All News Local News Peace

တပ်မတော်နှင့် RCSS တိုက်ပွဲကြောင့် ရှမ်းပြည်သူ ၆ဝဝကျော််ထွက်ပြေးရပြီး တပ်မတော်က အရပ်သားများကို သတ်ဖြတ် နှိပ်စက်ဟု ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင်အဖွဲ့ ပြောဆို

တပ်မတော်နှင့် RCSS တိုက်ပွဲကြောင့် ရှမ်းပြည်သူ ၆ဝဝကျော််ထွက်ပြေးရပြီး တပ်မတော်က အရပ်သားများကို သတ်ဖြတ် နှိပ်စက်ဟု ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင်အဖွဲ့ ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်၊ မြစ်ငယ်မြစ် (နမ္မတူ) အထက်ရဲရွာ ရေကာတာဆောက်လုပ်ရေး စီမံကိန်းအနီး ဇွန်လ ၂၄ရက်နေ့က RCSS/SSA (ရှမ်းပြည်တပ်မတော်)နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားသည့်ဖြစ်စဉ်ကြာင့် ဒေသခံ ၆ဝဝကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်နေရပြီး တပ်မတော်က ကျေးရွာသားများကို သတ်ဖြတ် နှိပ်စက်မှုများကျူးလွန်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းရွက်လွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က “ အထက်ရဲရွာ ရေကာတာဆောက်လုပ်ရေးစီမံကိန်း အနီး RCSS/SSA ရှမ်းပြည်တပ်မတော်အား စစ်ဆင်တိုက်ခိုက် ရာတွင် အစိုးရတပ်သားများက မတရားသတ်ဖြတ် ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်” ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၉ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် တပ်မတော်အပေါ် စွပ်စွဲပြောဆိုထားခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ဇွန်လ ၂၉ရက်နေ့က ရွာသားတစ်ဦးကို ပစ်သတ်လိုက်တဲ့ကိစ္စ ရိုက်နှိက်တဲ့ကိစ္စ အဲတွေက တိုက်ပွဲထဲမှာ ပစ်တာမဟုတ်ဘဲနဲ့ တမင်သက်သက်ရွာထဲဝင်ပြီးတော့ ပစ်သတ်လိုက်တဲ့ ကိစ္စမို့လို့ ကျွန်တော်တို့ထုတ်ပြန်ရခြင်းဖြစ်တယ်။ ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကိစ္စတွေ နောက်တစ်ခုက ဒီကိုဗစ်ကာလအတွင်းမှာ ဒီလို ဆိုးသွမ်းတဲ့လုပ်ရပ်တွေရှိနေတယ်ဆိုတာ ကမ္ဘာကသိအောင် ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု ကိုစိုင်းရွက်လွင်ကပြောဆိုသည်။

အထက်ရဲရွာ မြစ်ငယ်မြစ် (နမ္မတူ) ရေကာတာဆောက်လုပ်ရေး စီမံကိန်း ၏ မြောက်ဖက် ၁ဝ ကီလိုမီတာခန့် အကွာအဝေးရှိ ဟဲကွီကျေးရွာတွင် ဇွန်လ ၂၄ ရက်နေ့က RCSS/SSA ဆက်ဆံရေးရုံးက တပ်မတော်အား ကမ္ဘာ့ မူးယစ်ဆန့်ကျင်ရေးနေ့ ကျင်းပခွင့်ပေးရန် အကြောင်းကြားခဲ့သော်လည်း တပ်မတော်က ရေကာတာဆောက်လုပ်ရေးတွင် လုံခြုံရေးတာဝန်ယူထားသည့် တပ်မ (၁၀၁) လက်အောက်ခံ ခမရ (၂၅၆) တပ်သားများစေလွှတ်ပြီး အခမ်းအနား မကျင်းပနိုင်စေရန် အနှောင့်အယှက်ပေးခဲ့ပြီး နှစ်ဖက်တပ်များ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

တပ်မတော်က ခလရ-၂၂ ၊ ခလရ- ၂၃၊ ခလရ-၁ဝ၁နှင့် ခလရ-၁၄၇ တို့ ပါဝင်သည့်စစ်ကြောင်းအကူများ စေလွှတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်က ရွာများကိုဝိုင်းရံကာ RCSS/SSA တပ်သားများကို ရှာဖွေခဲ့သဖြင့် ရွာသူရွာသားများ ကြောက်လှန့်ကာ ထွက်ပြေးတိမ်း‌ရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တပ်မတော် စစ်ကြောင်းများသည် ပန်ကျန်ကျေးရွာ အရောက်တွင် သက်ကြီးရွယ်အို လင်မယား မူလတန်းကျောင်းအတွင်းသို့ ပြေးဝင်သွားသည်ကို တွေ့မြင်လိုက်ပြီး စစ်သားများက ကျောင်းထဲသို့လိုက်လံဝင် သွားပြီး အသက် ၅၈ နှစ် အရွယ် ဦးလုံးစုကို အနီးကပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပန်ကျန်ရွာနေ အဖွားအိုတဦးသည်လည်း တိမ်းရှောင်ရန် အိမ်ထဲသို့ပြေးအဝင် ဗုံးဆံထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ အသက် ၅၆နှစ်အရွယ် လယ်သမားတယောက်ကိုလည်း ပေါ်တာထမ်းစေခိုင်းပြီး RCSS တပ်ဖွဲ့ဝင်များ ရှိလာဟုမေးမြန်း၍ သတိမေ့အောင် ရိုက်နှက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ နှစ်ဖက်တိုက်ပွဲတွေကြောင့် လူဦးရေ ၆ဝဝ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ အများစုက သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးတွေ အများကြီးပါဝင်နေတယ်။ အခုသူတို့က ပတ်ဝန်းကျင် ကျေးရွာတွေမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊ ဇရပ်တွေမှာ ခိုလှုံနေရတယ်။ နေရာထိုင်ခင်း လုံလောက်မှုမရှိတဲ့အတွက် မိသားစုတစ်စုနဲ့တစ်စု နီးနီးကပ်ကပ် နေထိုင်ကြရတဲ့အတွက် social distancing လို့ခေါ်တဲ့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွါခွါနေဖို့တဲ့ ကိုဗစ်-19 ရောဂါတားဆီးရေး စည်းမျဉ်းတွေကို လိုက်နာရန်မလွယ်ကူဘူး” ဟု ကိုစိုင်းရွက်လွင်ကပြောဆိုသည်။

တပ်မတော်၏ လုပ်ရပ်များနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်အဖွဲ့က ပြင်းထန်စွာရှုတ်ချကြောင်း၊ တပ်မတော်အနေဖြင့် သဘာဝသယံဇာတများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ယူ/ စုပ်ယူ ရန် နှင့် ပဋိပက္ခဇုန်အတွင်းရှိ စီမံကိန်းယန္တရားကြီးများကို အလေးထားလုံခြုံမှုပေးနေကြောင်၊စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုများ အားလုံး ရပ်ဆိုင်းရန်တောင်းဆိုကြောင်း၊ စစ်မှန်သည့်ငြိမ်းချမ်း‌ရေး နှင့် ဖက်ဒရယ်မူ အခြေခံဖွဲ့စည်းပုံနှင့်အညီ အာဏာခွဲဝေကာ ဒေသခံပြည်သူများအား ၎င်းတို့မြေယာ၊ သယံဇာတများကို ကိုယ်တိုင်စီမံခန့်ခွဲ ကာကွယ်ခွင့်ပေးရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အထက်ရဲရွာရေကာတာတည်နေရာကို လုံခြုံရေးယူသော တပ်မတော်၏ လုပ်ရပ်များနှင့် မပတ်သက်ရန်နှင့် နိုင်ငံခြား ကုမ္ပဏီများကို ထို ရေအားလျှပ်စစ် ရေကာတာတည်ဆောင်ရေးစီမံကိန်းမှ ထွက်ခွာသွားရန်တောင်းဆိုကြောင်း၊ ထိုပြစ်မှုတွင် ပါဝင်သောနိုင်ငံခြား ကုမ္ပဏီ များမှာဆွစ်ဇာလန်နိုင်ငံမှ Stucky SA, ပြင်သစ်နိုင်ငံမှ IPGRB, တရုတ်နိုင်ငံမှ Yunnan Machinery Import and Export Co. Ltd., နှင့် Zhejiang Orient Engineering, နှင့် ဂျပန်နိုင်ငံမှ Toshiba နှင့် High Tech Concrete Technology Co Ltd. တို့ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း ကျောက်မဲမြို့နယ်တွင် ပန်ကျန်ကျေးရွာနေ ဦးလုံးစုသေဆုံးမှုနှင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟဲကွီကျေးရွာနေ ဒေသခံပြည်သူ ၂၂၀၀ကျော်ခန့်က ကျောက်မဲမြို့အတွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ထိုဆန္ဒပြသူများထဲက ၃ဦးကို အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်မတော်၏ သဘောထားမှတ်ချက်ရယူရန်အတွက် ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts