုမလုပ်ထားတဲ့အခါကျတော့ ဟိုလူလာရင်တစ်မျိုး ၊ ဒီလူလာရင်တစ်မျိုး ဆိုတဲ့ လုပ်ဟန်အပြောင်းအလဲတွေလည်းရှိနိုင်တယ် ။

နောက်တစ်ခုကတိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီးနဲ့ ဒီဆောင်ရွက်နိုင်တဲ့နေရာတွေမှာ အားနည်းတာလည်း ရှိမှာပေါ့ဗျာ ။ ဒါကြောင့်မို့လို့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဟာအဆင်မပြေဘူး ။

နောက်တစ်ခုကတတိယတစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ ဒီတပ်မတော်ရဲ့သဘောထားက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရသဘောထားကို သူကနေ ညှိုမပေးနိုင်လောက်ဘူး ။

ဘာလို့လဲဆိုတော့ အစိုးရတစ်ရပ်ဆိုတာက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုခေါင်းဆောင်တာကိုး ။ ဘာလို့လဲဆိုတော့ ဦးသိန်းစိန်လက်ထက်တုန်းက အပစ်အခတ်ရပ်စဲရေး ကိုလုပ်တယ် ငြိမ်းချမ်းရေးကိုကမ်းလှမ်းတယ် ။ အဲ့အပေါ်မှာ အစိုးရက ခေါင်းဆောင်တာဖြစ်တာကိုး ။

အခု UPDJC ဆိုတာက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆုံးဖြတ်ချက်ချဖို့ ပူးတွဲခေါင်းဆောင်တယ်လို့ ဘယ်လိုပဲဆိုဆို ဆိုတာက အစိုးရရယ် တပ်မတော်ရယ် နိုင်ငံရေးပါတီတွေရယ် တိုင်းရင်းသားလက်နက်ကိုင်တွေရယ် ရဲတပ်ဖွဲ့ရယ် လွှတ်တော်ရယ် ဒီအဖွဲ့တွေပေါင်းစုပြီးဆွေးနွေး ပြီးတော့ ဒီငြိမ်းချမ်းရေးကို ခေါင်းဆောင်ကြတယ်ဆိုပေမယ့် တကယ်တမ်းတွန်းတွန်းတိုက်တိုက် ခေါင်းဆောင် သွားမှာက အစိုးရပဲ ။

ဘာလို့လဲဆိုတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစီးပြီးကျင်းပတာ ဖော်ဆောင်တာ အစိုးရဖြစ်တဲ့အခါ အဲ့တာကို တွန်းတွန်းတိုက်တိုက် သူက မလုပ်နိုင်ဘူး ။ ဆိုလိုတာက ဒီမတူညီတဲ့ အမြင်တွေကို ငြိမပေးနိုင်ဘူး ။ အဲ့ဒီအခြေအနေမှာတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ထိုက်သင့်သလောက်အောင်မြင်မှုမရဘူးလို့ ပြောရမှာပဲ ။

မေး။ ။ ဒုတိယပင်လုံဆိုပြီး အသံတွေ အရမ်းထွက်ခဲ့တယ်။ ပြီးတော့ ဘာမှ ဖြစ်မလာဘူးဆိုပြီး ဝေဖန်မှုတွေ လည်း ထွက်လာတယ်။ ဒီအပေါ်မှာ ဘယ်လို သုံးသပ်လဲ။

ဖြေ။ ။ ဒုတိယပင်လုံလို့ပြောပြီးတော့ ပထမပင်လုံတုန်းကစိတ်ဓာတ် အနေအထားတွေနဲ့ တိုင်းရင်းသား တွေရဲ့ ဖယ်ဒရယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ကိုတိတိကျကျ မဖြေရှင်းပေးနိုင်ခဲ့ဘူးပြဿနာပဲ ။ ဆိုလိုတာက ကျန်တဲ့ အရေးမကြီးတဲ့ ကိစ္စတွေပေါ့ဗျာ ။

ယေဘုယျ အလွန်ကျပြီး ကိစ္စတွေနဲ့ အချိန်ကုန်တာများနေလို့ မအောင်မြင်တာ ။ တကယ်တမ်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တာ ဖက်ဒရယ်ပြသာနာ နဲ့ပတ်သက်တာကို တွန်းတင်ပြီးတော့ ဒါကိုသဘောတူညီအောင် ဆွေးနွေးနိုင်မယ်ဆိုရင် အောင်မြင်မှာပါ ။

မေး။ ။ ဖယ်ဒရယ်ဆိုတာနဲ့ ခွဲထွက်ခွင့်လို့ တချို့ အဖွဲ့အစည်းတွေက နားလည်နေကြတာကို ဘယ်လို ပြောင်းမလဲ။

ဖြေ – ဖယ်ဒရယ်နဲ့ ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ နေရာမှာတော့ သူက အရင်တုန်းကနဲ့ အခုနဲ့ မတူဘူးဗျ ။ အဓိကကတော့ ခံယူတဲ့ သူအပေါ်မူတည်တယ် ။ တိုင်းရင်းသားတွေဘက်က ဖယ်ဒရယ်တောင်းတဲ့နေရာမှာ သူကတကယ်တမ်း အရင်တုန်းကကို သူက ခွဲထွက်ပိုင်ခွင့်လို့ သုံးတယ် ။ ဒါကတော့ ငြင်းပယ်စရာတော့ မရှိဘူး ။

ခွဲထွက်တာ မှန်မမှန်တော့ ပြဿနာဖြစ်တာပေါ့ ။ ၄၇ အခြေခံဥပဒေ မှာ ဆယ်နှစ်ပြည့်ရင် ရှမ်းပြည်က ခွဲထွက်ခွင့်ပါသေးတာပဲ နော် ဒါတစ်ပိုင်းတော့ ။ အဲ့တော့ တပ်မတော် ဘက်ကကြည့်တာလည်း ဖယ်ဒရယ်ဆိုတာ ခွဲထွက်တယ် ။ ခွဲထွက်ရေးကိုရှေ့ဆောင်တယ် ။ ပြီးတော့ ပြည်ထောင်စုကို ပြိုကွဲစေတယ်ဆိုတဲ့ ဘက်က ရပ်တည်တယ် နောက် ဖယ်ဒရယ်ဆိုတဲ့ အသုံးအနှုံးကို တပ်မတော်က လက်မခံဘူးပေါ့ဗျာ ။

ပြည်တွင်းစစ်ဖြစ်ပြီး နှစ် ၇၀ လောက်ကြာလာတဲ့အချိန်မှာ ဖယ်ဒရယ်ဆိုတဲ့ ဝေါဟာရကို ယနေ့မှ သိပ်မကြာခင် ၃၊၄၊၅ နှစ် ဆယ်နှစ်တောင်မပြည့်သေးဘူးပေါ့ ။ ၃၊၄၊၅ နှစ်မှာ ဖယ်ဒရယ်ဆိုတဲ့ စကားကို ပြောလာနိုင်တဲ့ အခြေအနေကိုရောက်လာတယ်ပေါ့ ။ အဲ့ တော့ဖယ်ဒရယ်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲဆိုတာဟာ ဒီပြည်ထောင်စုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ ဆိုတာထက် အရေးကြီးတဲ့ ပြဿနာဖြစ်တယ်ဗျ ။ ကျွန်တော်တို့ တိုင်းပြည်မှာ က ဖယ်ဒရယ် ဖယ်ဒရယ် လို့ ပြည်ထောင်စု ပြည်ထောင်စုလို့ အော်နေတာက တကယ်တမ်းပြန်ကြည့်ရင် ၄၈ ကနေ ဒီနေ့အထိက ဗဟိုချုပ်ကိုင်မှုနဲ့ သွားနေတာ ။ တပြည်ထောင်စနစ်နဲ့ သွားနေတာ ။

နာမည်ကသာ ပြည်ထောင်စု ဒါပေမဲ့ အာဏာအားလုံးသည် ဗဟိုကချုပ်ကိုင်ထားတဲ့ တပြည်ထောင်စနစ်ပဲ ။ အဲ့တော့ ဒီဟာကို ကျွန်တော်တို့ မပြောင်းလဲနိုင်ရင် ခုနက ငြိမ်းချမ်းရေးညီလာခံက အောာင်မြင်ဖို့ မဖြစ်နိုင်ဘူးဗျ ။

မေး။ ။ လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဘယ်လိုရလဒ်ထွက်မယ်လို့ မြင်လဲဗျ ။

ဖြေ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင်တော့ ဒီလောလောဆယ် အများစု ရွေးကောက်ပွဲရလဒ်အရပေါ့နော် အများစုနေရာက NLD ရှိနေအုံးမှာပါ ။ ဆိုလိုတာက သူ့ရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး သြဇာ လွှမ်းမိုးမှုက ပြည်နယ်တွေမှာ ကျဆင်းသွားတယ် နိုင်ငံတကာမှာ ကျဆင်းသွားတယ်ဆိုအုံးတော့ တိုင်း ၇တိုင်းမှာတော့ သူ့သြဇာက ရှိနေဆဲပါ ။

ရှိနေဆဲ အချိန်မှာ တိုင်းဒေသကြီး ၇ ခုရဲ့ ထောက်ခံမှုအရ သူရှေ့ဆုံးမှာတော့ ရှိနေလိမ့်မယ် ။ ဒါပေမဲ့ NLD အနေနဲ့ သတိထားရမယ့် အချက်တွေတော့ ရှိတယ်ခင်ဗျ ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ တုန်းက သောင်ပြိုကမ်းပြိုနိုင်တယ်လို့ ပြောကြတာကိုးဗျ ။

ဒါပေမဲ့ အဲ့ဒါ့က Head to Head အရပေါ့ဗျာ ။ တစ်မြို့နယ်ချင်းယှဉ်တဲ့အခါမှာ မဲများတဲ့ သူကနိုင်လို့ အမတ်အများစုနေရာကို အနိုင်ရရှိတာကိုး ။ ဒါပေမဲ့ တကယ်တမ်း ၂၀၁၅ မှာ မဲလာပေးတဲ့ လူဦးရေက ၂၃ သန်းရှိတယ်ဗျ ။ အဲ့မှာNLD ကိုမဲပေးတဲ့ သူက ၁၂ သန်းပဲရှိတယ် ။ ဆိုတော့ ကြံ့ခိုင်ရေးကို မဲပေးတဲ့ သူက ၇ သန်းရှိတယ် ။

တိုင်းရင်းသားပါတီတွေနဲ့ ကျန်တဲ့ပါတီတွေကို မဲပေးတဲ့သူက တိုင်းရင်းသားပါတီကတော့ အများစုပေါ့ဗျာ ။ ကျန်တဲ့ပါတီတွေကို မဲပေးတာ ၄ သန်းရှိတယ် ။ အဲ့ဒီတော့ ၂၃ သန်းမှာ ၁၂ သန်းက NLD ကိုမဲ ပေးပြီး ၁၁ သန်းက NLD ကို မဲမပေးဘူးဗျာ ။ ၁၂ သန်းမှာ ရာခိုင်နှုန်းလောက်ပဲ မဲပေးသူရာခိုင်နှှုန်း ၅၂ ရာခိုင်နှုန်းလောက်ကပဲ မဲပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ် ။

အဲ့တော့ NLD အနေနဲ့ ပိုပြီးတော့ ဂရုစိုက်ဖို့လိုလာတယ်လို့ ထင်ပါတယ် ။ အဲ့တော့ ကျွန်တော်တို့ ရွေးကောက်ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကိုကြည့်ရင် ဆိပ်ကမ်းတို့ တမူးတို့ပေါ့ ။ ၂၀၁၅ NLD နိုင်ထားတဲ့နေရာတွေ ရှုံးသွားတယ် ။

အဲ့တာ ဘာဖြစ်လို့ ရှုံးသွားတယ်ဆိုလို့ရှိရင် ဒီပြည်ခိုင်ဖြိုးပါတီကိုထောက်ခံလို့ တက်လာတာမဟုတ်ဘူးဗျ ။ ပြည်ခိုင်ဖြိုးမဲက အဲ့လောက်ကြီးတက်မလာဘူး ။ သူက ပြည်ခိုင်ဖြိုးနဲ့ ပတ်သက်ရင် ၂၀၁၅ ပြီးရင် ၂၀၁၇ ကြားဖြတ်မဲ ၂၀၁၈ ကြားဖြတ်မဲ သိပ်မကွာဘူးဗျ ။ ဒီမဲကဒီမဲပဲ တိုးလည်းမလာဘူး ၊ သိပ်လည်းလျော့မသွားဘူး ။

ဒါပေမဲ့ ရှုံးတာက ဘာလို့ရှုံးသွားတာလဲဆိုတော့ NLD ထောက်ခံမဲ က အကြီးအကျယ် ထိုးကျသွားတယ် ။ သူကတမူးမှာ ၂၀၁၅ မှာ ၆၀ ရာခိုင်နှုန်းလောက် မဲပေးတဲ့ သူရှိရာကနေ ၃၀ ရာခိုင်နှုန်ူးလောက်အထိ ထိုးကျသွားတယ် ။ အဲ့မှာ သူကရှုံးသွားတာ ။ အဲ့တော့ NLD အနေနဲ့ ဂရုစိုက်ရမှာက ဒီတိုင်းဒေသကြီး ၇ ခုမှာ မဲမပျက်တဲ့နေရာတွေကို သူကဂရုစိုက်ရမှာဗျ ။ ဥပမာဆိုပါတော့ ဧရာဝတီတိုင်း က တိုင်း ၇ တိုင်းထဲမှာ ဧရာဝတီတိုင်းက မဲမပြတ်တာ အများဆုံး ။ဆိုတော့ မဲမပြတ်ဘူးလို့ ကျွန်တော်ပြောတာက
ဥပမာ မဲ ၄၀၀၀၀ ဆိုသူက ၃၅၀၀၀ ၊ ပြီးတော့ ၄၀၀၀၀ နဲ့ ၃၀၀၀၀ ။ ကျန်တဲ့နေရာတော်တော်များကတော့ မဲပြတ်ပါတယ် ။

ဥပမာ NLD က ၅၀၀၀၀ ရရင် ပြည်ခိုင်ဖြိုးက ၁၀၀၀၀ လောက်ရတာ ။ ဒီလိုအနေအထားတွေရှိတဲ့အခါကြတော့ အဲ့ဒီနေရာတွေမှာတော့ စိုးရိမ်စရာတော့ မရှိပါဘူးဗျာ ။ စိုးရိမ်စရာမရှိတာတောင်မှ မဲမပြတ်တဲ့နေရာတွေမှာ ဂရုထားဖို့လိုတယ် ။ ဒါဧရာဝတီတိုင်းဒေသတစ်ခုတည်း မဟုတ်ဘူးဗျ ၊ တိုင်း ၇ ခုမှာ ဒီကျန်တဲ့တိုင်းတွေမှာလည်းရှိတယ် ။

ဥပမာဆိုရရင်တော့ မန္တလေးတိုင်းပြင်ဦးလွင် က မဲပေးတဲ့သူ တစ်သိန်းကျော်ရှိတဲ့ထဲမှာ NLD မဲ ၅၅၀၀၀ လောက်ရတယ် ။ ပြည်ခိုင်ဖြိုးက မဲ ၄၅၀၀၀ လောက်ရတယ် ။ အဲ့တော့ မဲမပြတ်ဘူး ။ အဲ့တော့ ပြသာနာက ၂၀၁၈ ကြားဖြတ်လို မဲပေးတဲ့သူလျော့ သွားရင် NLD ကမဲတွေ ဆုံးရှုံးပြီးတော့ ရှုံးသွားနိုင်တဲ့အနေအထားရှိတယ် ။ ဒီအနေအထားကို NLD အနေနဲ့ ဂရုစိုက်ဖို့လိုတယ် ။ နောက်တစ်ခုကတော့ ပြည်နယ် ၇ ခုပေါ့ ။ ပြည်နယ် ၇ ခုမှာတော့ NLD ရဲ့ သြဇာက ကျဆင်းသွားတယ် ။

၂၀၁၇ ရွေးကောက်ပွဲကာလမှာ ဒီ NLD ကို ပုံအောပြီးတော့ မဲပေးသွားတယ် ။ NLD အနေနဲ့ တိုင်းရင်းသားတွေကို ပြဿနာ ဒါတွေတောက်လျှောက်တက်လာတယ် ။ ဒါ့အပြင် NLD လွှတ်တော်ကဘာပြဌာန်းလဲဆိုတော့ ဒီမြေယာ ဥပဒေ ပြဌာန်းလိုက်တဲ့ အခါမှာ မြေလွတ်မြေရိုင်းဥပဒေပြဌာန်းလိုက်တဲ့အခါမှာ ပြည်နယ်သားတွေအဖို့က အတော်ထိခိုက်တယ် ။ ပြည်နယ်တွေမှာ မြေလွတ်မြေရိုင်းပြ ဿနာက ဒီတောင်ကြောတောင်ကြောတွေက သူတို့ ဘိုးစဉ်ဘောင်ဆက်ပိုင်တယ်တောင်ယာခုတ်တယ် ။

လယ်လုပ်တယ် ဒီလိုလာတာ ။ ဒါကပုံစံ ၇တို့ ၁၀၅ တို့ဘာမှမရှိဘူး ။ သူတို့ အစဉ်အလာ ဘိုးစဉ်ဘောင်ဆက်ပိုင်တာ ။ သူတို့နေတဲ့ ယာမြေရဲ့ပြင်ပက မြေလွတ်မြေရိုင်း ဥပဒေတွေဆိုတော့ အစိုးရကသဘောတူရင် ကျန်တဲ့ သူတွေအကုန်လုံးဝင်သိမ်းလို့ရတယ်ဆိုပြီးတော့ လက်မခံနိုင်တဲ့ အနေအထားမျိုးတွေဖြစ်လာတယ် ။ အဲ့တာအပြင် ပုဒ်မ ၂၆၁ ပေါ့ဗျာ ။ ပုဒ်မ ၂၆၁ ကို NLD အစိုးရအနေနဲ့ အတိုက်အခံဘဝ ၂၀၁၀ ၊ ၂၀၁၅ ကာလကထောက်ခံခဲ့တယ် ။ ပြင်ဖို့ထောက်ခံခဲ့တယ် ။

ဒါပေမဲ့ သူ အစိုးရဖြစ်လာတဲ့အခါ ပြင်ဖို့ မထောက်ခံတော့ဘူး ။ ပြည်နယ်အစိုးရကို င်မြှောက်ခွင့်ပေါ့ဗျာ ။ သဘောမတူတဲ့အခါဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေက မကျေဘူး ။ အဲ့တော့ တိုင်းရင်းသားပါတီတွေမှာ မဲတော့သွားနိုင်တယ် ဒီလိုပဲစဉ်းစားတယ် ။ အဲ့တော့ NLD အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ပြည်မမှာလည်းပဲ အရင်တစ်ခေါက်လိုနိုင်ပါ့မလား ။ မဲပေးမယ့်သူက လျော့လာဖို့အလားအလာများတယ် ။မဲမပေးတော့ဘူးဆိုတဲ့ သူတွေလည်းတွေ့နေရတယ် ။

နောက်ကျန်တဲ့ပါတီတွေကိုလည်းတစ်စုံတစ်ရာ စိတ်ဝင်စားလာတွေပဲတွေ့နေရတယ် ။ ဘာပဲဖြစ်ဖြစ်အစိုးရမဖွဲ့နိုင်တာတောင်မှာ ဒီလူတွေဟာ လွှတ်တော်ထဲမှာ အတိုက်အခံအနေနဲ့ ထောက်ပြနိုင်တာ ဖြစ်မလားဆိုတဲ့ ဒီလိုအမြင်မျိုးတွေလည်းရှိကြတာကိုး ။ အဲ့တော့ ခင်ဗျားစဉ်းစားကြည့် ၂၀၁၅ တုန်းက NLD တိုင်း ၇ တိုင်းမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ပေါ့ဗျာ ။

ဒီနှစ်ခု ကအရေးကြီးတာကိုး အစိုးရဖွဲ့ဖို့ ပြည်ထောင်စု အစိုးရဖွဲ့ဖို့ ၉၆ရာခိုင်နှုန်း ၉၇ ရာခိုင်နှုန်ူးနိုင်တယ် ။ ပြည်နယ် ၇ ခုမှာဆို အမျိုးသားလွှတ်တော်မှာ ၆၇ ရာခိုင်နှုန်းနိုင်တယ် ။ ပြည်သူ့လွှတ်တော်မှာ ၄၇ ရာခိုင်နှုန်းနိုင်တယ် ။ ဒါတောင်မှ ၂၅ ရာခိုင်နှုန်းပါတဲ့ ပြည်ထောင်စု လွှတ်တော်လည်းကျလည်းကျရော NLD ရဲ့အချိုးက ဘယ်လောက်လည်းဖြစ်သွားတယ်ဆိုတော့ ၅၈ ရာခိုင်နှုန်း ပဲရှိတယ် ။

ဒါ ၅၀ ရာခိုင်နှုန်းအထက်မှာ ရှိတဲ့အတွက်ကြောင့်မို့ လွတ်လွတ်လပ်လပ် အစိုးရဖွဲ့နိုင်တဲ့ အနေအထားမှာရှိတယ် ။ သို့သော်ဒီနေ့ကာလမှာတော့ NLD အနေနဲ့ ဒါကိုအတော်လေး ရုန်းကန်ရမယ်လို့ ထင်တယ် ။ တကယ်လို့ ကံမကောင်းခဲ့ရင် ကြိုးစားမှုမလုံလောက်ခဲ့ရင်တော့ ၅၀ရာခိုင်နှုန်းအောက်ကိုရောက်သွားနိုင်တဲ့ NLD အနေနဲ့ သဘောပေါက်နားလည်ဖို့ ထင်တယ် ။

အဲ့တော့ ကျန်တဲ့သူတွေပြောရမယ်ဆိုလို့ရှိရင် ကြံ့ခိုင်ရေးပေါ့ဗျာ ဒုတိယက ပြည်ခိုင်ဖြိုးပါတီပေါ့ဗျာပြည်ခိုင်ဖြိုးပါတီက ခုနကပြောသလိုပဲ သူတို့ကို ထောက်ခံတဲ့သူနည်းတော့မနည်းဘူးဗျ ။ သူ့မှာက ငွေရေးကြေးရေ ခုနကပြောသလိုပေါ့ဘယ်ကရတဲ့ ငွေကြေးဖြစ်စေ ဘယ်သူမှလည်းအရေးမယူနိုင်တဲ့ကာလမှာ ရှိတဲ့အခါကြတော့ သူ့ရုံးတွေဟာ ပုံမှန်ရုံးစနစ်နဲ့ လည်ပတ်နိုင်တယ် ။

နယ်စွန်နယ်ဖျားမှာရှိတဲ့ မိုင်းယွန်းတို့ ဘာတို့မှာ ၂၀၁၈ ၂၀၁၉ မှာ ပြည်ခိုင်ဖြိုးပါတီက ပုံမှန်စည်းရုံးရေးဆင်းတယ် ။ သူက လစာပေးပြီး ရုံးစနစ်နဲ့လည်နေတာကိုး ။ လုပ်ရမယ့်ဟာသွားလုပ်နေတာကိုး ။ လုပ်တဲ့အခါကြတော့ အဲ့စနစ်ရှိတယ် ။ အဲ့တော့ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးက ၆ ရာခိုင်နှုန်းရှိတယ်ဗျ ပြည်ထောင်စုထဲမှာ လွှတ်တော်မှာ ။အဲ့ဒီတော့ သူတို့ကတော့ ဒီထက်တိုးလာမယ်လို့ မျှော်မှန်းနိုင်တယ် အများကြီးတော့ မျှော်မှန်းလို့မရဘူး ။

အများကြီးနိုင်မယ်လို့တော့ ကျွန်တော်ကမထင်ဘူး ။ သိူ့သော်သူတို့ကလည်း ၆ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်အထိ တက်လာမလားဆိုတဲ့ မျှော်လင့်ချက်တော့ ရှိတော့ ရှိတယ် ။ အဲ့တော့ တပ်မတော်က ၂၅ ရာခိုင်နှုန်ူးရှိတဲ့အခါမှာ ၂ခုပေါင်းရင်တော့ ၃၅ ရာခိုင်နှုန်းဖြစ်လာတဲ့အခါမှာ ဒီကြားအင်အားစုတွေ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေအပါအဝင် ဒီကြားအင်အားစုတွေကို ကြားထဲက စုရုံးနိုင်ရင် အစိုးရအဖွဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်မယ်လို့ဆိုတဲ မျှော်လင့်ချက်တော့ ရှိကောင်းရှိနိုင်တာပေါ့ဗျာဒါပြည်ခိုင်ဖြိုးအတွက်က ။

ကျန်တဲ့ပါတီတွေအဖို့ပြောရမယ်ဆိုလို့ရှိရင်တော့ ဒီမြို့ကပါတီတွေလိုပေါ့ ။ ဦးရွှေမန်းပါတီရှိတယ် ။ ဦးကိုကိုကြီးပါတီတွေရှိတယ် ။ ဒေါ်သက်သက်ခိုင်ပါတီရှိမယ် ။ နောက်လူ့ဘောင်သစ်ပါတီရှိမယ် ။

ဒီပါတီတွေအဖို့ အခြေအနေက ကျွန်တော်တို့ စောင့်ကြည့်ရမယ့် အခြေ အနေရှိတယ်ဗျ ။ ဘာလို့လဲဆိုတော့ လူ့ဘောင်သစ်တုန်းက ၂ ခေါက်အရွေးခံဘူးတယ် ဒါပေမဲ့ သူတို့ အနိုင်မရဘူး ။ မဲအရ သူကနိုင်ဖို့ခက်ခဲနေအုံးမယ်လို့ ကျွန်တော်ကထင်တယ် ။ ကျန်တဲ့ ၃ ပါတီ အနေအထားကတော့ ဘယ်လောက် လုပ်နိုင်မလဲဆိုတဲ့ ဒီရွေးကောက်ပွဲမှာကျွန်တော်တို့က စောင့်ကြည့်ရမှာပေါ့ဗျာ ။

အဲ့တော့ ဦးရွှေမန်းမဲက ပြည်ခိုင်ဖြိုးကမဲတွေမှာ ဘယ်လောက်လောက် ခွဲယူနိုင်မလဲပေါ့ ။ ဒါကိုကျွန်တော်တို့စောင့်ကြည့်ရမှာပေ့ါ ။ အဲ့တော့ ဦးကိုကိုကြီးတို့ ဒေါ်သက်သက်ခိုင်တို့က ဒီမိုကရက်မဲကို သူတို့ဘယ်လောက်ရအောင်ယူမလဲဆိုတာကို စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူတို့က အစိုးရဖွဲ့နိုင်ရလောက်အောင် မဲအင်အားမရှိဘူး ။

တိုင်းရင်းသားပါတီတွေပေါ့နော် တိုင်းရင်းသားပါတီတွေက ကျွန်တော်တို့ ခန့်မှန်းကြည့်ရသလောက်ပေါ့နော် ။ ပြည်နယ် ၇ခုမှာ အရင်ကထက် ၂ဆလောက် တက်လာအုံးမယ်လို့ ခန့်မှန်းမိပါတယ် ။ အဲ့တော့ သူတို့ကအစိုးရဖွဲ့နိုင်တဲ့ အင်အားမရှိဘူး ။ သို့သော်အစိုးရဖွဲ့ချင်သူတွေအတွက် အရေးပါတဲ့ အင်အားစုတစ်စုတော့ ဖြစ်လာလိမ့်မယ်ထင်ပါတယ် ။ အဲ့တော့ပြန်ချုပ်လိုက်တဲ့အခါကျလို့ရှိရင် ရွေးကောက်ပွဲရလဒ်ကို ပြန်ပြီးကြည့်လို့ရှိရင် NLD သည် အများစုအနိုင်ရပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာလည်း ၅၀ ရာခိုင်နှုန်းကျော် ပြီးတော့ အစိုးရဖွဲ့နိုင်တဲ့ အလားအလာကလည်း ရှိနေပါသေးတယ် ။

သူတို့ကြိုးစားရင်ကြိုးစားသလောက် ရှိပါတယ် ။ ဒီလိုအလားအလာရှိတဲ့ ပါတီတွေကလည်း လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်တယ် ။ နံပါတ် ၂ အရပြောမယ်ဆိုရင်တော့ NLD သည်တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ခဲ့ပြီးတော့ အစိုးရဖွဲ့နိုင်တဲ့ အလားအလာကလည်း ရှိနေပါသေးတယ် ။ တတိယတစ်ခုပြောရမယ်ဆိုရင် ကြံ့ခိုင်ရေး ၊ တပ်မတော်နဲ့ တခြားပါတီတေနဲ့ တိုင်းရင်းသားပါတီတွေစုစည်းပြီး အစိုးရဖွဲ့ဖို့လည်း အလားအလာရှိနိုင်ပါတယ် ။

နံပါတ်လေးအချက်ကတော့ ဒါအများစုကတော့ တစ်ချို့ကတော့ မထင်ကြဘူးပေါ့ NLD နဲ့ တပ်မတော်ပေါင်းပြီး အစိုးရဖွဲ့နိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဒီလေးခုကိုထည့်တွက်ထားသင့်တယ်လို့ ထင်ပါတယ် ။

မေး။ ။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သမ္မတဖြစ်လာနိုင်တယ်ဆိုပြီး သုံးသပ်နေကြတယ် ။ သူသမ္မတဖြစ်လာနိုင်မလား ။

ဖြေ။ ။ တကယ်တမ်းအရ ပြောရမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးက ၄ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်ူးဖြစ်သွားမယ် ။ တပ်မတော်က ၂၅ ရာခိုင်နှုန်းရှိတဲ့ အခါမှာ ကြားထဲမှာက ၃၅ ရာခိုင်နှုန်းဖြစ်နေတယ် ။ နောက်အစိုးရဖွဲ့ဖို့ ၁၆ ရာခိုင်နှုန်ူးလောက်ပဲလိုတယ် ။ တကယ်လို့သာ တိုင်းရင်းသားပါတီတွေ အနေနဲ့ ၂၀၁၅ ရဲ့ နှစ်ဆက်လောက်နိုင်လာရင်တိုင်းရင်းသားပါတီတွေစုစည်းပြီးတော့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်က အစိုးရဖွဲ့တာဖြစ်လာနိုင်တာပဲလေ ။

ဒါပေမဲ့ သူကဖြစ်လာနိုင်တဲ့အခါမှာ သူက သမ္မတဆိုတာ ရွေးကောက်ပွဲဝင်စရာမလိုဘူး ။ တပ်မတော်ဘက်က အမည်စာရင်းတင်သွင်းရင်ရတာကိုး ။ ဒုသမ္မတက သေချာတာကိုး ။

ဘာဖြစ်ဖြစ် ဒုသမ္မတ ၃ ယောက်ကို ရွေးလို့ရှိရင် ခုနကလို စည်းရုံးနိုင်တဲ့အနေအထားရှိရင်တော့ သူက သမ္မတဖြစ်လာနိုင်တာပေါ့ဗျာ ။ အဲ့အနေအထားကတော့ မျှော်မှန်းမှုတွေ ရှိကြမှာပါပဲ ။ ဒါပေမဲ့ ကျွန်တော်တို့ ပြဿနာတစ်ခုကဘာလဲဆိုတော့ ညွှန့်ပေါင်းအစိုးရနဲ့ ပတ်သက်လာရင် အခြေခံဥပဒေမှာကနော် ပြည့်ပြည့်စုံစုံရေးဆွဲထားတာက မရှိဘူးဗျ ။

Head to Head အရ အများစုအနိုင်ရတဲ့သူကိုပဲ ရည်ညွှန်းပြီးရေးဆွဲထားတာ ။ ဆိုလိုတာက ညွှန့်ပေါင်းအစိုးရဖွဲ့လို့ရှိရင် ဒီအဖွဲ့ ၊ ဒီအဖွဲ့ ၊ ဒီအဖွဲ့ တွေပါကြ ။ သူ့ကိုခေါင်းဆောင်တင်တယ် ။ သမ္မတတင်တယ် ။ ဝန်ကြီးချုပ်တင်တယ် ၊တင်ကြမှာပေါ့ဗျာ ။ ဒါပေမဲ့ လမ်းတစ်ဝက်ရောက်လို့ တစ်နှစ်တန်သည်နှစ်နှစ်တန်သည် ဗျာ မကြေနပ်လို့ရှိရင် ကျေလည်မှုမရှိလို့ရှိရင် ဒီအဖွဲ့က နှုတ်ထွက်လို့ရှိရင် ဒီအစိုးရကပြုတ်တာပေါ့ ၊ နောက်တစ်ချိန်ပြန်ပြီးတော့ အစိုးရဖွဲ့ရတယ် ။

ကျွန်တော်တို့မှမပါချင်တာဗျာဆိုပြီး အဲ့ဒီလိုမျိုး အခြေခံဥပဒေမှ မရှိဘူးဗျ ။ ဆိုတော့ သမ္မတကို စည်းကမ်းဖောက်ဖျက်တယ် ဘာညာပေါ့ဗျာ သူ့ကို အယုံအကြည်မရှိတင်လို့ရတယ် ။ သူကညွှန့်ပေါင်းအစိုးရကပျက်ပြီးတော့ တင်လို့ရတာလည်း မဟုတ်ဘူး ။ အဲ့တော့ သူတို့နှုတ်ထွက်လည်း သမ္မတက သမ္မတအဖြစ်နဲ့ ဆက်ရှိနေမှာပဲ ၊ ဆိုတော့ အဲ့ပြဿနာက မြန်မာပြည်မှာရှိတဲ့အခါကျတော့ ညွှန့်ပေါင်းအစိုးရဖြစ်တဲ့အခါကျမှ ဒီပြဿနာကို ဘယ်လိုကျော်လွှားသွားမလဲဆိုတဲ့ ပြဿနာတစ်ခုရှိလာမယ်လို့ထင်ပါတယ် ။

မေး – ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီနဲ့ တိုင်းရင်းသားပါတီတွေကြားမှာ ပြန်လည်ပြီး ရင်ကြားစေ့လာပါ့မလား ။

ဖြေ – လောလောဆယ်တော့ ခက်ခဲတယ်ဗျ ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒီ ၈၈ အရေးအခင်းပြီးကာလကတည်းက ဒီ ၂၀၁၀ အထိပေါ့နော် ။ ၂၀၁၁ ထိပေ့ါဗျာ ။ တိုင်းရင်းသားပါတီတွေနဲ့ NLD ပါတီ တွေကြားထဲမှာကြတော့ တပ်ပေါင်းစုဖွဲ့ထားတာရှိတယ် ။

ဒါပေမဲ့ ၂၀၁၂ ရွေးကောက်ပွဲဝင်ပြီးကတည်းက တိုင်းရင်းသားတွေနဲ့ NLD ကြားထဲမှာ ဘာတပ်ပေါင်းစုမှမရှိဘူး ။ ဆွေးနွေးညိနှိုင်းမှုလည်းမရှိဘူး ။ ၂၀၁၅ ရွေးကောက်ပွဲကာလမှာလည်းမရှိဘူး ။ NLDဘက်က ပြောတာတစ်ခုပဲရှိတယ် ။ CCRP မှာပါတဲ့ခေါင်းဆောင်တွေရဲ့နေရာကိုမဝင်ဘူး ။ သူတို့ဝင်မရွေးဘူးဆိုတဲ့ ကမ်းလှမ်းချက်တစ်ခုပဲပေးတယ် ။

အဲ့တာ တစ်နေရာ နှစ်နေရာလောက်ပေါ့ ။ တစ်ပါတီကိုတစ်နေရာလောက်ပေါ့ ။ အဲ့တာအပြင်ကို ရွေးကောက်ပွဲမတိုင်ခင်ကိုဆွေးနွေးတာမရှိဘူး ။ ရွေးကောက်ပွဲသူတို့ အနိုင်ရတော့လည်း သူတို့ ဘယ်ပါတီနဲ့မှ မဆွေးနွေးဘူး ။ ဒီနေ့လည်း ရွေးကောက်ပွဲနဲ့ နီးနေပြီ ဘယ်နိုင်ငံရေးပါတီနဲ့ မှမဆွေးနွေးဘူး ။ ဆိုတဲ့အခါကြတေ့ာ တိုင်းရင်းသားပါတီတွေနဲ့ NLD ကြား မှာစေ့စပ်ညိနှိုင်းမှုများကတော့ အတော်လေးခက်ခဲလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး။ ။ ၂၀၂၀ မှာ ညွှန့်ပေါင်းအစိုးရလို့ မျှော်မှန်းထားကြတယ် ။ အဲ့တော့ NLD နဲ့ တပ် ပူးပေါင်းပြီးတော့ အစိုးရဖွဲ့တာမျိုး ဖြစ်လာနိုင်လား။

ဖြေ။ ။ အဲ့တာကလည်း စဉ်းစားစရာ အချက်တစ်ချက်ဖြစ်တယ်ဗျ ။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားပါတီတွေ သို့မဟုတ် တခြားပါတီတွေပေါင်းပြီး ညွှန့်ပေါင်း ဖွဲ့မယ်ဆိုရင် ဆွေးနွေးရမယ့်သူက အများကြီးဗျ ။ ဆွေးနွေးညိနှိုင်းတဲ့ အချက်တွေအများကြီးပဲ ။

တပ်နဲ့ NLD သာပေါင်းရင်တော့ နှစ်ယောက်တည်းဆွေးနွေးရင်ရတယ်ဗျ ။ ဆိုတော့ အဲ့ဖြစ်နိုင်ခြေပေါ်ကနေ ဆွေးနွေးကြတာဖြစ်ပါလိမ့်မယ် ။ မြန်မာ့နိုင်ငံရေးမှာတော့ ဖြစ်နိုင်ခြေတွေအများကြီးထည့်တွက်တာကောင်းပါလိမ့်မယ် ဗျ။ ဖြစ်မဖြစ်ဆိုတာကတော့ လက်တွေ့အခြေအနေတွေအပေါ်မှာကြည့်ရပါလိမ့်မယ် ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts